CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)အချို့ လက်ရှိအချိန်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ (ကျားဖြန့်)နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ဆောင်လာကြသည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် ရှမ်းပြည်နယ်၊ ခိုလမ်မြို့ရှိ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများဖြင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ယခင်ကတည်းကပင် EAO အဖွဲ့အချို့ နယ်မြေကျော်လွန် ဝင်ရောက်ခြင်း၊ တိုက်ပွဲဖော်ဆောင်ခြင်းများ လုပ်ဆောင်တတ်သည့် အလေ့အထရှိကြောင်း၊ ထို့ပြင် လက်ရှိအချိန်၌ အွန်လိုင်းလိမ် လည် လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း လုပ်ငန်းများကိုပါ လုပ်ဆောင်လာကြသည်ကို တွေ့ရှိ ရသည်”ဟု ပြောသည်။ 

ထို့ကြောင့် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း အွန်လိုင်း လိမ်လည်လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါး ထုတ် လုပ်ခြင်း လုပ်ငန်းများ လုပ်ဆောင်မှုမရှိစေရေး အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် တိုက်ဖျက်ဆောင်ရွက်သွား ရန် အလေးထားရမည်ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် EAO အချို့ဟုသာ ပြောသွားပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းဆို သည်ကိုတော့ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်အတွင်းက မူးယစ်ဆေးဝါးချက် လုပ်ရာ တွင် အသုံးပြုသည့် ပစ္စည်းများ အပါအဝင် ကျားဖြန့်လုပ်ငန်းသုံး ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်မှ သတင်းထုတ်ပြန်ထားသည်။ 

အဆိုပါ နေရာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တပ်ဖွဲ့ဝင် တချို့နှင့် ဘက်တံဆိပ်ပါ အသုံးအဆောင် များကိုလည်း ဖမ်းမိခဲ့ကြောင်း နေပြည်တော်ဘက်မှ ထုတ်ပြန်ထားသည်။

အလားတူ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းမှာလည်း အာရက္ခတပ်တော်(AA) အပါအဝင် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့(PDF)များ၏ မူးယစ်ဆေးဝါးများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း နေပြည်တော်က သတင်းထုတ်ပြန် ထားသည်။

ထို့ပြင် ကရင်ပြည်နယ်အတွင်းမှာလည်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ နယ်ခြားစောင့်တပ်(BGF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ ထိန်းချုပ်ထားသော နယ်မြေအတွင်းမှာ အွန်လိုင်း လိမ်လည်လောင်း ကစားမှု(ကျားဖြန့်)များ ဖမ်းဆီးရမိခဲ့သည်။