CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉
NCA နှစ်ပတ်လည်ပွဲနှင့်ပတ်သက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ(NSPNC) နှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) ၇ ဖွဲ့တို့ ဩဂုတ် ၂၂ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်ပွဲ ကျင်းပ ရေးနှင့် ပတ်သက်၍ NCA ထိုးထားသည့် လက်နက်ကိုင် ၇ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် NSPNC တို့ တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်ရေး အသေးစိတ် ဆွေးနွေးကြမည့်သဘောဖြစ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “NCA ၇ ဖွဲ့ ကိုယ်စားလှယ်ပေါ့။ NSPNC နဲ့ တွေ့ဖို့ရှိပါတယ်။ အဲဒါတော့ မှန်ပါတယ်။ မှန်းကြည့်ရတာတော့ လာမယ့် ၁၀ နှစ်ပြည့်ကိစ္စမှာ အခမ်းအနားကို Joint Ownership ပေါ့။ နှစ်ဦးနှစ်ဖက်နဲ့ သက်ဆိုင်တဲ့ အခမ်းအနား ဖြစ်တဲ့သဘောမျိုး Joint Ownership သဘောမျိုးပေါ့။ နေရာချထားတာတို့၊ ဖိတ်စာ ပို့တာတို့၊ အဖွဲ့အစည်းတွေ အဲဒီလိုပုံစံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသေးစိတ် ဆွေးနွေးမယ့် သဘောထင်တယ်။ အာဂျင်ဒါ ဘယ်လိုဆွဲမလဲ။ ဘယ်လူကြီးတွေ စကာားပြောမလဲပေါ့။ ပြီးတဲ့အခါမှာ Peace Forum ဆက်မယ်ဆို တော့ Peace Forum ရဲ့ ရလဒ်က ဘာကိုလိုချင်လဲပေါ့။ အဲဒါကို ဆွေးနွေးကြမယ်လို့ ယူဆပါတယ်။ ၂၂ လို့ ကြားပါ တယ်။ ၂၁ ကတော့ သူတို့ ညအရောက်ပေါ့ နေပြည်တော်ကို။ ၂၁ ည ရောက်ပြီးတော့ ၂၂ မှာတွေ့မယ်” ဟု ပြော သည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာကို တွေ့ရစဉ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)သည် လာမည့် အောက်တိုဘာလ ၁၅ ရက် နေ့တွင် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ် ပြည့်မြောက်ပြီဖြစ်ကာ ပွဲအခမ်းအနားလည်း ခမ်းခမ်းနားနား ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။
ထိုအခမ်းအနားသို့ NCA စာချုပ် ရေးဆွဲစဉ်က ပါဝင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)မှ ခေါင်းဆောင်များကို ဖိတ်ကြားရန် ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ ဩဂုတ် ၁၈ ရက်တွင် အပစ်ရပ်စဲရေး ကမ်းလှမ်းခဲ့ ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် ၂၀၁၁-၂၀၁၂ ခုနှစ်များအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးစာချုပ်(Bilateral) လက်မှတ်ရေးထိုးခဲ့ကြသလို ၂၀၁၃ ခုနှစ်မှာ NCA စာချုပ်ကို စတင်ဆွေးနွေပြီး ၂၀၁၅ ခုနှစ်၊ သြဂုတ်မှာ NCA စာချုပ်အား မူကြမ်းရရှိခဲ့သည်။
NCA စာချုပ် လက်မှတ်ထိုးခြင်း ၈ နှစ်ပြည့် အခမ်းအနား ကျင်းပစဉ်
NCA စာချုပ် မူကြမ်းရရှိပြီးနောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် KNU, RCSS, ALP, DKBA, KNU/KNLA-PC, PNLO, CNF, ABSDF တို့ဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ရက်တွင် NMSP နှင့် LDU တို့ဖြင့်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုလက်နက်ကိုင် ၁၀ ဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဆိုသည့် နာမည်ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြသည်။
သို့သော် ၂၀၂၁ ခုနှစ်နောက်ပိုင်း အဖွဲ့ဝင်များအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လာပြီး ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့က NCA ပျက်သွားပြီဟုဆိုကာ တပ်မတော်ကို လက်နက်ကိုင် ဆန့်ကျင်ရန် ဆုံးဖြတ်ပြီး ယနေ့ အထိ တိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်။