CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၁

တပ်မတော်ကို အရပ်သားအစိုးရအောက်မှာ တည်ရှိနိုင်ရေး ကြိုးပမ်းရာမှာ မြန်မာနိုင်ငံတွင် စံနှုန်းနှင့် လက်တွေ့ကို နားလည်ပြီးမှသာ တပ်မတော်ကို ချဉ်းကပ်သင့်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီ စံနှုန်းအရဆိုလျှင် နိုင်ငံတစ်နိုင်ငံ၏ တပ်မတော်သည် အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက် တွင် ရှိရသော်လည်း ကမ္ဘာ့နိုင်ငံအသီးသီး၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများအရ ထိုစံနှုန်းသည် အမြဲ တမ်း ဖြစ်မနေကြောင်း ၎င်းက ပြောသည်။

နိုင်ငံတစ်ခုစီ၏ သမိုင်းကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်နှင့် လက်တွေ့နိုင်ငံရေး အခြေအနေများကို ထည့်သွင်း စဉ်းစားရသည့် အခါမျိုး၌ တပ်မတော်သည် အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် လုံးဝ မရှိနေသည့် နိုင်ငံများလည်းရှိကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်

၎င်းက “ဒါကြောင့် စံနှုန်းအရပြောရင်တော့ ဟုတ်တယ်၊ မှန်တယ်။ စစ်တပ်သည် အရပ်သားအစိုးရရဲ့ အောက်မှာ ရှိရတယ်။ သို့သော်လည်းပဲ လက်တွေ့မှာ ဒီတိုင်းဖြစ်နေကြ သလားဆိုတော့ နိုင်ငံအသီးသီး မှာ အဲဒီအတိုင်း ဖြစ်မနေတာ များတယ်ပေါ့။ ဒီမိုကရေစီ အတွေ့အကြုံ ရင့်ကျက်တဲ့ နိုင်ငံကြီးတွေပေါ့ နှစ် ၂၀၀ ကျော် အတွေ့အကြုံ၊ နှစ် ၁၀၀ အဲဒီလို နှစ်ရာချီတဲ့ နိုင်ငံတွေမှာတော့ ဒါဖြစ်ကောင်းဖြစ်နိုင် တယ်။ ဒါပေမယ့် ဒီမိုကရေစီ နုနယ်တဲ့ နိုင်ငံတွေမှာတော့ အဲဒီကိစ္စဟာ ဖြစ်ဖို့ အချိန်အကြာကြီး စောင့်ရ တယ်ပေါ့။ ဘယ်အခါမှာ စစ်တပ်ဟာ အရပ်သားအုပ်ချုပ်မှု အစိုးရအောက်ကို ရောက်လာသလဲဆိုတော့ နိုင်ငံထဲမှာ ရှိတဲ့ပြည်သူတွေရဲ့ ဒီမိုကရေစီစံနှုန်းပေါ်မှာ နားလည်နိုင်မှု မြင့်မားလာတဲ့ အခါမျိုးတွေပေါ့။ နိုင်ငံတွင်းမှာ ပညာတတ်နှုန်းများပြားလာ၊ မြင့်လာတဲ့အခါမျိုးတွေ၊ နိုင်ငံအတွင်းမှာ လူ့စွမ်းအား အရင်း အမြစ်တွေက တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ထိပ်တန်းကို ရောက်လာတဲ့ အခါမျိုးတွေမှာ ဆိုရင်တော့ စစ်တပ်ဆိုတာက အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိသွားတတ်တဲ့ သဘာဝရှိတယ်။ အဲဒီလို အခြေအနေမျိုးတွေ မရှိသေးသမျှ ဥပမာ တိုင်းပြည်မှာ ပညာတတ်တွေ တအားနည်းနေမယ်၊ လူ့စွမ်းအား အရင်းအမြစ်က မရှိသလောက် ရှားနေမယ်။ အဲဒီတိုင်းပြည်က အိမ်နီးချင်း ဒီမိုကရေစီ၊ အိမ်နီးချင်း နိုင်ငံ ကြီးတွေက ဒီမိုကရေစီ နိုင်ငံကြီးတွေ ဖြစ်မနေဘူးဆိုရင်ပေါ့။ အဲဒီလို အခါမျိုးဆိုရင်တော့ စစ်တပ်ဟာ အရပ်သားအုပ်ချုပ်မှုအောက်မှာ ရှိဖို့မလွယ်ဘူး” ဟု ပြောသည်။

ကမ္ဘာပေါ်တွင် စစ်တပ်က အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်မှာ အပြည့်အဝမရှိဘဲ သီးခြား အာဏာ တည်ရှိနေခြင်း သို့မဟုတ် အစိုးရကို လွှမ်းမိုးထားသည့် နိုင်ငံအချို့လည်းရှိသည်။

ပါကစ္စတန်နိုင်ငံသည် ရွေးကောက်ခံ အစိုးရရှိသော်လည်း နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒများတွင် စစ်တပ်ကသာ အဓိကဆုံးဖြတ်ချက် ချသူဖြစ်ကာ အာဏာသိမ်းမှုပေါင်းများစွာ ပြုလုပ်ခဲ့ဖူးသည်။

အလားတူ ထိုင်းနိုင်ငံတွင်လည်း စစ်တပ်သည် အရေးပါသော အခန်းကဏ္ဍတွင် အမြဲရှိနေကာ အာဏာ သိမ်းမှု အကြိမ်‌ပေါင်းများစွာ ရှိခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် အီဂျစ်နိုင်ငံသည် စစ်တပ်က အစိုးရကို ထိန်းချုပ်ထားရုံသာမက နိုင်ငံ၏ စီးပွားရေးကဏ္ဍ အများစု ကို ပိုင်ဆိုင်ထားကာ လက်ရှိသမ္မတ အာဘဒယ် ဖာတာ အယ်လ်စီစီ (Abdel Fattah el-Sisi) ကိုယ်တိုင် ကလည်း စစ်တပ် အကြီးအကဲဟောင်းဖြစ်သည်။

အာဖရိကနိုင်ငံအချို့ဖြစ်သည့် မာလီ၊ ဂီနီနှင့် ဘာကီးနားဖားဆို အစရှိသော နိုင်ငံတို့သည် မကြာသေးမီ နှစ်များအတွင်း စစ်တပ်က အာဏာသိမ်းခဲ့ပြီး လက်ရှိတွင်လည်း စစ်အုပ်ချုပ်ရေးအောက်မှာ ရှိနေကာ အရပ်သားအစိုးရဆိုတာ မရှိတော့ဘဲ စစ်တပ်က တိုက်ရိုက်အုပ်ချုပ်လျက်ရှိသည်။

မြန်မာ့တပ်မတော်မှ ဗိုလ်ချုပ်များကို တွေ့ရစဉ်

မြောက်ကိုရီးယားနိုင်ငံသည်မူ အနည်းငယ်ကွဲပြားပြီး စစ်တပ်သည် ပါတီနှင့် ခေါင်းဆောင်မှုအောက်တွင် ရှိသော်လည်း နိုင်ငံတော်အစိုးရ၏ အဓိက အသက်သွေးကြောဖြစ်ကာ နိုင်ငံ၏ အရင်းအမြစ် အားလုံးကို စစ်တပ်အတွက် ဦးစားပေးထားခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။

နိုင်ငံတစ်ခုတွင် စစ်တပ်သည် အရပ်သား အစိုးရအောက်တွင် ရှိရမည်ဆိုသည်မှာ မှန်ကန်သော်လည်း စစ်ဗိုလ်ချုပ်ကြီးများက သမ္မတဖြစ်သည့် နိုင်ငံများလည်း ရှိကြောင်း၊ ထိုသို့ သမ္မတ ဖြစ်လာသည့်အခါတွင် နိုင်ငံကို စစ်တပ်လိုမျိုး မအုပ်ချုပ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ ဂျော့ဖ်ဝါရှင်တန် (George Washington) တောင် သမ္မတဖြစ်လာတာပဲ။ ကျနော်တို့ ဆီမှာလည်း မဖြစ်ရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဂျော့ဖ်ဝါရှင်တန် သမ္မတ ဖြစ်လာတော့ သူက အမေရိကန်နိုင်ငံကို စစ်တပ်အုပ်ချုပ်သလို သူမအုပ်ချုပ်ဘူးပေါ့။ ဒါကိုလည်း အမှတ်ယူသင့်ပါတယ်။ ဒီဥစ္စာကတော့ ကျနော်တို့ လူကြီးသူမတွေရဲ့ ဆိုရိုးဆိုထုံးတွေနဲ့ မကိုက်ညီတဲ့ အခါကြတော့ ဒါဟာ ရေရှည်သွားဖို့ မလွယ်ဘူးလို့ ပြောလို့ရမှာပေါ့။ ကျနော်တို့နိုင်ငံ ဒီလောက်တောင်မှ အသုံးမကျ ဖြစ်လာ တာဟာ အဓိက,ကတော့ စစ်တပ်က အထက်စီးကနေ နေခဲ့တော့ ၁၉၆၂ ခုကတည်းက အထက်စီးကနေ နေခဲ့တဲ့အခါကြတော့ ကျနော်တို့နိုင်ငံဟာ အင်မတန်ချမ်းသာတဲ့ ဘဝကနေ အင်မတန် ဆင်းရဲတဲ့ဘဝကို ရောက်ခဲ့တယ်ဆိုတာ ကျနော်တို့ မေ့ဖို့မသင့်ပါဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းလုံးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး ယခု မတ်လတွင် တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များကို စတင် ကျင်းပ၍ လွှတ်တော် ဥက္ကဋ္ဌများ ရွေးချယ်ခြင်းနှင့် သမ္မတရွေးချယ်ခြင်းတို့ကို လုပ်ဆောင်မည်ဟု ထုတ်ပြန်ထားသည်။