CNI news

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲပြီးနောက် သမ္မတရာထူးကိုလည်း ရယူပြီး တပ်မတော်ကိုလည်း အုပ်ချုပ်မည်ဆိုပါက မည်ကဲ့သို့ လုပ်ဆောင်၍ ရနိုင်သလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲပြီးနောက် သမ္မတအဖြစ် နိုင်ငံတော်ကို အုပ်ချုပ်မည် ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၎င်းသည် တပ်မတော်အခန်းကဏ္ဍမှ နှုတ်ထွက်ရမည် ဖြစ် သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၃ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း ဖြစ်လျှင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် နေ့မှစ၍ နှုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဟူ၍ ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ‌ဒေါ်အောင်ဆန်းစုကြည် လက်ထက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးအား ပုဒ်မ ၂၁၇ ကို အသုံးပြု၍ ရယူခဲ့သလိုမျိုး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့်လည်း အမည်နာမ တစ်ခုခု ရယူ၍ အစိုးရအဖွဲ့နှင့် တပ်မတော် နှစ်ခုစလုံးကို အုပ်ချုပ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်းက “အဲဒါကြောင့်မို့လို့ တကယ်တမ်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ နိုင်ငံတော်သမ္မတ ဖြစ်လာ လို့ရှိရင် တစ်အချက်ကတော့ သူက သမ္မတ၊ နှစ်အချက်ကလည်း သူက စစ်သေနာပတိချုပ်ပုံစံနဲ့ သွား မယ့်ပုံမျိုး။ ဒါကြောင့်မို့လို့ ဒါက တပ်ရဲ့အကြီးအကဲ ဆိုပေမယ့် သူ့ရဲ့ သူထိန်းကျောင်းနိုင်တဲ့ ပုဂ္ဂိုလ်ကိုပဲ တင်မှာပေါ့နော်။ စစ်သေနာပတိချုပ်လည်း သူပဲဖြစ်မယ်၊ သမ္မတလည်း သူပဲဖြစ်မယ်၊ သူက စစ်သေနာ ပတိချုပ်ဆိုရင် တပ်မှာ အမြင့်ဆုံးပဲလေ။ အမှန်တော့ ကာချုပ်ဆိုတာရှိတယ်။ ဒါပေမယ့် တို့နိုင်ငံက စစ်သေနာပတိချုပ် ပုံစံနဲ့ သွားတဲ့ပုံစံ မဟုတ်တော့ စစ်သေနာပတိချုပ် ဆိုတဲ့ဟာက နည်းနည်းလေး သိပ်ပြီးတော့မှ မထင်ရှားဘူးပေါ့။ ဒါပေမယ့် အခုသွားမယ့် ပုံစံကတော့ တကယ်တမ်းသူက သမ္မတ တက် ဖြစ်လာလို့ရှိရင် တပ်ရဲ့ အကြီးအကဲလည်း သူပဲဖြစ်နေမှာပဲ။ တက်လာတဲ့ ကာချုပ်ကလည်း နိုင်ငံတော် သမ္မတက တပ်မတော်ရဲ့ စစ်သေနာပတိချုပ်ဆိုတော့ သူ့ရဲ့ လက်အောက်မှာပဲရှိနေမယ့် အနေအထား ပေါ့” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၇ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော်သမ္မတ၌ တည်ရှိသည်။ ထိုစကား ရပ်ကြောင့် ပြည်ထောင်စု လွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်အား လည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ် တစ်ဦးဦးအား လည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရ။ 

ထို့ပြင် ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ် အားဖြစ်စေ၊ သက်ဆိုင်ရာအာဏာပိုင်ပုဂ္ဂိုလ် တစ်ဦးဦးအားဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ်ယူရဟူ၍ ဖြစ်သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ထိုပုဒ်မကို အသုံးပြု၍ ကစားမည်ဆိုပါက နောက်ကွယ်တွင်သာ နေရမည်ဖြစ်သည့်အတွက် အငြိမ်းစားပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် ကောင်စီ တစ်ခုကို ဖွဲ့စည်း၍ ကြီးကြပ်နိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော် ခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “အသွင်ကူးပြောင်းရေး ကာလကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်ခဲ့မယ်ဆိုရင် မြန်မာ့တပ်မ‌တော်ရဲ့ အနေအထားနဲ့ ပတ်သက်ပြီး ပုဒ်မ ၂၁၇ နဲ့များ ကစားမယ်ဆိုရင် သူသည် နောက်က ပဲ နေရမှာ။ သို့မဟုတ် အဲဒီလို အနောက်ကနေတဲ့ အဖွဲ့အစည်း တစ်ခုခုကို လက်ရှိ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီပေါ့၊ ဥပမာ ဦးစိုးဝင်းကိုပဲ ဦးဆောင်စေမှာလား သို့မဟုတ် သူကိုယ်တိုင်လည်း အငြိမ်း စား ပုဂ္ဂိုလ်ဖြစ်တယ်၊ သမ္မတကြီး ဖြစ်တယ်။ အဲဒါကြောင့် တပ်မတော်အက်ဥပဒေနဲ့ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ် ဝန်းရံနိုင်မယ့် ခုနက ကောင်စီပေါ့။ အငြိမ်းစားပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းထားသော ကောင်စီပေါ့။ အဲဒီလိုကောင်စီနဲ့ ပတ်သက်လို့ တပ်မတော်အက်ဥပဒေကို ဘယ်လိုများပြုပြင်ပြီးမှ လုပ်ပိုင်ခွင့် ပြည့်ပြည့်ဝဝရှိတဲ့ လစာတော့ မယူဘူးပေါ့။ အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ဦးအနေနဲ့ ဘယ်လိုများ တပ်မတော်ကို ပိုပြီး ရှေ့ဆက်ပြီးတော့ စနစ်တကျ ခေတ်မီ တပ်မတော်ကြီး အဖြစ် ပုံပေါ်နိုင်အောင် သွားမှဖြစ်မယ်ဆိုတဲ့ လိုအပ်ချက်အရ ပင်စင်စားပုဂ္ဂိုလ်တစ်ဦးအနေနဲ့ မကြီးကြပ် ဘူး လို့လည်း မပြောနိုင်ဘူးပေါ့။ အဲဒီလိုကြီးကြပ်ဖို့ အတွက်တော့ ပုဒ်မ ၂၁၇ ကို သုံးဖို့အတွက်ကတော့ မမြင်ဘူး” ဟု ပြောသည်။

ထို့ပြင် တပ်မတော်အနေဖြင့် ကကနကောင်စီဆိုသည့် ကာကွယ်ရေးဌာနကောင်စီအား လိုအပ်ရင် လိုအပ်သလို ဖွဲ့စည်းနိုင်သဖြင့် ထိုကောင်စီအားစုဖွဲ့ကာ သမ္မတနှင့် တပ်မတော် နှစ်မျိုးလုံးကို ချုပ်ကိုင် နိုင်ကြောင်း စစ်ဘက်ဆိုင်ရာလေ့လာစောင့်ကြည်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူ့ရဲ့ဆုံးဖြတ်ချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပေးထားတာတွေက တပ်မတော်သည် သူ့ရဲ့ ကိစ္စရပ်တွေကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိတယ်ဆိုတဲ့ အချက်တစ်ချက်နဲ့ တပ်ကို လုပ်ပိုင်ခွင့် တွေ ဟပေးထားပါတယ်။ အဲဒီတော့ အဲဒီကာကွယ်ရေးဌာန ကောင်စီကလည်း တော်တော်လေးကို တပ်နဲ့ ပတ်သက်လို့ လုပ်ပိုင်ခွင့်ရှိတဲ့ သဘောရှိပါတယ်။ အဲဒီတော့ လုပ်ပိုင်ခွင့်က ဘယ်လောက် အတိုင်း အတာ အထိရှိမယ်၊ မရှိဘူးဆိုတာတော့ ကျနော်တို့ အတိအကျ မပြောနိုင်ဘူး။ သေချာတာကတော့ သူက သူသမ္မတ လုပ်မယ်ဆိုရင်တော့ စစ်တပ်က ထွက်ရပါမယ်။ အဲဒီတော့ သမ္မတနဲ့ ဦးစီးချုပ်နဲ့ကတော့ တွဲလုပ်လို့ မရပါဘူး။ ကကန ကောင်စီမှာတော့ ပါလို့မရလောက်ပါဘူး။ သို့သော် ဒါကတော့ ကကန ကောင်စီကတော့ သူ့ဘာသာသူ ပြန်ဖွဲ့မယ်ဆိုရင် သူက ဖွဲ့စည်းပုံအခြေခံဥပဒေ မဟုတ်တဲ့အတွက် ကြောင့် တပ်မတော်က လိုအပ်ရင် လိုအပ်သလို ဖွဲ့စည်းလို့ရပါတယ်။ ဒါကျတော့ ပြန်ပြီးတော့ သူ့လုပ်ပိုင် ခွင့်က ရှိနေပြန်ရောပေါ့။ သူဖွဲ့မယ်ဆို ဖွဲ့လို့ရတယ်။ အခုထိတော့ ဖွဲ့တာမကြားသေးဘူးပေ့ါ” ဟု ပြော သည်။

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲပြီးနောက် သမ္မတဖြစ်လာနိုင်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းသာမက ပြည်တွင်းမှ စစ်ရေး၊ နိုင်ငံရေးလေ့လာသူများက ထင်ကြေးပေးထား ကြသည်။

သို့သော် သမ္မတရာထူးကို ရယူမည်ဆိုပါက တပ်မတော်မှ အငြိမ်းစားယူခြင်း သို့မဟုတ် နှုတ်ထွက်ခြင်း ပြုလုပ်ရမည် ဖြစ်သောကြောင့် ၎င်းအနေဖြင့် နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မည့် ဥပဒေလမ်း‌ကြောင်းကို ရှာဖွေကာ လုပ်ဆောင်လာနိုင်ကြောင်းလည်း ပြည်တွင်း/ပြည်ပမှ သုံးသပ်ထားကြသည်။

ထိုသို့ လုပ်ဆောင်မည်ဆိုပါကလည်း ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်အချို့ကို ဦးစွာ ပြန်လည်ပြင်ဆင်ရမည် ဖြစ်သည့်အတွက် မည်သည့်ပုံစံဖြင့် လုပ်ဆောင်သွားမည်ကိုမူ အားလုံးက စောင့်ကြည့်လေ့လာ လျက်ရှိ ကြသည်။