CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(EAOs)များကို NCA (၈)နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိတ်ခေါ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို တက်ရောက်ရန် ပြည်ပနိုင်ငံများကိုလည်း ဖိတ်ခေါ်ထားကြောင်း၊ လက်မှတ်မထိုးရသေး သည့် အဖွဲ့အစည်းများအနေဖြင့်လည်း တက်ရောက်ခြင်းဖြင့် ငြိမ်းချမ်းရေး လမ်းကြောင်းသို့ လျှောက်လှမ်း၍ ရကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ဟာ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခြင်း၊ NCA လက်မှတ်ရေးထိုးသည့် ၈ နှစ်မြောက်နေ့ ဖြစ်ပါတယ်၊ ဒါကို နိုင်ငံရေး အနှစ်သာရ ရှိရှိလုပ်ဖို့ ရှိပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း လက်လှမ်းမှီသလောက် အကုန်ဖိတ်ပါတယ်။ ပြည်ပနိုင်ငံတွေလည်း အခု ဖိတ်နေပါပြီ။ ကျနော် Personal အကုန်စာတွေရေးပြီး ဖတ်ပါတယ်။ တချို့လည်း တယ်လီဖုန်းနဲ့ တချို့က လည်း စာနဲ့ရေးပြီး ဖိတ်တာတွေရှိတယ်၊ တချို့လာနိုင်တယ်လို့ ပြောတာရှိတယ်၊ တချို့ကတော့ မလာနိုင်ဘူး။ သို့သော်လည်း အဓိကကျတဲ့ ကိုယ်စားလှယ်တွေ လွှတ်ပေးမယ်လို့ ပြောတာတွေ ရှိပါတယ်။ ပြည်ပနိုင်ငံတွေက ဒီလို သဘောထားရှိလို့ရှိရင် ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ ပိုပြီးလိုလားတဲ့ စိတ်ရှိဖို့ လိုတာပေါ့၊ အထူး သဖြင့် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ အကုန်တက်ဖို့ လိုပါတယ်။ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေကလည်း ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုလို့ရှိရင် ဒီအခမ်းအနားကို လာတက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့ လိုပါတယ်” ဟု ပြောသည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က NCA လက်မှတ်ထိုးခြင်း အခမ်းအနားကျင်းပစဉ်
အမုန်းတရားတွေဖြင့် သွားနေမည်ဆိုပါက တိုင်းပြည်နစ်နာမှာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
NCA စာချုပ်ကို ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် ကုလ၊ EU၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန် နိုင်ငံတို့နှင့် ပြည်တွင်းမှ ပါဝင်ထိုက်သူကလည်း အသိသက်သေ များအဖြစ် လက်မှတ်ရေးထိုးခဲ့ကြသည်။
နစက၏ ဖိတ်ခေါ်ချက်အပေါ် NCA လက်မှတ် မရေးထိုးရသေးသော အဖွဲ့အစည်းများ၏ သဘောထားသိရှိနိုင်ရန် CNI က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
လက်ရှိတွင် NCA မထိုးရသေးသော်လည်း နစကနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် “ဝ”ပြည်သွေးစည်းညီညွတ် ရေး တပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်-မိုင်းလား (NDAA) နှင့် ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP)တို့ တက်ရောက်နိုင်ခြေရှိသော်လည်း ကျန်အဖွဲ့အစည်းများမှာ တက်ရောက်နိုင်ခြေ မရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တော့ မသိဘူးဗျ၊ အဲဒါတော့ ဘာတွေ လုပ်မလဲ၊ ဒါပေမဲ့ အဓိကတော့ ပါစေချင်ရင်တော့ အပစ် တော့ ရပ်ရမှာပေါ့၊ ဖိတ်ထားတဲ့အဖွဲ့တွေကို အနည်းဆုံးတော့ အပစ်ရပ်ထားပေးရင်တော့ စဉ်းစားချင်ရင် စဉ်းစား မှာပေါ့၊ အပစ်မရပ်ဘဲ တိုက်လည်း တိုက်တယ်၊ ဖိတ်လည်း ဖိတ်တယ်ဆိုရင်တော့ နည်းနည်းခက်မယ်၊ ဒါက တစ်ခု ပေါ့၊ နောက်တစ်ခုကလည်း ကျနော်တို့ NCA က ထွက်ထားတာ မရှိဘူးဗျ၊ ၁၀ ဖွဲ့စလုံးက NCA လက်မှတ်ထိုးတယ်၊ NCA ကို လိုက်လုပ်ဖို့ မလိုက်လုပ်နိုင်တာ တစ်ခုရှိမယ်၊ သို့သော် NCA က ထွက်တယ်လို့ လုပ်လို့မရဘူး။ NCA က ထွက်တာနဲ့ NCA လက်မှတ်ထိုးထားတာကို ပြန်ပြီးတော့ ဖျက်သိမ်းတယ်၊ ရုပ်သိမ်းတယ်၊ ပြောတာနဲ့ အလို အလျှောက် မတရားအသင်း ဖြစ်သွားမယ်၊ အလိုအလျှောက် အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သွားတယ်ဗျ။ ဒါ ကြောင့် ဘယ်အဖွဲ့ကမှ NCA ကို လိုက်မလုပ်နိုင်ဘူး။ လက်နက်ကိုင် ပဋိပက္ခမှာတော့ ပါသွားတယ်၊ သို့သော် NCA က အပြီးပိုင် ထွက်သွားတယ်၊ သို့တည်း မဟုတ် NCA က လက်မှတ်ထိုးထားတဲ့ဟာကို ရုပ်သိမ်းတယ်ဆိုတာတော့ ဘယ်အဖွဲ့မှ မကြေညာဘူး၊ ကြေညာလို့လည်း မကောင်းဘူးဗျ၊ အဲဒါကြောင့် NCA ထွက်သွားတာ မရှိပါဘူး” ဟု ပြောသည်။
NCA လက်မှတ်ထိုးခြင်း အခမ်းအနား သတင်းစာ ရှင်းလင်းပွဲလုပ်နေစဉ်
NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်/ ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပအိုဝ်း အမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့က ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှာ လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့က ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် NCA စာချုပ်ကို လက်မှတ်ထိုးခဲ့သည်။
လက်ရှိတွင် အပစ်ရပ် လက်မှတ်ရေးထိုးထားပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော KNU၊ CNF၊ ABSDF တို့မှာ တက်ရောက်နိုင်ခြေနည်းပါးကြောင်း သိရသည်။
အလားတူ KNU၊ CNF တို့သည် NCA ကနေ နုတ်ထွက်သည်ဟု မကြေညာဘဲ NCA က ပျက်ပြယ်သွားပြီဟုသာ ပြောဆိုလျက်ရှိနေသည်။