CNI International News
ဝါရှင်တန်၊ မေလ ၂၉
အီရန်သည် ကူဝိတ်နိုင်ငံကို တိုက်ခိုက်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့ကြောင်း အမေရိကန်စစ်တပ်က မေလ ၂၈ ရက်တွင် ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
မေလ ၂၇ ရက် ညပိုင်းတွင် အီရန်နိုင်ငံက ပစ်ခတ်လိုက်သည့် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ကူဝိတ်နိုင်ငံက ပြောကြားခဲ့ပြီး၊ ထိုတိုက်ခိုက်မှုသည် ပါရှန်းပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်နိုင်ငံ တစ်ခုအပေါ် အီရန်က အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး တိုက်ခိုက်ခြင်းဖြစ်သည်ဟု အမေရိကန် ဗဟိုစစ် ဌာနချုပ် (CENTCOM) က ပြောကြားခဲ့သည်။
ကူဝိတ်နိုင်ငံကလည်း ၎င်းတို့၏ နယ်နိမိတ်အတွင်း တိုက်ခိုက်ခံရမှုကို ထုတ်ပြန် ကြေညာခဲ့သည်။

ကူဝိတ်မှာ လက်ဖက်ရည် သောက်နေကြစဉ်
အီရန်နိုင်ငံကမူ ယခုသီတင်းပတ် အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်သည့် အနေဖြင့် ပါရှန်းပင်လယ်ကွေ့ရှိ နိုင်ငံတစ်ခုအတွင်းရှိ အမေရိကန်စစ်အခြေစိုက် စခန်းတစ်ခုကို ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ၎င်းတို့အစိုးရအဖွဲ့သည် စစ်ပွဲကို အဆုံးသတ်ရန် အီရန်နှင့် ဆွေးနွေးမှုများတွင် တိုးတက်မှုများ ရရှိနေပြီဟု ယုံကြည်ကြောင်း ပြောကြားထားသော်လည်း၊ အမေရိကန်နှင့် အီရန်တို့သည် ယခုသီတင်းပတ်အတွင်း အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။
မေလ ၂၅ ရက်က အီရန်တောင်ပိုင်းရှိ ဒုံးကျည်ပစ်လွှတ်သည့် နေရာများနှင့် ရေမြှုပ်မိုင်းထောင်သည့် အီရန် သင်္ဘောများကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုများသည် ခုခံကာကွယ်ရေးအတွက်သာဖြစ်ကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။
ထို့ပြင် မေလ ၂၇ ရက်ညပိုင်းတွင် အီရန်အပေါ် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ကြောင်း၊ ဟော်မုဇ်ရေလက်ကြား အနီးတွင် အီရန်၏ kamikaze ဒရုန်း ၄ စင်းကို ပစ်ချခဲ့ပြီး ဘန်ဒါအာဘတ်စ် (Bandar Abbas) မြို့ရှိ အီရန်မြေပြင် ထိန်းချုပ်ရေး စခန်းတစ်ခုကိုလည်း ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အမည်မဖော်လိုသည့် အမေရိကန် အရာရှိများက ပြောကြားခဲ့သည်။

ကူဝိတ်နိုင်ငံအတွင်း တစ်နေရာကိုတွေ့ရစဉ်
အီရန်ကလည်း ဘန်ဒါအာဘတ်စ် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတွင် တိုက်ခိုက်ခံရကြောင်း အတည်ပြုခဲ့ပြီး၊ ၎င်းတို့ကို လာရောက်တိုက်ခိုက်သည့် အမေရိကန်လေတပ်စခန်းကို လက်တုံ့ပြန်သည့် အနေဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
သို့သော်လည်း ထိုတိုက်ခိုက်မှုသည် ကူဝိတ်နိုင်ငံကို ပစ်မှတ်ထားခဲ့ခြင်း ဟုတ်၊ မဟုတ်ကိုမူ အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။
ကူဝိတ်စစ်တပ်ကမူ ၎င်းတို့၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် ကျူးကျော် ဝင်ရောက်လာသည့် ဒုံးကျည်များနှင့် ဒရုန်းများကို ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း မေလ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သော်လည်း မည်သည့်နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခံရသည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ ထည့်သွင်း ပြောကြားခြင်း မရှိခဲ့ပေ။
ကူဝိတ်နိုင်ငံတွင် အမေရိကန် ကြည်းတပ် ဗဟိုစစ်ဌာနချုပ်၏ ရှေ့တန်းဌာနချုပ်အပြင် လေတပ်စခန်းများနှင့် ရေတပ်စခန်းတစ်ခုလည်း တည်ရှိသည်။
ယခုထုတ်ပြန်ချက်သည် အရှေ့အလယ်ပိုင်းဒေသတွင် အခြေအနေများ တင်းမာနေပြီး စစ်ပွဲကို အဆုံးသတ်ရန် ဆွေးနွေးပွဲများမှာလည်း ကျိုးပျက်လွယ်သည့် အနေအထားသို့ ရောက်ရှိနေချိန်၌ ထွက်ပေါ်လာခြင်းဖြစ်သည်။
သမ္မတ ထရမ့်သည် ယခင်က ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ စုစုပေါင်း၏ ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းခဲ့သည့် ဟော်မုဇ်ရေလက်ကြားကို အီရန်က ပြန်လည်ဖွင့်ပေးမည့် သဘောတူညီချက် တစ်ခုကို ရရှိရန် မျှော်လင့်နေပြီး အီရန်နိုင်ငံအား လက်နက်ပြုလုပ်ရန် အဆင့်အထိ သန့်စင်ထားသည့် ယူရေနီယံများကို စွန့်လွှတ်ရန် ဖိအားပေး နေသည်။
အီရန်ကမူ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ၎င်းတို့၏ စီးပွားရေးကို ပြန်လည် နာလန်ထူရန် စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန်နှင့် ပြည်ပနိုင်ငံများတွင် ထုတ်ယူခွင့် ပိတ်ပင်ခံထားရသည့် အီရန်၏ ပိုင်ဆိုင် မှုများကို ပြန်လည်ထုတ်ပေးရန် တောင်းဆိုနေသည်။
Source: အေပီ
