CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆

ရွေးကောက်ပွဲ အပိုင်းအားလုံး၏ မဲရလဒ်များအရ အစိုးရဖွဲ့ပြီးနောက် လွှတ်တော်၌ အမတ်များမှ တင်သွင်းသည့် အဆိုများအား အဆုံးအဖြတ် ပေးနိုင်မှုသည် တပ်မတော်နှင့် USDP ပါတီတွင် ရှိသွားပြီ ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ရလဒ်များအရ တပ်မတော်နှင့် USDP ပါတီသည် လွှတ်တော် နေရာအများစုကို ရရှိထားပြီဖြစ်၍ အထမြောက်သည့် လွှတ်တော်ကို ကျင်းပနိုင် သော အနေအထားသို့ ရောက်နေပြီဖြစ်သည်။

ထို့ကြောင့် အစိုးရတစ်ရပ်ကိုလည်း USDP ပါတီအနေဖြင့် လွတ်လပ်စွာ တစ်ပါတီတည်းက သီးသန့်ဖွဲ့နိုင် သည့်  အနေအထားမှာရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီတော့ ဘယ်လို အခင်းအကျင်းနဲ့ သွားမှာလဲ။ တစ်ပါတီကပဲ အစိုးရဖွဲ့ပြီးမှ ဒုတိယအကြိမ် အသွင် ကူးပြောင်းမှု အစိုးရ တစ်နည်းအားဖြင့် လက်ရှိ ၅ နှစ်တာကာလကို တာဝန်ယူ၊ တာဝန်ခံပေးမယ့် အစိုးရတစ်ရပ်အဖြစ် ပုံပေါ်အောင် အနာဂတ် နိုင်ငံတော်ကို တည်ဆောက်ဖို့ သွားမှာလား။ အဲဒီလိုဆိုရင် တစ်ပါတီတည်းနဲ့ ဒီအခင်းအကျင်းပေါ့ လာမယ့် ၅ နှစ်တာ အခင်းအကျင်း။ အမျိုးသားညီညွတ်ရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဆောင်ရွက်နိုင်မယ်လို့ ယူဆသလားပေါ့။ အဲဒီလို ဆောင်ရွက်နိုင် တဲ့ အခင်းအကျင်း၊ အနေအထား ရှိသလားပေါ့။ ရှိရင်တော့ သွားမှာပေါ့။ မရှိဘူး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အားလုံး  ပူးပေါင်းပါဝင်မှ လိုအပ်မယ်ဆိုရင် အဲဒီလိုမျိုး ခိုင်ခိုင်မာမာ သုံးသပ်ကြ မယ်ဆိုရင်တော့ အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေဘက်က ပြောတာပါ။ အဲဒီလိုဆိုရင် လာမယ့်ကာလမှာ လွှတ်တော်သည် အောက်လွှတ်တော်၊ အထက်လွှတ်တော်သည် ခိုင်ခိုင်မာမာနဲ့ အဆိုတစ်ရပ်ကို အောင် အောင်မြင်မြင် ဆုံးဖြတ်နိုင်တဲ့ အနေအထား ပြည်ခိုင်ဖြိုးနဲ့ မြန်မာ့တပ်မတော်မှာ ရှိသွားပြီ” ဟု ပြော သည်။

ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို တွေ့ရစဉ်

အစိုးရတစ်ရပ် ဖွဲ့စည်းရန်အတွက် ပါတီတစ်ခုသည် ပြည်ထောင်စုလွှတ်တော် ၅၈၈ နေရာတွင် ၅၀ ရာခိုင်နှုန်း (၂၉၄ နေရာ) ရရှိရန် လိုအပ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ နောက်ဆုံးပိုင်း မဲရလဒ်များ မသိရသေးခင်အထိ USDP ပါတီသည် ရွေးကောက်ပွဲ အပိုင်း ၂ ပိုင်းတွင် ၁၉၄ နေရာရထားကြောင်း သိရသည်။

ထို့ပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဖြစ်သည့် အမတ် ၁၆၆ နေရာနှင့် ပေါင်း လိုက်ပါက USDP ပါတီသည် လက်ရှိတွင် လွှတ်တော် ကိုယ်စားလှယ်နေရာ ၃၆၀ ကို ရရှိထားပြီး အစိုးရ ဖွဲ့ရန် လိုအပ်သော အများစု ၂၉၄ နေရာထက် ကျော်လွန်နေပြီလည်း ဖြစ်သည်။

၂၀၁၀ ခုနှစ် ဦးသိန်းစိန် လက်ထက်က အသွင်ကူးပြောင်းမှုသည် ယခုလက်ရှိကဲ့သို့ လက်နက်ကိုင် ပဋိပက္ခမရှိဘဲ ဘက်ပေါင်းစုံတွင် ဖြေလျှော့မှုများ ပြုလုပ်ခဲ့ကာ NCA စာချုပ်ကိုလည်း ဆောင်ရွက်နိုင်ခဲ့ သည်။

သို့သော် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်နှင့်ကွာခြားကာ ပါတီတစ်ခု တည်းမှ လွှမ်းမိုးသည့် အခင်းအကျင်းသည် အစိုးရနှင့် လွှတ်တော်ကြားတွင် အပြန်အလှန် စစ်ဆေး ထိန်းကျောင်းမှု အားနည်းသွားစေကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို တွေ့ရစဉ်

၎င်းက “အခု အခြေအနေကတော့ ၂၀၁၀ နဲ့ မတူတာက ပဋိပက္ခအရှိန် မြင့်တဲ့အခါကြတော့ ဦးစားပေး အစီအစဉ်က ၂၀၁၀ နဲ့ ကွာသွားလိမ့်မယ်လို့ ကျနော်မြင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဒီကာလမှာ တော့ ငြိမ်းချမ်းရေးကို ဦးစားပေးပြီးတော့ ဆောင်ရွက်ဖို့လိုတယ်။ တစ်ဖက်က ကျနော်တို့ တွေ့ဆုံ ဆွေး နွေး ညှိနှိုင်းတာတွေ၊ ဖြေရှင်းတဲ့ ကိစ္စတွေကို အားသွန်ခွန်စိုက် ဆောင်ရွက်မယ့် လွှတ်တော်၊ ဆောင်ရွက် မယ့် အစိုးရမျိုး ကျနော်ကတော့ ဖြစ်စေချင်တယ်။ ဒါကတော့ ကျနော်တို့ ရင်ထဲက ဆန္ဒပါ။ သို့သော် အခု ကတော့ ရွေးကောက်ပွဲ ရလဒ်အပေါ်မှာ မူတည်ပြီးတော့ ဘယ်လို ပေါ်ပေါက်လာမလဲ ဆိုတာကိုပဲ စောင့် ကြည့်ရမယ့် သဘော ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပါတီတစ်ခုတည်းက လွှမ်းမိုးတဲ့ အခင်းအကျင်း ဟာ အစိုးရနဲ့ လွှတ်တော်ကြားမှာ အပြန်အလှန် စစ်ဆေး ထိန်းကျောင်းမှုကို အားနည်းသွားတာ အမှန်ပါ ပဲ” ဟု ပြောသည်။

လက်ရှိတွင် လွှတ်တော်နေရာ အများစု အနိုင်ရရှိထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် မြန်မာ့တပ်မတော်တို့ကြား ရွေးကောက်ပွဲပြီးနောက် အစိုးရအဖွဲ့အား ဘယ်လိုဖွဲ့စည်းမလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

သို့သော် ထွက်လာသည့် မဲရလဒ် အခြေအနေများအရ တက်လာမည့် အစိုးရသစ်သည် တပ်မတော် ကိုယ်တိုင် ကြီးစိုးဦးစီးသည့် အစိုးရ ဖြစ်နေဦးမည်ဟုလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ် ထားကြသည်။