CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉

ဒီမိုကရေစီစနစ်ဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်သွားမည်ဆိုပါက တပ်မတော်မှ ပူးပေါင်း‌ဆောင်ရွက် သွားမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈ ရက်က မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံစဉ် ၎င်းက ပြော ကြားခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီ ပထမအစိုးရသက်တမ်းတွင် ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီဒုတိယအစိုးရ သက်တမ်းကာလတွင် ဒီမိုကရေစီအမည်ခံ လစ်ဘရယ် ဝါဒဖြင့် ပြည်ပမှဝင်ရောက် စွက်ဖက်မှုများဖြင့် နိုင်ငံတော်တာဝန်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားသား အကြံ ပေးများဖြင့် ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင် မကွေးတပ်နယ်က အရာရှိ၊ မိသားစုဝင်များကို တွေ့ဆုံစဉ်

ထို့နောက် တပ်မတော်ကို မုန်းတီးစေသည့် ရေးသားပြောဆိုမှုများ လှုံ့ဆော်မှုများကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်၍ လုပ်ဆောင်ခဲ့ကြောင်း၊ အဓိကအားဖြင့် တပ်မတော်၏ နိုင်ငံရေး၌ အချက်အချာကျမှုကို ပယ်ဖျက် ရန်အတွက် အတိတ်ဖြစ်ရပ်များပေါ်တွင် အခြေခံသည့် အမုန်းတရားဖြင့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အချို့ပြင်ဆင်၍ ရသည် များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြင်ဆင် ဆောင်ရွက်ခြင်းကို တပ်မတော်အနေဖြင့် သဘောတူညီပြီးဖြစ် ကြောင်း၊ ဒီမိုကရေစီစနစ်ဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်သွားမည်ဆိုပါက တပ်မတော်အနေဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်၏ တာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးပင်ဖြစ်ကြောင်း၊ တပ်မတော် သည် နိုင်ငံရေးအတွက် ပါဝင် ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်း များတွင်သာ တာဝန်ထမ်းဆောင်သွားမည်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီးက တပ်မတော်မိသားစုများကို ထောက်ပံ့မှုပေးနေစဉ်

ထို့နောက် ရွေးကောက်ပွဲ ကျင်းပပြီးချိန်၌ အနိုင်ရရှိသည့် ပါတီမှ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ချိန်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်းပါဝင်၍ နိုင်ငံ့အရေး ဆောင်ရွက်ပေးခြင်း၊ တပ်မတော် အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍ၌ ပါဝင် ဆောင်ရွက်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ဖြုတ်ချ၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ် မတော်က နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာပြီး အုပ်ချုပ်လျက်ရှိသည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲကို အပိုင်း(၁) အနေဖြင့် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈ ရက်၌ ထုတ်ပြန်ခဲ့သည်။