CNI News

၂၀၂၆ ခုနှစ်၊ မေလ ၂၉

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် NSPNC တို့ကြား ယေဘုယျအားဖြင့် သဘောတူထားသည့် အချက်များကို လွှတ်တော်၌ ဘယ်လိုပုံဖော်မလဲဆိုတာကို ဆွေးနွေးရမည်ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)သည် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် သဘောတူထားသည်များ ရှိသကဲ့သို့ နိုင်ငံရေး ပါတီများ အစုအဖွဲ့တို့နှင့်လည်း သဘောတူထားသည်များရှိသည်။

နိုင်ငံရေးပါတီများနှင့် ဆွေးနွေးထားသည်များအား လွှတ်တော်၌ တင်သွင်းသည့်အခါတွင်  သက်ဆိုင်ရာ နိုင်ငံရေး ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များက လက်ခံ၊ ငြင်းခုန်၊ အတည်ပြုခြင်းများ ဆောင်ရွက်နိုင်သည်။

သို့သော် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် သဘောတူထားသည့် အချက် များကိုမူ လွှတ်တော်တွင် တင်သွင်း ဆွေးနွေးမည်ဆိုပါက EAO များဘက်မှ လူပုဂ္ဂိုလ်များသည် လွှတ်တော်မှာ ရှိမနေကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

NSPNC အစည်းအဝေး ကျင်းပနေစဉ်

၎င်းက “ကျမတို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေ အနေနဲ့လည်း သဘောတူထားတဲ့ ယေဘုယျ အားဖြင့် သဘောတူထားတဲ့ အချက်တွေတော့ ရှိပါတယ်။ နိုင်ငံရေးပါတီတွေနဲ့လည်း သဘောတူထားတဲ့ အချက် တွေလည်း ရှိတယ်။ အဲဒါတွေကို ပေါင်းစပ်ပြီးတော့မှ လွှတ်တော်မှာ အတည်ပြုလာမယ်။ အတည်ပြုပြီးတော့မှ ရှေ့ကို ဆက်သွားဖို့ နိုင်ငံရေးကို လမ်းကြောင်းတစ်ခု ပေါ်လာမယ်ဆိုပြီးတော့မှ ပြောကြတာတွေရှိပါတယ်။ အဲဒါ ကြောင့်မို့လို့ ကျမတို့ အနေနဲ့က လွှတ်တော်မှာ ပါဝင်ဖို့ဆိုရင် လွှတ်တော်ထဲမှာက တိုင်းရင်းသားလက်နက်ကိုင်‌ တော်လှန်ရေး အဖွဲ့အစည်းတွေက မပါနေသေးဘူး။ တိုင်းရင်းသားလက်နက်ကိုင်‌ တော်လှန်ရေး အဖွဲ့အစည်းတွေ က NSPNC နဲ့ ဆွေးနွေး ထားတာကိုပဲ လွှတ်တော်ကို တင်သွင်းရမယ့် သဘောမျိုး ဖြစ်နေတယ်။ အဲဒါတွေလည်း ပြန်ပြီးတော့မှ ဘယ်လိုစဉ်းစားလာရမလဲဆိုတာတွေလည်း ရှိနေသေးတာပေါ့။ အခု ဆက်လက်ပြီးတော့ ဆွေးနွေး ကြဖို့လည်း အနေအထားက ရောက်နေပါပြီ။ ကျမတို့ ကမ်းလှမ်းထားပြီးပြီ” ဟု ပြောသည်။

လက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားမယူခင်က တိုင်းရင်းသားလက်နက်ကိုင် (EAO)များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် လိုအပ်သည့် သ‌ဘောတူညီချက်များ၊ ဆွေးနွေးချက်များကို မကြာခင် ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် ပြန်လည် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ က ပြောဆိုခဲ့သည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံရချိန်၌ NSPNC နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ကြား သဘောတူညီမှု ရယူထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ၄၃ ချက်ကို ပြည်ထောင်စု လွှတ်တော် မှာ တင်သွင်းဆွေးနွေးမည်ဟု ဧပြီလ ၁၀ ရက်နေ့က ပြောကြားထားသည်။

ယခင် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်က ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့်ဆွေးနွေးရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)ကို ဖွဲ့စည်းခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးကို တွေ့ရစဉ်

အဆိုပါ UPWC တွင် ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ စိုင်းမောက်ခမ်း၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာနမှ ဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်တို့ ပါဝင်ခဲ့ကြသည်။

ထိုထဲတွင် ဝန်ကြီး ဦးအောင်မင်းသည် မြေပြင်ဆွေးနွေးပွဲများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများ၌ အဓိက စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူ ဦးဆောင်ခဲ့သူ ဖြစ်သည်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် NCCT အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး NCA စာချုပ်မူကြမ်းကို လွှတ်တော်၌ တိုင်းရင်းသား လက်နက်ကိုင်များ မပါဝင်ဘဲ အတည်ပြုနိုင်ခဲ့သည့် သက်သေများရှိသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

သို့သော် လက်ရှိ အသွင်ကူးပြောင်းရေး အစိုးရသစ်လက်ထက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီများအား ဖွဲ့စည်းမှုတွင် လွှတ်တော် အခန်းကဏ္ဍ မပါဝင်သဖြင့် မည်သည့်ပုံစံမျိုး ပုံဖော်ကြ မည်ကို ဆွေးနွေးရင်းဖြင့် အဖြေထုတ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒေါ်စောမြရာဇာလင်းက “ကျမတို့ NCCT လက်ထက်ကပေါ့။ ကျမလည်း NCCT မှာ ပထမဆုံး ပါဝင်တဲ့ အမျိုးသမီး တစ်ယောက် အနေနဲ့ ရှိခဲ့တယ်။ အဲဒီ NCCT မှာပဲ ကျမတို့ စဉ်းစားခဲ့ကြတွေရှိတယ်။ အခုကတော့ အဲဒီ ပုဂ္ဂိုလ်တွေ က ပြင်ပကနေ လက်နက်ကိုင်တော်လှန်ရေးထဲမှာ ရှိနေကြတယ်။ ကျမတို့နဲ့ NCCT အဖွဲ့ ရှိခဲ့စဉ်အခါက လွှတ်တော်မှာ တစ်ထောင့်တစ်နေရာ ကနေပြီးတော့မှ တိုင်းရင်းသားလက်နက်ကိုင်‌ တော်လှန်ရေး အဖွဲ့အစည်း တွေ၊ တိုင်းရင်းသားလက်နက်ကိုင်‌ တော်လှန်ရေး အဖွဲ့အစည်းဆိုတာ၌ ဒီ NCA လမ်းကြောင်း အတိုင်း ဆွေးနွေး နေကြတဲ့ အဖွဲ့အစည်းတွေသည် လွှတ်တော်ထဲမှာ ထိုင်ပြီးတော့မှ ပြောနိုင်ခွင့်၊ ဆိုနိုင်ခွင့်ကို စဉ်းစားရမယ်ဆိုတဲ့ စဉ်းစားချက်က ကျမတို့ဆီမှာ ရှိခဲ့တယ်။ ဒါပေမယ့် အဲဒီဟာကတော့ အကောင်အထည် မပေါ်ခဲ့ဘူး။ နောက်ဆက် လက် ပြီးတော့မှ ဘယ်လို စဉ်းစားလာရမှာလဲဆိုတာ အတိအကျပြောလို့တော့ မရသေးဘူး။ EAO အတွင်းမှာ လည်း ဆွေးနွေးစရာတွေ လိုသေးတယ်။ နောက်ပြီးတော့ တစ်ခုရှိခဲ့တဲ့ သက်သေက ဘာလဲဆိုတော့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်ခဲ့တဲ့ကာလ အဲဒီအချိန်မှာဆိုရင် ကျမတို့ ဆွေးနွေးလို့ရထားတဲ့ NCA စာချုပ်ရဲ့ မူကြမ်း အဲဒါကို လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့တဲ့ အနေအထားရှိခဲ့တယ်။ ကျမတို့ ဆွေးနွေးလို့ ရလာတာကို လွှတ်တော် မှာ အတည်ပြုနိုင်ခဲ့တယ်။ ကျမတို့တွေ မပါဘဲနဲ့ အတည်ပြု နိုင်ခဲ့တဲ့အချက်ဖြစ်တယ်။ အခုလည်းပဲ ဘယ်လိုပုံစံ မျိုးနဲ့ ပုံဖော်မှာလဲဆိုတာကတော့ ဆွေးနွေးရင်းကပဲ ရလာမှာဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၂၆ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ (NSPCC)၊ အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (NSPWC)၊ အမျိုးသား စည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ကို ပြန်လည် ဖွဲ့စည်းကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဖွဲ့စည်းမှုတွင် လွှတ်တော် အခန်းကဏ္ဍ ပါဝင်ခြင်း မတွေ့ရှိရ၍ လွှတ်တော်သည် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် မသက်ဆိုင်သည့်သဘော သက်ရောက်သလား ဆိုသည်ကို စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်မှုများ ရှိနေကြသည်။