CNI International News
ဝါရှင်တန်၊ ဇွန်လ ၁၈
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများ စတင် ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် အီရန်၏ ပဲ့ထိန်းဒုံးကျည် ထုတ် လုပ် နိုင်စွမ်းကို ဖျက်ဆီးပစ်ရန်နှင့် အီရန်အစိုးရအား နျူကလီးယားလက်နက် မည်သည့်အခါမျှ ပိုင်ဆိုင်ခွင့် မရစေ ရန် လုပ်ဆောင်မည့် ရည်မှန်းချက်များစွာကို ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
လက်ရှိတွင် အမေရိကန်နှင့် အီရန်ကြား မူဘောင် သဘောတူညီချက်ဖြင့် အဆုံးသတ်သွားခဲ့သည့် ၃ လကျော်ကြာ ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း ထရမ့်၏ ရည်မှန်းချက်များ အောင်မြင်ခဲ့ခြင်း ရှိ/မရှိကို သုံးသပ်ရမည်ဖြစ်သည်။
ဒုံးကျည်များနှင့် ဒရုန်းများ
*********************
စစ်ပွဲမဖြစ်ပွားမီအချိန်က အီရန်နိုင်ငံသည် အမျိုးအစားစုံလင်သည့် ဒုံးကျည် အရေအတွက် ၂၅၀၀ မှ ၆၀၀၀ ကြား ပိုင်ဆိုင်ထားပြီး အရှေ့အလယ်ပိုင်းဒေသတွင် အကြီးမားဆုံးသော ပဲ့ထိန်းဒုံးကျည် သိုလှောင်ရုံကြီးကို ပိုင်ဆိုင် ထားခဲ့သည်။
အချို့ဒုံးကျည်များသည် ကီလိုမီတာ ၂၀၀၀ ( မိုင် ၁၂၄၀) အထိ ပစ်ခတ်နိုင်စွမ်းရှိသဖြင့် အစ္စရေးနိုင်ငံအထိ ရောက်ရှိနိုင်ပြီး အချို့ဒုံးကျည်များသည် ကြားဖြတ်ပစ်ချရန် အလွန်ခက်ခဲသော ကလပ်စတာဗုံးများ ပါဝင်သည့် ထိပ်ဖူးများကို တပ်ဆင်ထားကြသည်။
အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ဘရတ် ကူးပါး (Brad Cooper) က အီရန်၏ ဒုံးကျည်များနှင့် အဝေးပစ် ဒရုန်း များ ထုတ်လုပ်ခြင်းနှင့် သိုလှောင်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်များသည် နှစ်ပေါင်းများစွာ နောက်ကျ ကျန်ရစ် အောင် ဆုတ်ယုတ်သွားခဲ့ပြီဖြစ်ကြောင်း မေလ ၁၄ ရက်နေ့တွင် လွှတ်တော်သို့ ပြောကြားခဲ့သည်။
ပဋိပက္ခအတွင်း အီရန်၏ ဒုံးကျည်ပေါင်း ၁၅၀၀ ကျော်နှင့် ဒရုန်းအစင်းပေါင်း ၆၀၀၀ ကျော်ကို အမေရိကန်နှင့် ၎င်း၏ မိတ်ဖက်နိုင်ငံများက ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် အီရန်၌ ဒုံးကျည် မည်မျှကျန်ရှိနေသေးသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အီရန်သည် အမေရိကန်၏ မိတ်ဖက်နိုင်ငံများထံသို့ ဒုံးကျည်များဖြင့် ပစ်ခတ်နိုင်စွမ်း ရှိနေဆဲဖြစ်သည်။

စက်သုံးဆီထည့်နေသူကို တွေ့ရစဉ်
အီရန်စစ်တပ်၏ စွမ်းရည်
**********************
အမေရိကန်စစ်တပ်သည် ဒေသတွင်း ဩဇာလွှမ်းမိုးရန် သို့မဟုတ် အမေရိကန်၏ စစ်ဆင်ရေးများကို ခြိမ်းခြောက် နေသော အီရန်၏ ပုံမှန်စစ်ရေး စွမ်းရည်များကို ကျဆင်းအောင် ပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားထားသည်။
အမေရိကန်စစ်တပ်သည် အီရန်ရေတပ်သင်္ဘော ၁၆၁ စင်းကို ဖျက်ဆီးနိုင်ခဲ့ပြီး အီရန်၏ လေကြောင်းရန် ကာကွယ် ရေးစနစ် ၈၂ ရာခိုင်နှုန်းကိုလည်း ချေမှုန်းနိုင်ခဲ့ကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး ကူးပါးက ပြောကြားခဲ့သည်။
စစ်ပွဲမတိုင်မီက တစ်ရက်လျှင် တိုက်ပွဲဝင်ပျံသန်းမှု အကြိမ်ရေ ၁၀၀ အထိ ရှိခဲ့သော အီရန်လေတပ်သည် ယခုအခါ မည်သည့် ပျံသန်းရေးတာဝန်ကိုမျှ မလုပ်ဆောင်နိုင်တော့ကြောင်း ၎င်းက ဆိုသည်။
သို့သော် အီရန်သည် စစ်ပွဲကာလ တစ်လျှောက်လုံးတွင် စပိဘုတ်များ၊ ရေမြှုပ်မိုင်းများ၊ ဒရုန်းများနှင့် မောင်းသူမဲ့ တိုက်ခိုက်ရေး ရေယာဉ်များကို အသုံးပြုပြီး ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့မှု ၅ ပုံ ၁ ပုံကို သယ်ယူ ပို့ဆောင်ပေးနေသည့် ဟော်မုဇ်ရေလက်ကြားကို ထိရောက်စွာ ပိတ်ပစ်နိုင်ခဲ့သည်။
နျူကလီးယား စီမံကိန်း
********************
ထရမ့်က ၎င်း၏ အဓိကရည်မှန်းချက်မှာ အီရန်ကို နျူကလီးယားလက်နက် ထုတ်လုပ်လာနိုင်ခြင်း မရှိစေရန် တားဆီးရန်ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့သည်။
အီရန်အစိုးရဘက်ကမူ ၎င်းတို့တွင် နျူကလီးယား ဗုံးထုတ်လုပ်ရန် ရည်ရွယ်ချက် လုံးဝမရှိဘဲ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုလိုခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ယခုစစ်ပွဲကြောင့် အီရန်၏ နျူကလီးယား စွမ်းဆောင်ရည်အပေါ် သိသာထင်ရှားသည့် ပြောင်းလဲမှု တစ်စုံတစ်ရာ မဖြစ်ပေါ်စေခဲ့ပေ။
၂၀၂၅ ခုနှစ်၊ ဇွန်လက အီရန်နျူကလီးယား အဆောက်အအုံများကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း အီရန်အနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်ရန်အတွက် ၁ နှစ်ပင် အချိန်ယူရန် လိုအပ်တော့မည်ဖြစ် ကြောင်း အမေရိကန် ထောက်လှမ်းရေးအဖွဲ့က ပြီးခဲ့သည့်လတွင် ခန့်မှန်းပြောဆိုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဇွန်လ ၁၉ ရက်တွင် မူဘောင်သဘောတူညီချက်ကို တရားဝင် လက်မှတ် ရေးထိုးပြီးသည်နှင့် တပြိုင်နက် ညှိနှိုင်း ဆွေးနွေးသူများအတွက် အီရန်၏ နျူကလီးယားစီမံကိန်းသည် အဓိက ကိစ္စရပ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
အီရန်၏ သန့်စင်ပြီး ယူရေနီယံများကို နိုင်ငံပြင်ပသို့ အပြီးပိုင် ရွှေ့ပြောင်းရမည်ဟု ထရမ့်က ပြောကြားထား သော်လည်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ မိုဂျ်တာဘာ ခါမေနီ (Ayatollah Mojtaba Khamenei) ကမူ ယူရေနီယံများကို ပြည်ပသို့ လုံးဝမပို့ရန် မှာကြားထားကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အစိုးရအဖွဲ့ အပြောင်းအလဲ
************************
စစ်ပွဲမစတင်မီက ထရမ့်သည် အီရန်ဆန္ဒပြ ပြည်သူများအား အစိုးရကို ဖြုတ်ချကြရန် တွန်းအားပေးခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်က အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) သေဆုံးသွားခြင်းသည် အစိုးရအာဏာကို သိမ်းပိုက်ရန်အတွက် အကြီးမားဆုံးနှင့် တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ယခုစစ်ပွဲသည် အီရန်အစိုးရအဖွဲ့ကို ရာထူးမှ ဖယ်ရှားနိုင်ခြင်း မရှိခဲ့သော်လည်း အလီ ခါမေနီ၏ နေရာ တွင် ၎င်း၏သားဖြစ်သူ အယာတိုလာ မိုဂျ်တာဘာ ခါမေနီက အစားထိုး နေရာယူလာခဲ့ခြင်းကြောင့် ၎င်း၏ ရည်မှန်းချက် အောင်မြင်ခဲ့ပြီဖြစ်ကြောင်း ထရမ့်က အခိုင်အမာ ပြောဆိုခဲ့သည်။
မကြာသေးမီ သီတင်းပတ်များအတွင်းတွင်မူ ထရမ့်သည် အီရန်ခေါင်းဆောင်များကို ရာထူးမှ ဖြုတ်ချရန် ၎င်း၏ တောင်းဆိုချက်များကို ပြောဆိုခဲ့ခြင်းမရှိတော့ပေ။
Source: ရိုက်တာ
