CNI News
၂၀၂၆ ခုနှစ်၊ မတ် ၁၃
ဖက်ဒရယ်စနစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ပါဝင်သော်လည်း မြန်မာနိုင်ငံ၌ အချို့သော လူပုဂ္ဂိုလ်များသည် ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သီးခြားနားလည်နေကြကြောင်း၊ ဖက်ဒရယ်စနစ်ကို နားလည်ပါက ကိုယ်ပိုင်အုပ်ချုပ်ရေးကို ခွင့်မပြုစရာမရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အမှန်တကယ်ကတော့ ဖက်ဒရယ်စနစ်ရဲ့ အစိတ်အပိုင်းမှာ တချို့က ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုတာကို သီးခြားနားလည်နေတာ။ အမှန်ကတော့ ဖက်ဒရယ်စနစ်ထဲမှာကိုက ကိုယ်ပိုင်အုပ်ချုပ် ရေးလည်းပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ သူ့ဒေသမှာ သူ့ဘာသာသူ ရွေးကောက်ပွဲ လုပ်မယ်။ သူတို့ပြည်နယ်မှာ တက်လာတဲ့အစိုးရက သူတို့အုပ်ချုပ်မယ်ပေါ့။ အဲဒီက တက်လာတဲ့ ဒေသအစိုးရကို အထက်က ဗဟိုကဖြစ်ဖြစ် အထက်က စွက်ဖက်ခွင့်မရှိဘူး။ အဲဒီဒေသရဲ့ ဝန်ကြီးချုပ်၊ အဲဒီဒေသရဲ့ အုပ်ချုပ်ရေးမှူး၊ အဲဒီဒေသရဲ့အစိုးရကို ဘာမှ ဗဟိုအစိုးရက၊ ဖက်ဒရယ်အစိုးရက အပြောင်းအလဲ လုပ်ခွင့်မရှိဘူး။ သူ့ဟာနဲ့သူ အုပ်ချုပ်တာ။ သူကတော့ တိုင်းပြည်ရဲ့ အစိတ်အပိုင်းတော့ ဟုတ်တယ်။ ဒါပေမယ့် သူ့ဒေသက သူ့ပြည်သူလူထုရဲ့ ရွေးကောက်တင်မြှောက်မှုနဲ့ ဆုံးဖြတ်ချက်နဲ့ အုပ်ချုပ်တာ။ အဲဒါက ဖက်ဒရယ်စနစ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခု။ အဲဒါကို နားလည်ရင် ဘာမှ ခွင့်မပြုစရာ အကြောင်းမရှိဘူး” ဟု ပြောသည်။
သို့သော် မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်စနစ်၏ အနှစ်သာရနှင့် မကိုက်ညီသဖြင့် ၂၀၀၈ ၏ ဘောင်ကို ဖက်ဒရယ်စနစ်၏ ဘောင်နှင့် နီးစပ်သည့် စဉ်းစားချက်များဖြင့် ချဉ်းကပ်ဖြေရှင်းရမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

တိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံကို တွေ့ရစဉ်
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “အခု ကျနော်တို့ရဲ့ ၂၀၀၈ မှာက အဲဒီလိုမဟုတ်ဘူး။ ကျနော်တို့ ပြည်နယ် တွေမှာလည်း ရွေးကောက်ပွဲလုပ်တယ်။ ဗဟိုအစိုးရရဲ့ ရွေးကောက်ပွဲနဲ့ တစ်ပြိုင်တည်း လုပ်တယ်။ ရွေးကောက်ပွဲ ပြီးလို့ လွှတ်တော် ပေါ်လာတဲ့အခါ ပြည်နယ်လွှတ်တော်မှာ ဒီဝန်ကြီးချုပ် ဖြစ်ရမယ်ဆိုတာ ဗဟိုက သမ္မတက လုပ်တာ။ အဲဒီမှာတစ်ခါ တပ်မတော်ကလည်း ကိုယ်စားလှယ်တွေကလည်း ၄ ပုံ ၁ ပုံက ဝင်ထိုင်နေသေးတယ်။ နောက် ဝန်ကြီးချုပ်ကိုလည်း သမ္မတက nominated လုပ်တာဖြစ်တယ်။ ဒါက ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရနဲ့ မကိုက်ညီဘူး။ မကိုက်ညီတဲ့အပြင် အခုသူတို့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့လည်း ဆန့်ကျင်နေတယ်။ ဒါတွေကို ၂၀၀၈ ရဲ့ ဘောင်ကို လွတ်လွတ်လပ်လပ် ဖက်ဒရယ်စနစ်ရဲ့ ဘောင်နဲ့ နီးစပ်တဲ့၊ ဖက်ဒရယ်စနစ်ရဲ့ ဘောင်အတိုင်းဖြစ်တဲ့ စဉ်းစားချက်တွေနဲ့ ချဉ်းကပ်ပြီးတော့ ဖြေရှင်းမှရမယ်” ဟု ပြောသည်။
ဖက်ဒရယ်ဒီမိုကရေစီသော်လည်းကောင်း၊ ဒီမိုကရေစီဖက်ဒရယ်သော်လည်းကောင်း၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီ၏ အနှစ်သာရကို သိရှိနားလည်ရန် လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြလျက်ရှိသည်။
ဖက်ဒရယ်စနစ်သို့ ကူးပြောင်းရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း သို့မဟုတ် အသစ်ရေး ဆွဲခြင်း လိုအပ်ကြောင်း ၎င်းတို့က သုံးသပ်ကြသည်။
တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရန် နိုင်ငံရေးအရ တံခါး ဖွင့် ဆွေးနွေးရန် လိုအပ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက အကြံပြုကြသည်။

အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
မြန်မာ့တပ်မတော် အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးသည် စစ်မှန်သော ငြိမ်းချမ်းရေးကို ပေးချင် သည့် စိတ်စေတနာ အမှန်တကယ်ရှိရန်သာ အရေးကြီးကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တွေ့ဆုံဆွေးနွေးလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ဖက်ဒရယ် ဟုတ်ပြီ ဘယ်လိုဖက်ဒရယ်မျိုး လိုချင်တာ လဲ။ ဒီလို ဒီလိုဖက်ဒရယ်၊ ဘယ်လိုကိစ္စမျိုး Autonomy လိုချင်တာလဲ။ ဒီလို ဒီလိုကိစ္စမျိုး။ ရော့ ပေးနိုင်တယ်။ ၂၀၀၈ အရ ဒါကို ပေးလို့ရတယ်၊ ဒါကို ပေးလို့မရဘူး။ ပေးလို့မရပေမယ့် ဘယ်လိုနည်းနဲ့တော့ ပြန်ပြီးတော့ အခွင့်အလမ်းတွေ ဖန်တီးပေးလို့ ရတယ်ဆိုတာတွေက ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ စကားဝိုင်းတွေကနေ တဆင့် လုပ်နိုင်တဲ့အရာတွေ ဖြစ်တယ်။ မလုပ်နိုင်တဲ့ကိစ္စ ဘာမှမရှိဘူး။ လိုချင်တာက မြန်မာ့တပ်မတော် အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးသည် အနာဂတ် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက်ကို အနာဂတ် မျိုးဆက်သစ်တွေအတွက်ကို စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ပေးချင်တဲ့စိတ်စေတနာ အမှန်တကယ်ရှိဖို့ပဲ အရေးကြီး တယ်လို့ အန်တီက ဒီနေရာကနေ ပြတ်ပြတ်သားသား ပြောချင်တယ်” ဟု ပြောသည်။
အစိုးရသည် ပြည်နယ်များသို့ အာဏာခွဲဝေပေးခြင်းနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အဓိကသော့ချက်ဖြစ် ကြောင်း၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်ကြီးစိုးရေးကို အခြေခံထားသဖြင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီအတွက် အခြေခံဥပဒေသစ် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြ ကြသည်။
အနာဂတ် မြန်မာနိုင်ငံကို တည်ဆောက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဗမာမဟုတ်သော တိုင်းရင်း သား အင်အားစုများက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်ရန် သဘောထားရှိနေသလို မြန်မာ့ တပ်မတော်၊ NLD၊ USDP တို့ကတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအား တည်ထောင်ရန် သဘောထား ရှိကြသည်။
သို့သော် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဟု သဘောတူ ပြဋ္ဌာန်းထားသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တွင် အခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိစေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က ၇၅ နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့ဖူးသည်။
