CNI News

၂၀၂၅ ခုနစ်၊ ဒီဇင်ဘာ ၂၉

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၆၁ အရ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက်ခန့်အပ်ခွင့်ရှိသည့် အခြေအနေအား ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘယ်လိုဖြေလျှော့သင့်လဲဆိုသည့်အပေါ် နိုင်ငံရေးပါတီများက ထောက်ပြကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အား သမ္မတကခန့်ပြီး လွှတ်တော်က အတည်ပြုမည်ဆိုလျှင် ထိုအခြေအ နေသည် ဗဟိုချုပ်ကိုင်မှုဟု မွန်ညီညွတ်ရေးပါတီ(MUP)မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြောတော့ ပြောထားတာပဲလေ ပြင်ဖို့တော့ဒါ။ ဒါပေမယ့် ပြင်တာက လွှတ်တော်ထဲမှာရောက်မှ အဲ့ဒါက ပြင်လို့ရမယ်လေ။ တကယ့် လက်တွေ့ကြတော့ လွှတ်တော်ထဲမှာ အဆိုတင်သွင်းတာတို့၊ ပြင်ဆင်တဲ့ Process အတိုင်းတော့ သူသွားမှ ပြင်လို့ရမယ်။ သမ္မတအဆင့် တိုက်ရိုက် ခန့်ရတာက သူက တကယ့် ဟိုချုပ်ကိုင်မှု များ သွားတာပေါ့။ တကယ်လို့များ ဝန်ကြီးချုပ်တွေကိုပြင်မယ် လွှတ်တော်ကနေပြီးတော့ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ဒါက ဒီဖက်ဒရယ်နဲ့ ပိုနီးစပ်တယ်ပေါ့။ တကယ့်လို့ သမ္မတကပဲ ခန့်ပြီးတော့ လွှတ်တော်ကပဲ အတည်ပြုမယ်ဆို လို့ရှိရင် ဒါကတော့ ချုပ်ကိုင်မှုပေါ့နော်။ ဒီဖက်ဒရယ်လစ်ဇင်က ပိုများလာတာပေါ့။ အဲ့ဒါက အာဏာရတဲ့ သမ္မတ ကြီးရဲ့ မူဝါဒပေါ်မှာ မူတည်တယ်။ ၂၆၁၊ ၂၆၂ ရဲ့သူက သမ္မတကြီးက သူရွေးမယ်၊ သူခန့်အပ်လိုက်မယ်၊ နောက် လွှတ်တော်က အတည်ပြုပေးမယ်ပေါ့။ တကယ်လို့ သမ္မတကြီးက သဘောထား ပြေလည်လို့ ခင်ဗျားတို့ လွှတ် တော်က ခင်ဗျားတို့ဟာ ရွေးပြီးတော့ ကျနော် ခန့်အပ်ပေးမယ်။ ဒါပေမယ့် သမ္မတကြီးရဲ့ ခွင့်ပြုချက်ပဲ သူခွင့်ပြု မလား မခွင့်ပြုဘူးလား အဲ့တာပေါ်မှာ မူတည်တာပေါ့။ ဟိုလွှတ်တော်ထဲမှာ ဘယ်လိုပြင်ဆင်မလဲ ဘယ်လိုပေးနိုင် မလဲ။ နောက်ပြီးတော့ ဒီတိုင်း သမ္မတကြီးက ပေးလိုက်မယ် ဆိုလို့ရှိရင်လည်း ဒါအခက်အခဲတော့ ရှိမယ်ပေါ့”ဟု ပြောသည်။

NSPNC ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက် ခန့်အပ်ခွင့်ရှိသော ပုဒ်မ ၂၆၁ အား တိုင်းရင်းသား လူမျိုးစု ပါတီများနှင့် နိုင်ငံရေးသမားများက ပြင်ဆင်ရန် ထောက်ပြလျက်ရှိသည်။

ထို့ကြောင့် USDP ဦးဆောင်သည့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် NLD ပါတီက ပုဒ်မ ၂၆၁ ပြင်ဆင်ရန် သဘောတူ ဆွေးနွေးခဲ့ပြီး တပ်မတော်နှင့် USDP ပါတီက ကန့်ကွက်ခဲ့သည်။

ထို့နောက်  NLD ဦးဆောင်သည့် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင် USDP နှင့် တပ်မတော်က ပုဒ်မ ၂၆၁ ပြင်ဆင်ရန် သဘောတူ ဆွေးနွေးခဲ့ပြီး NLD က ကန့်ကွက်ခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်အား နိုင်ငံတော်သမ္မတက တိုက်ရိုက်ရွေးပြီး ခန့်အပ်ခြင်းက ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆန်သည်ဟု ပြောရန်ခက်ခဲကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဖက်ဒရယ်ဆိုတာကတော့ လွတ်လပ်မှုနဲ့ ဆိုင်တာပေါ့။ ကိုယ်ပိုင်အုပ်ချုပ် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ပေါ့။ ကိုယ့်ပြည်နယ်လူထုရဲ့ ရွေးကောက်ခံတဲ့ ကိုယ်စားလှယ်တွေ အများစုက တင်မြှောက်တဲ့ ပုဂ္ဂိုလ်ကို ပြည်နယ် တစ်ခု ဒေသတစ်ခုရဲ့ ဝန်ကြီးချုပ် ဆိုတာမျိုးက ဒီမိုကရေစီ ကျင့်စဥ်အရတော့ လက်ခံကြမှာ။ အဲ့ဒီ ဝန်ကြီးချုပ် ဆိုတဲ့ ဥစ္စာကို လူထုက တိုက်ရိုက်မြှောက်တာ မဟုတ်ရင်တောင်မှ လူထုတင်မြှောက်တဲ့ ကိုယ်စားလှယ် တွေက ရွေးပေးတယ်ပေါ့ဗျာ။ အဲ့ဒီပုဂ္ဂိုလ်ကို အမြင့်ဆုံးပုဂ္ဂိုလ်က အတည်ပြုတာတို့ သဘောတူတာတို့ပေါ့ဗျာ။ ဒုတိယတဆင့် လုပ်တာက ပိုပြီးတော့ ဖက်ဒရယ်ဆန်တာပေါ့။ ပြည်နယ်တစ်ခုရဲ့ လူထုက တိုက်ရိုက် မဲပေးပိုင်ခွင့် ပေးပြီးမှ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဝန်ကြီးချုပ် ရွေးတာကိုတော့ အမှန်ဆုံး။ တိုက်ရိုက် ဒီမိုကရေစီပေါ့ဗျာ။ အဲ့ဒီ လို မလုပ်နိုင်ရင် ခုနက လွှတ်တော်တွေပေါ့၊ အဲ့ဒီလွှတ်တော်တွေကနေ လွှတ်တော် ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်စားလှယ် အမတ်တွေက အတည်ပြုတဲ့ ပုဂ္ဂိုလ်ကို နိုင်ငံတော်သမ္မတကြီးက အတည်ပြု ပေးတာကတော့ ပိုပြီးတော့ ဖက်ဒရယ်ဆန်တာပေါ့။ သမ္မတကြီးက တိုက်ရိုက်ရွေးပြီး ခန့်တာမျိုးကျရင်တော့ ဒီမိုကရေစီဆန်တယ် ဖက်ဒရယ်ဆန်တယ် ပြောဖို့ခက်တာပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိပြီး ဝန်ကြီးချုပ် ၁၄ ဦးကို သမ္မတက တိုက်ရိုက် ရွေးချယ် ခန့်အပ်ခွင့်ရှိကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ၌ ပြဋ္ဌာန်းထားသည်။

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကို တွေ့ရစဉ်

ထိုပြဋ္ဌာန်းချက်သည် တိုင်းရင်းသားလူမျိုးစု ပါတီများနှင့် လူမျိုးစုများ လိုချင်သည့် သက်ဆိုင်ရာ ဒေသတွင် မဲအများဆုံး အနိုင်ရသည့် ပါတီမှ ဝန်ကြီးချုပ် ခန့်အပ်ခွင့်ရှိသော အခြေအနေဖြင့် ဆန့်ကျင်နေသလို တန်းတူ ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုလည်း အာမခံချက် မရှိဘဲဖြစ်နေသည်။

ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဆွေးနွေးမှုသည် လျှို့ဝှက်ဖြစ်၍ ထုတ်ပြောရန် မရှိကြောင်း၊ လွှတ်တော်ပေါ်ပေါက်လာမှ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဥ်များ စတင်၍ ရမည်ဖြစ်ပြီး သမ္မတက မည်သို့ စဥ်းစား ဆုံးဖြတ်မလဲဆိုသည့် အပေါ်တွင် မူတည်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “အဲဒါတွေကလေ တချို့ဟာတွေက ကျနော်တို့က ယေဘူယျပဲ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ သဘောတူထားတဲ့ အချက်တွေက လျှို့ဝှက်ပေါ့နော်။ လုပ်ထားတာဆိုတော့ အသေးစိတ်ကိုတော့ ကျနော်တို့ ထုတ်ပြောလို့ မရဘူးပေါ့နော်။ အဲ့ဒါကတော့ လွှတ်တော် ပေါ်ပေါက်လာပြီးမှ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဥ် တွေ စလို့ရမှာ အခုလောလောဆယ်မှာကတော့ လက်ရှိ တည်ဆဲဥပဒေအတိုင်းပဲ ကျင့်သုံးမယ်လို့ပဲ မြင်တယ်။ ဘာလို့ဆို သမ္မတကပဲ ခန့်မှာပဲ အခုလောလောဆယ်မှာတော့။ သမ္မတက ဘယ်လိုစဥ်းစား ဆုံးဖြတ်မလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်”ဟု ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ခွင့် ပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး တပ်မတော် ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်‌မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီ များ အစုအဖွဲ့၏ အလုပ်အဖွဲ့များကြား တွေ့ဆုံ ဆွေးနွေးထားကြသည်။

သို့သော် တပ်မတော်သည် ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် သဘောတူ/မတူ ရှင်းရှင်းလင်းလင်း မသိရဘဲ နှစ်ဖက် စလုံးက လျှို့ဝှက်ထားကြသည်။ 

ပုဒ်မ ၂၆၁ ပြင်ဆင်ရေး တပ်မတော်ဘက်က သဘောတူသည်ဟု အာမခံချက် မပေးကြောင်း၊ ထို့ကြောင့် တပ်မတော် ကျင်းပပေးသည့် ရွေးကောက်ပွဲကနေ တဆင့် ပေါ်ပေါက်လာမည့် အစိုးရသစ်သည် ဖက်ဒရယ် ပြည်ထောင်စုကို တကယ် လိုလားပါက ပုဒ်မ ၂၆၁ ကို မပြင်ဆင်သည့်တိုင် ပြည်နယ်များတွင် ဝန်ကြီးချုပ်အား ခန့်အပ်ခွင့်ကို ဖြေလျှော့ပေးသင့်ကြောင်း တပ်မတော်နှင့်နိုင်ငံရေးပါတီများဖြင့် နီးစပ်သူများက ပြောသည်။