CNI News

၂၀၂၇ ခုနှစ်၊ ဇွန်လ ၁၈

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ(NSPNC)တို့သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်က နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်မှာ တွေ့ဆုံ ဆွေးနွေး ကြသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် SSPP ဘက်က အချက် ၇ ချက် ချပြ ဆွေးနွေးခဲ့ပြီး NSPNC က အချက် ၆ ချက် ချပြ ဆွေးနွေးခဲ့ကြောင်း SSPP ဘက်မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်၌ ထုတ်ပြန်ခဲ့သည်။

ထို့နောက် SSPP ဘက်က နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသွားရန်၊ တန်းတူရေးကိုအခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံ သည့် ပြည်ထောင်စု ပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်ကာလများ၌ ယုံကြည်မှု ထိခိုက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့မှုအပေါ် သင်ခန်းစာယူပြီး ထပ်မံမဖြစ်ပွားအောင် အလေးထား ဆောင်ရွက်လျက် ရှိပါသည်။ နှစ်ဖက်တပ်များအကြား အငြင်းပွားဖွယ် ရာကိစ္စရပ်များ ဖြစ်ပွားလာပါက တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ပြေလည်အောင် ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း တို့ကို ဆွေးနွေးခဲ့သည်။

SSPP ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်

အလားတူ လက်ရှိကာလတွင်လည်း တပ်မတော်နှင့် ထိတွေ့မှုမရှိသလို ၊ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုများလည်း မရှိကြောင်း၊ မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ၊ မှုးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိ သော လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန် ကတ္တရာလမ်းခင်းခြင်း ၊ ပညာရေးကဏ္ဍတွင်လည်း လိုအပ်လျက်ရှိသော စာသင်ဆောင်များ ၊ ကျောင်းသုံး ပုံနှိပ်စာအုပ်များနှင့် သင်ကြားရေးဝန် ထမ်းဖြစ်သော ဆရာ ၊ ဆရာမများ တိုးမြှင့်ခန့်ထားပေးရန်၊ SSPP ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံပြည်သူများ အသုံးပြုရန်အတွက် လိုအပ်သောစက်သုံးဆီများကို အချိန်နှင့်တပြေးညီ သယ်ဆောင်ခွင့်ပြုရန် စသည့် အချက်များကိုလည်း SSPP ဘက်က ဆွေးနွေးခဲ့သည်။

တခြားတစ်ဖက်မှာတော့ NSPNC က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို စာရင်းဇယားများ ပြုစု ပြီး (NSPNC) ထံပေးပို့ရန်နှင့် သက်ဆိုင်ရာသို့် တင်ပြညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်း လိမ် လည်မှုနှင့် မှုးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများအတွက် ဒေသရှိအစိုးရ တာ ဝန်ရှိသူများနှင့် ပူးပေါင်း ဆောင် ရွက်ပြီး အလေးထား ဆောင်ရွက်သွားရန် လိုပါကြောင်း၊ ဒေသတည်ငြိမ်ရေး ၊ ဖွံ့ဖြိုးရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်ပြီး နောက်တစ်ဆင့် တက်လှမ်း၍ ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေးတည် ဆောက်သွားရန် လိုအပ် ကြောင်း တို့ကို ပြန်လည် ဆွေးနွေးခဲ့သည်။

ထို့အပြင် လက်ရှိရရှိထားသည့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရန် ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမည့် အခြားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး နှစ်ဖက် ထိန်းသိမ်းဆောင်ရွက်သွားရန်၊  ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့် သ ဘောတူညီချက်(Bilateral Agreements) များအား လေးစားအသိမှတ်ပြုပြီး ပူးပေါင်းအကောင်အ ထည်ဖော် ဆောင်ရွက်သွားမည်၊ နောက် တစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း နေပြည်တော်၌ ကျင်းပ ပြုလုပ်သွားရန် လျာထားကြောင်း စသည့် အချက်များကိုလည်း NSPNC ဘက်က ဆွေးနွေးခဲ့သည်။

 NSPNC ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် မထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

လက်ရှိတွင် SSPP/SSA သည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ ပါဝင်သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်သည်။

အလားတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးတွင် မြန်မာ့ တပ်မတော်ကို တိုက်ခိုက်နေသည့် လက်နက်ကိုင် အင်အားစု တချို့ကို လက်နက်ခဲယမ်း ရောင်းချပေးခြင်းများ ရှိသည်ဟု စွပ်စွဲချက်များ ရှိသည်။