CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို အပိုင်း(၁-၂) ကျင်းပပြီးနောက် ထွက်လာသည့် မဲရလဒ် အခြေအနေ များအရ တက်လာမည့် အစိုးရသစ်သည် တပ်မတော်ကိုယ်တိုင် ကြီးစိုးဦးစီးသည့် အစိုးရဖြစ်နေဦးမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အမှန်တော့လေ ဦးသိန်းစိန် အစိုးရ ခေတ်တုန်းကတောင်မှ တကယ့် တပ်ကနေ ယူနီဖောင်းချွတ် ပြီးတော့မှ ရွေးကောက် တင်မြှောက်တယ်ဆိုတဲ့ အနေထားပေါ့။ ဒါပေမယ့် အဲဒီတုန်းက ဘယ်သူက သမ္မတဖြစ်မလဲ ဆိုတဲ့ဟာက ကြိုတင်ခန့်မှန်းပြီးတော့ သိနေတယ်။ ဒါပေမယ့် လက်ရှိ အနေအထားအရ အခုအခြေအနေ အထိကတော့ အများသုံးသပ်ချက်အရ သွားနေတဲ့ game ကတော့ စစ်ခေါင်းဆောင် ကိုယ်တိုင်ပဲ သမ္မတ တက်လုပ်မလား၊ စစ်ခေါင်းဆောင်ကိုယ်တိုင်ပဲ စစ်သေနာပတိချုပ် လုပ်ပြီးတော့မှ တပ်ကို ဆက်လက် ပြီးတော့မှ ထိန်းချုပ်ထားနိုင်မလားဆိုတဲ့ဟာပဲ စဉ်းစားတဲ့ လမ်းကြောင်းပဲ တွေ့ တယ်။ လာမယ့် ၂၀၂၆ မှာ ဖြစ်ပေါ်လာမယ့် မြန်မာနိုင်ငံရဲ့ အစိုးရကတော့ ရှင်းရှင်းပြောရရင် တပ်မတော် ရဲ့ အလိုကျ အစိုးရဖြစ်နေဦးမှာပဲ။ ဘယ်လောက်ပဲ စုပေါင်းပြီးတော့မှ ဘယ်လောက်ပဲ ဖွဲ့စည်းပါလိမ့်စေ ဒါကတော့ တပ်ရဲ့ အလိုကျ၊ တပ်ကိုယ်တိုင်ပဲ ကြီးစိုး ဦးစီးတဲ့ အစိုးရပဲဖြစ်နေမယ်” ဟု ပြောသည်။
ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့ကို တပ်မတော်နှင့် USDP က ဦးဆောင် ဖွဲ့စည်းကြ မည်ဖြစ်ပြီး ဗဟိုချုပ်ကိုင်မှု အားကောင်းသည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာမည်ကို နိုင်ငံရေးပါတီများက စိုးရိမ်နေကြသည်။

တပ်မတော် ခေါင်းဆောင်များကို တွေ့ရစဉ်
ထိုသို့ စိုးရိမ်ကြခြင်းသည် ရွေးကောက်ပွဲအတွက် USDP ပါတီသို့ တပ်မတော်မှ အရာရှိကြီး အချို့ကို ထည့်သွင်း၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် စေခဲ့ခြင်းကြောင့် ဖြစ်သည်။
တပ်မတော် အရာရှိကြီး အချို့နှင့် USDP ပါတီတို့အကြား သဘောထား ကွဲလွဲမှုများ ရှိနိုင်သော်လည်း လွှတ်တော်ထဲ သမ္မတရွေးချယ်မှုများ ပြုလုပ်ရာတွင် ပါတီ၏ ဆုံးဖြတ်ချက်နှင့်သာ သွားလိမ့်မည်ဟု ထင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “USDP ထဲမှာတော့ သဘောထား ကွဲလွဲမှုရှိတယ်ဆိုပေမယ့် ခေါင်းဆောင်ပိုင်းက သဘောတူ ထားချက် တစ်ခုရှိရင်တော့ သူတို့ အဲဒီအတိုင်းပဲ လိုက်ပြီးတော့ မဲထည့်လိမ့်မယ်လို့ ထင်တယ်။ ဥပမာ ဆိုကြပါစို့ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ကိုယ့်သဘောအလျောက် ဆုံးဖြတ်နိုင်တယ် လို့ ယေဘူယျအားဖြင့်ပေါ့ ပြီးခဲ့တဲ့ ပထမကြီး(အကြိမ်) လွှတ်တော်က မဲခွဲတဲ့အချိန်မှာ ပြောကြပေမယ့် လွှတ်တော်ရဲ့ နောက်ပိုင်းမှာ အဲဒီလို ပြောကြပေမယ့်လို့ အရေးကြီးတဲ့ ကိစ္စတွေကြတော့ ဘယ်သူ့ကို မဲထည့်မှာဆိုတဲ့ ညွှန်ကြားချက်တို့ ရှိတယ်။ ရှိတော့ ကျနော်ပြောတဲ့ သဘောက သူတို့ခေါင်းဆောင်ပိုင်းမှာ သဘောတူ ထားချက်ရှိလို့ ရှိရင်တော့ သမ္မတရွေးတဲ့ အချိန်မှာ အစုအဖွဲ့ကတင်တဲ့ သမ္မတပေါ့။ ပြည်သူ့လွှတ်တော် အစုအဖွဲ့ကတင်တဲ့ ဒုသမ္မတလား၊ တပ်ကတင်တဲ့ သမ္မတကို မဲထည့်မှာလား အဲဒါက သူတို့ဆုံးဖြတ်ချက် နဲ့ သူတို့ လုပ်ကြမှာ။ ဆိုတော့ ပြောချင်တာက ဒီဟာက အရေးကြီးတဲ့ ကိစ္စဖြစ်တော့ ပါတီရဲ့ ဆုံးဖြတ် ချက်နဲ့ပဲ သွားလိမ့်မယ်လို့ပဲ ထင်ပါတယ်။ လွှတ်တော်ထဲရောက်မှ တိုင်ပင်ပြီးတဲ့ အခါကြမှ ဘယ်သူ့ကို သမ္မတ တင်မယ်ဆိုတာမျိုး အဲဒီလိုဖြစ်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရား မျှတမှု၊ မြင့်မားသော ဆန္ဒမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှုကောင်းသော အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင် ရွက်သွားမည်ဟု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်က ကျရောက်ခဲ့သော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။
၎င်းက “မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)နှင့် ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ် (MMP)များ ကျင့်သုံးပြီး တရားမျှတမှု၊ မြင့်မားသော ဆန္ဒမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှု ကောင်းသော အစိုးရအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ကာ ရွေးကောက်ပွဲရလဒ်များအရ ပေါ်ထွက်လာမည့် အစိုးရအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်များကို လွှဲအပ်သွားမည်” ဟု ပြောကြား ခဲ့ခြင်း ဖြစ်သည်။
အချို့တိုင်းရင်းသား လူနည်းစု ကိုယ်စားလှယ်လောင်းများသည် အချိုးကျကိုယ်စားပြုစနစ်နှင့် ဝင်ပြိုင် ကြရာ ပြိုင်ဘက်ပါတီ မရှိဘဲ အနိုင်ရရှိကြသလို အစိုးရအဖွဲ့အတွင်း ၎င်းတိုင်းရင်းသား လူနည်းစုများ ပါဝင်ရုံဖြင့် လူထုအတွက် လက်တွေ့ကျသည့် နိုင်ငံရေး ဖြေရှင်းချက်မျိုး မဖြစ်နိုင်သေးကြောင်း နိုင်ငံရေး လေ့လာသုံး သပ်သူများက ထောက်ပြကြသည်။
