CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအနိုင်ရသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)က ‌ရွေးကောက်ပွဲ အလွန် အစိုးရဖွဲ့သည့်အခါ အမျိုးသားညီညွတ်ရေးအစိုးရ ပုံသဏ္ဍာန်မျိုး ဖွဲ့လာနိုင်ခြေ ရှိသလား ဆိုသည့်အပေါ် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာစောင့်ကြည့်သူများအကြား သုံးသပ်မှုများ ရှိနေကြသည်။

USDP ပါတီ၏ ရည်မှန်းချက်၊ မူဝါဒ၊ ကြွေးကြော်ချက်၊ ရွေးကောက်ပွဲကာလ ဖြတ်သန်းမှု အနေအထားများကို ပြန်လည် သုံးသပ်လျှင် ၎င်းတို့ ပါတီတစ်ခုတည်းကသာ အစိုးရဖွဲ့မည့်ပုံစံမျိုး မပေါ်လွင်ကြောင်း၊ အနာဂတ် နိုင်ငံတော် ပုံဖော်နိုင်မည့် ပုဂ္ဂိုလ်များနှင့် လက်တွဲပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပုံသဏ္ဍာန် ပုံဖော်လာနိုင်ခြေ ရှိသည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရွေး‌ကောက်ပွဲကာလ ဖြတ်သန်းမှု အားလုံးကို ပြန်ကြည့်ရင် သူတို့ရဲ့ ကြွေးကြော်ချက်ပေါ့၊ ခိုင်ခိုင်မာမာ ပြည်မြန်မာကို တည်ဆောက်ဖို့ ပြည်ခိုင်ဖြိုးပါတီသည် ခုနကပြောတဲ့ ပါတီရဲ့ founder တွေ ပါတီကို ခုထိ‌ မောင်း နှင်နေကြတဲ့ ဦးဆောင်ဦးရွက်ပြုကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ ရည်မှန်းချက်၊ နိုင်ငံတော်ကို ခိုင်ခိုင်မာမာ ပိုမို ခိုင်ခိုင်မာမာ ဖြစ်အောင် တည်ဆောက်မယ်ဆိုတဲ့ ရွေးကောက်ပွဲ ကြေညာချက်ပေါ့။ သူတို့ဘက်ကသွားတာ ခိုင်ခိုင်မာမာ ဖြစ် အောင် ငါတို့ ပါတီတစ်ခုတည်းနဲ့ သွားမယ်ဆိုတဲ့  ရည်မှန်းချက် ရှိလား မရှိဘူးလား သုံးသပ်ပေါ့။ လက်ရှိအစိုးရ၏ ကျင်းပပေးတဲ့ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲအလွန် အစိုးရသည်လည်းပဲ (over lapping) ဖြစ်ဖို့ လိုတာပေါ့။ ဒီအစိုးရနဲ့ နောက်အစိုးရ ပိုမိုခိုင်မာ ပြည်မြန်မာလို့ ကြွေးကြော်တဲ့ အနေအထား အားလုံးကို ပြန်ကြည့်ရင် ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းက အစိုးရဖွဲ့မယ့် ပုံမပေါက်ဘူး။ လက်ရှိကာလနဲ့ ပတ်သက်တဲ့ အရည်အသွေး၊ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ နိုင်ငံတော်ကို ဉီးဆောင်‌နေတဲ့ ပုဂ္ဂိုလ်တွေ၊ အနာဂတ် နိုင်ငံတော်အတွက် ပုံဖော် ပေးနေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေ လက်တွဲပြီးမှ အနာဂတ်နိုင်ငံတော်ကို ခိုင်ခိုင်မာမာဖြစ်အောင် တည်ဆောက်မယ် ဆိုတဲ့ပုံစံ သွားနေတဲ့ အခါကျတော့ ပြည်ခိုင်ဖြိုးပါတီသည် သူ့ချည်း အစိုးရဖွဲ့ခွင့်၊ ဖွဲ့လို့ရပေမယ့်လို့လည်း ကျယ် ကျယ်ပြန့်ပြန့် အနာဂတ် နိုင်ငံတော်သစ်အတွက် မျှော်မှန်းထားပြီးဆိုတဲ့မူ ရပြီးသားလို့ တွေးကြည့်ရင် ခုနကပြော တဲ့ အစိုးရသည် ပုံဖော်လာနိုင်ခြေ ရှိတာပေါ့။ အဲဒီလိုဆိုရင် တစ်ပါတီတည်းက အစိုးရဖွဲ့ဖို့ နည်းသွားတာပေါ့။ အဲ့ဒါကြောင့် အမျိုးသားညီညွတ်ရေးနဲ့ အမျိုးသားရင်ကြားစေ့မှုကို ဦးဆောင်နိုင်မယ့် အစိုးရတစ်ရပ် ပေါ်ထွန်း လာနိုင်ခြေ များတာပေါ့” ဟု ပြောသည်။

ဦးကိုကိုကြီးနဲ့ နိုင်ငံရေးပါတီတွေကို တွေ့ရစဉ်

လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများနှင့် နိုင်ငံ‌ရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် တက်လာမည့် အစိုးရသစ် တစ်ရပ်သည် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ရန် လိုအပ်သည်ဟု ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့ သည်။ 

၎င်းက “၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ကျနော် ပထမဆုံး တင်ပြတဲ့ ပြောဆိုတဲ့ထဲမှာ ပါပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းပါဆိုတာ ၂၀၂၀ မတိုင်ခင်မှာကတည်းက ကျနော် ပြောပါတယ်။ အခု ဟိုဘက်မှာဖွဲ့နေတဲ့ NUG တို့ ဘာတို့ဆိုတာ ဘာမှ စိတ်ကူးစိတ်သန်းတောင် မရှိသေးဘူး။ အဲဒီမှာထဲက ကျနော် ပြောတာ နိုင်ငံက ပဋိပက္ခ အင်မတန်များတဲ့နိုင်ငံ၊ အဲဒါကြောင့်မို့လို့ နိုင်သူအကုန်ယူ ဆိုပြီးတော့ လုပ်တဲ့ပုံစံထက် စာရင် နိုင်ငံရဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့်အစိုးရ စုဖွဲ့မှုမျိုးလုပ်ပါ။ ဒါညွန့်ပေါင်းနဲ့မတူဘူး။ အဲဒီအချိန်တုန်းက ကျနော့်ကို ညွန့်ပေါင်း မလိုချင်ဘူးဆိုပြီးတော့ ဝေဖန်တိုက်ခိုက်တာတွေ အများကြီးကြုံရတယ်။ ညွန့်ပေါင်းဆိုတာ က တစ်ပါတီထဲ အစိုးရမဖွဲ့နိုင်လို့ ပါတီငယ်တွေနဲ့ပေါင်းတာ။ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာက ကိုယ့်ဖာသာကိုယ် အစိုးရဖွဲ့နိုင်ရင်တောင်မှ ပါသင့်ပါထိုက်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အခြားအခြား ဒီမိုကရေစီ အင်အားစုတွေကို စုဖွဲ့ပြီးတော့ ဖွဲ့စည်းတဲ့ အစိုးရက။ အမျိုးသားညီညွတ်ရေးအစိုးရ လိုအပ်ပါတယ်လို့ ပြောတာ ဟာ လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကတည်းက ပြောခဲ့တာ။ အခုလည်းပဲ လိုအပ်နေဆဲပဲ။ အဲ့ဒါဟာ ကျနော်တို့က မဲနိုင်တာ များလို့နည်းလို့ ပြောနေတာ မဟုတ်ဘူး။ ဒီလောက် ပဋိပက္ခများတဲ့အချိန်မှာ ဦးဆောင်မယ့် သူတွေရဲ့ သဘော ထားကြီးမှု၊ ဦးနှောက်ကြီးမှု၊ နှလုံးသားကြီးမှု သိပ်အရေးကြီးတယ်။အဲဒီလို မဟုတ်ပဲနဲ့ စိတ်ခံစားမှုကို လှုံဆော်တဲ့ ပြင်းထန်တဲ့အချိန်မှာ အဲ့ဒီအတိုင်းသာ ဟိုဘက်အစွန်း ဒီဘက်အစွန်းမှာ နေကြမယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ ပြန်‌ကောင်းလာစရာ အကြောင်းမရှိဘူး။ ဒါကြောင့်မို့လို့ အခုလည်းပဲ အမျိုးသားညီညွတ်ရေးအစိုးရ ပုံစံမျိုး လိုအပ် တယ်လို့ ကျနော်ကတော့ ထပ်ပြီးတော့ အလေးအနက် ပြောချင်တယ်” ဟု ပြောသည်။  

အနိုင်ရပါတီ USDP အနေဖြင့် မည်သည့် အစိုးရပုံစံမျိုး ပုံဖော်ကြမလဲဆိုသည်ကို စိတ်ကြိုက်ဖန်တီး၍ ရနိုင်သည့် အတွက် ၎င်းတို့အပေါ်မှာသာ မူတည်ကြောင်း၊ ရွေးကောက်ခံ အစိုးရသစ်တစ်ရပ် ပေါ်လာသည့်အတွက် မိမိတို့၏ အနိမ့်ဆုံး မျှော်မှန်းချက်တစ်ခုတော့ ပြည့်မှီသွားသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံကြစဉ် 

၎င်းက “USDP နဲ့တပ်နဲ့ နှစ်ခု အဓိက ဖွဲ့ပြီးတော့ အစိုးရပဲ ဖြစ်လာမှာပေါ့။ ဒါကလွဲလို့ ကျန်တဲ့ဟာလည်း ဖြစ်စရာ အကြောင်း မရှိတော့ဘူးပေါ့။ ကျန်တာကတော့ ဦးကိုကိုကြီးပြောတဲ့ အမျိုးသားညီညွတ်ရေး အစိုးရကတော့ သူတို့ လုပ်ချင်ရင် ဖြစ်မှာပေါ့။ မလုပ်ချင်ရင် မဖြစ်ဘူးပေါ့။ ဒီအပေါ်မှာတော့  အနိုင်ရရှိသွားတဲ့ ပါတီအနေနဲ့ ဘယ်လို စဉ်းစားသလဲ အပေါ်မှာ မူတည်တာပေါ့။ ဒီအတွက်ကတော့ အများကြီး ပြောစရာမရှိပါဘူး။ စိတ်ကြိုက် ဖန်တီးလို့ ရတဲ့ အနေအထား ဖြစ်တဲ့ခါကျတော့ သူတို့စိတ်ကြိုက် အတိုင်းပဲ ဖန်တီးမှာပေါ့လေ။ ဘယ်ဟာက အကောင်းဆုံး ဖြစ်မလဲ သူတို့စဥ်းစားတဲ့ အတိုင်းပဲ လုပ်မှာပေါ့။ ဒီတစ်ခေါက်ဟာကတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ အနိမ့်ဆုံး မျှော်မှန်းချက်ဖြစ်သော လွှတ်တော် ပြန်ပေါ်လာမယ်။ အစိုးရတစ်ရပ် ရွေးကောက်ခံ အစိုးရတစ်ရပ် ဖြစ်သွားမယ် ဆိုတာ ဒါ အနိမ့်ဆုံး မျှော်မှန်းချက်တော့ ပြည့်မှီသွားတယ်ပေါ့လေ။ ဒီလောက်နဲ့ပဲ ကျနော်တို့ ကျေနပ်ရမှာပေါ့လေ လက်ရှိရထားတဲ့ အခင်းအကျင်းထဲကနေပဲ check and balance ကို တကယ်ထိထိမိမိ ရသလောက်လေးနဲ့ ဘယ် လောက် check and balance ဖြစ်အောင် လုပ်နိုင်မလဲဆိုတာကတော့ ဝိုင်းဝန်းကြိုးစားကြရမှာပေါ့” ဟု ပြော သည်။  

လက်ရှိ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှ စတင်ကာ အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲကို ပြည်ထောင်စုအဆင့်ပါတီ ၆ ပါတီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း ပြိုင်တဲ့ပါတီ ၅၁ ပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ် ၄၈၆၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

ထို့နောက် မတ်လတွင် လွှတ်တော်ခေါ်၍ ဧပြီလ၌ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရ ရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် အစိုးရတစ်ရပ် ဖွဲ့စည်းရန်အတွက် ပါတီတစ်ခုသည် ပြည်ထောင်စုလွှတ်တော် ၅၈၈ နေရာတွင် ၅၀ ရာခိုင်နှုန်း (၂၉၄ နေရာ) ရရှိရန် လိုအပ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ နောက်ဆုံးပိုင်း မဲရလဒ်များ မသိရသေးခင်အထိ USDP ပါတီသည် ရွေးကောက်ပွဲ အပိုင်း ၂ ပိုင်းတွင် ၁၉၄ နေရာ ရထားကြောင်း သိရသည်။

ထို့ကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဖြစ်သည့် အမတ် ၁၆၆ နေရာနှင့် ပေါင်း လိုက်ပါက USDP ပါတီသည် လက်ရှိတွင် လွှတ်တော် ကိုယ်စားလှယ်နေရာ ၃၆၀ ကို ရရှိထားပြီး အစိုးရ ဖွဲ့ရန် လိုအပ်သော အများစု ၂၉၄ နေရာထက် ကျော်လွန်နေပြီလည်း ဖြစ်သည်။