CNI International News

ဝါရှင်တန်၊ ဇွန်လ ၁၉

အမေရိကန်နှင့် အီရန်ကြား စစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံ သဘောတူညီထားသည့် အချက် ၁၄ ချက်ပါ ယာယီ သဘောတူညီချက် စာသားကို အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယာယီသဘောတူညီချက်၏ အချက် ၈ တွင် အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့် နျူကလီးယား လက်နက် များ ထုတ်လုပ်ရန် ရည်မှန်းချက်များနှင့် ပတ်သက်၍ ထည့်သွင်းထားသည်။

အီရန်နိုင်ငံသည် နျူကလီးယား လက်နက်များကို ဝယ်ယူခြင်း သို့မဟုတ် ထုတ်လုပ်ခြင်းတို့ ပြုလုပ်မည် မဟုတ် ကြောင်း ထပ်လောင်း အတည်ပြုသည်ဟု နားလည်မှုစာချွန်လွှာ(MOU)တွင် ဖော်ပြထားသည်။

ယခုသဘောတူညီချက်တွင် ပါဝင်သည့် အချက် ၁၄ ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

အီရန်သမ္မတ သဘောတူညီချက် လက်မှတ်ထိုးစဉ်

(၁) အမေရိကန်၊ အီရန်နှင့် ၎င်းတို့၏ မဟာမိတ်များသည် လက်ဘနွန် အပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ဆင် ရေးများကို ချက်ချင်းနှင့် ရာသက်ပန် ရပ်ဆိုင်းကြောင်း ကြေညာသည်။

(၂) အမေရိကန်နှင့် အီရန်တို့သည် တစ်နိုင်ငံ နှင့်တစ်နိုင်ငံ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားရန် တာဝန်ယူသည်။

(၃) အမေရိကန်နှင့် အီရန်တို့သည် ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံး သဘောတူညီချက်ကို ဆွေးနွေးညှိနှိုင်း၍ အကောင်အထည်ဖော်ရန်နှင့် ထိုရက်ပေါင်း ၅၀ ကာလကို နှစ်ဦးသဘောတူညီချက်ဖြင့် သက်တမ်းတိုးနိုင်ကြောင်း ကတိကဝတ် ပြုထားသည်။

(၄) လက်မှတ် ရေးထိုးပြီးသည်နှင့် တစ်ပြိုင်နက်တည်း အမေရိကန်သည် အီရန်ဆိပ်ကမ်းများကို ရေတပ်သင်္ဘော များဖြင့် ပိတ်ဆို့မှုများကို စတင်ဖယ်ရှားသွားမည်ဖြစ်ပြီး၊ ရက်ပေါင်း ၃၀ အတွင်း အပြီးတိုင် ရုပ်သိမ်းသွားမည် ဖြစ်သည်။ ထို့ပြင် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောများ သွားလာမှုကို စစ်မဖြစ်မီက နှုန်းထားအတိုင်း ပြန်လည် ခွင့်ပြုသွားမည်ဖြစ်သည်။

(၅) အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားတွင် ရက်ပေါင်း ၆၀ ကြာ မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်း မရှိဘဲ ကုန်တင်သင်္ဘောများ ဘေးအန္တရာယ် ကင်းရှင်းစွာ ဖြတ်သန်း သွားလာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

(၆) အမေရိကန်နှင့် ၎င်း၏ မိတ်ဖက်နိုင်ငံများသည် အီရန်နိုင်ငံ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေါ်လာ ဘီလျံ ၃၀၀ တန်ဖိုးရှိသည့် ရန်ပုံငွေ အစီအစဉ် တစ်ရပ်ကို ဖော်ဆောင်ပေးရန် တာဝန်ယူထား သည်။ 

(၇) အမေရိကန်က အီရန်အပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှု အမျိုးအစားအားလုံးကို ရုပ်သိမ်းပေးမည်။

(၈)  အီရန်နိုင်ငံသည် နျူကလီးယား လက်နက်များကို ဝယ်ယူခြင်း သို့မဟုတ် ထုတ်လုပ်ခြင်းတို့ ပြုလုပ်မည် မဟုတ်ကြောင်း ထပ်လောင်း အတည်ပြုသည်။ အီရန်သည် ၎င်း၏ အဆင့်မြင့် သန့်စင်ပြီး ယူရေနီယံများကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ကြီးကြပ်မှုအောက်တွင် သန့်စင်မှုအဆင့် လျှော့ချ ရမည်ဖြစ်သည်။

အီရန်ထူထောင်နေစဉ် 

(၉) နောက်ဆုံး သဘောတူညီချက် မရရှိသေးမီ စောင့်ဆိုင်းနေစဉ် ကာလအတွင်း အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ လက်ရှိ နျူကလီးယား အစီအစဉ်အတိုင်း ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်ပြီး၊ အမေရိကန်အနေဖြင့် ပိတ်ဆို့ အရေးယူမှုအသစ်များ ချမှတ်ခြင်း သို့မဟုတ် နောက်ထပ် စစ်အင်အားများ တိုးမြှင့်ချထားခြင်းတို့ ပြုလုပ် မည် မဟုတ်ပေ။

(၁၀) အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် အီရန်နိုင်ငံ၏ ရေနံစိမ်း၊ ရေနံထွက်ပစ္စည်းများနှင့် ရေနံအခြေခံ ထုတ်ကုန်များ တင်ပို့မှုအပြင် ဘဏ်လုပ်ငန်းဆိုင်ရာ ငွေလွှဲပြောင်းမှုများ၊ အာမခံ လုပ်ငန်းများနှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ အပါအဝင် ဆက်စပ်နေသော ဝန်ဆောင်မှု အားလုံးအတွက် ပိတ်ဆို့ ကန့်သတ်ချက်များ မှ ကင်းလွတ်ခွင့်များ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

(၁၁) အမေရိကန်သည် ပိတ်ဆို့ထားသော အီရန်နိုင်ငံ၏ ရန်ပုံငွေများနှင့် ပိုင်ဆိုင်မှုများကို အပြည့်အဝ ပြန်လည် အသုံးပြုနိုင်စေရန် တာဝန်ယူဆောင်ရွက်ပေးမည်။

(၁၂) အမေရိကန်နှင့် အီရန်တို့သည် ယခုနားလည်မှု စာချွန်လွှာကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးနှင့် နောက်ဆုံး သဘောတူညီချက်ကို လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရန်အတွက် အုပ်ချုပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတစ်ရပ် ထူထောင်ရန် သဘောတူညီကြမည်ဖြစ်သည်။

(၁၃) လက်မှတ် ရေးထိုးပြီးနောက် နားလည်မှုစာချွန်လွှာ၏ အချက် ၁၊ ၄၊ ၅၊ ၁၀ နှင့် ၁၁ တို့ကို စတင် အကောင် အထည် ဖော်ခြင်းနှင့် ထိုအစီအမံများကို ဆက်လက် လုပ်ဆောင်ခြင်းတို့အပေါ် မူတည်ပြီး ကျန်ရှိသော အချက် များနှင့် နောက်ဆုံး သဘောတူညီချက် ရရှိရန် သီးသန့် ဆွေးနွေးညှိနှိုင်းမှုများကို စတင်သွားမည်ဖြစ်သည်။

(၁၄) နောက်ဆုံး သဘောတူညီချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် အတည်ပြု ထောက်ခံ သွားမည်ဖြစ်သည်။ ထိုမူဘောင် သဘောတူညီချက်ကို ဇွန်လ ၁၉ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၌ တရားဝင် လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်။

Source: DW