CNI International News

ဘန်ကောက်၊ မတ် ၁၃

အကျဉ်းချခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ၏ ရှေ့နေများက  ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ခွင့်အတွက် လိုအပ်သော စာရွက်စာတမ်းများကို တင်ပြထားကြောင်း The Nation မှ ဖော်ပြခဲ့သည်။

စာရွက်စာတမ်းများကို တင်ပြခြင်းသည် ပထမအဆင့်ဖြစ်ပြီး နောက်တစ်ဆင့်မှာ အကျဉ်းဦးစီးဌာနက ဆက်လက်သုံးသပ်ရန်ဖြစ်ကြောင်း သက်ဆင်၏ ရှေ့နေဖြစ်သူ ဝင်းယတ် ချတ်မွန်ထရီ (Winyat Chatmontri) က ပြောကြားခဲ့သည်။

ဝင်းယတ်သည် ရှင်နာဝပ်မိသားစုဝင်များနှင့်အတူ ကလောင်ပရမ်ဗဟိုအကျဉ်းထောင် (Klong Prem Central Prison) ရှိ သက်ဆင်ဆီသို့ သွားရောက်တွေ့ဆုံပြီးနောက် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အကျဉ်းကျခံနေရသည့် သက်ဆင်အားတွေ့ရစဉ်

အကျဉ်းဦးစီးဌာနကလည်း သက်ဆင်သည် လာမည့် မေလ ၁၁ ရက်တွင် ခံဝန်ဖြင့် လွတ်မြောက်ခွင့် ရရှိရန် သတ်မှတ်ချက်နှင့် ပြည့်မီကြောင်း ယခင်ကပင် အတည်ပြုထားပြီး ဖြစ်သည်။

အကယ်၍ ခံဝန်လျှောက်ထားသည့် လုပ်ငန်းစဉ်များသည် သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ပြီး အတည်ပြုချက်ရရှိခဲ့မည်ဆိုပါက သက်ဆင်သည် မေလ ၁၁ ရက် နံနက် ၇ နာရီဝန်းကျင်တွင် ပြန်လည်လွတ်မြောက်လာမည်ဖြစ်သည်။

သက်ဆင်သည် ထောင်ဒဏ်တစ်နှစ်ပြစ်ဒဏ်၏ သုံးပုံနှစ်ပုံကို ကျခံပြီးနောက် မေလ ၁၁ ရက်တွင် ခံဝန်ဖြင့် လွတ်မြောက်ခွင့်ရရှိရန် အရည်အချင်းပြည့်မီကြောင်း အကျဉ်းဦးစီးဌာနက အတည်ပြုထားပြီးဖြစ်သည်။

ထို့ကြောင့် သူသည် ကျခံရန်လိုအပ်သော ပြစ်ဒဏ်ကာလကို မေလ ၁၀ ရက်တွင် ပြည့်မြောက်မည်ဖြစ်ရာ နောက်တစ်နေ့တွင် ပြန်လည်လွတ်မြောက်ခွင့် ရရှိလိမ့်မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနက ဆိုသည်။

မတ်လ ၁၂ ရက် နံနက်ပိုင်းက ဝန်ကြီးချုပ်ဟောင်း  ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ၎င်း၏ခင်ပွန်းဖြစ်သူ ပီတာကာ ဆပ်ဆာဝပ် (Pitaka Suksawat) နှင့်အတူ ကလောင်ပရမ် ဗဟိုအကျဉ်းထောင်ရှိ သက်ဆင်ထံသို့ သွားရောက်တွေ့ဆုံခဲ့သည်။

ရှင်နာဝပ် မိသားစုကို တွေ့ရစဉ်

ထိုတွေ့ဆုံမှုသည် သက်ဆင်နှင့် ၎င်းမိသားစု၏ ၄၇ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ကြောင်း ထိုင်းမီဒီယာများက ဖော်ပြကြသည်။

ပေတုန်တန်သည် သက်ဆင်နှင့် မိနစ် ၅၀ ခန့်တွေ့ဆုံခဲ့ပြီးနောက် သက်ဆင်သည် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး အိပ်မပျော်သည့်ပြဿနာများလည်း သက်သာကောင်းမွန် လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းတို့ တွေ့ဆုံချိန်အတွင်း နိုင်ငံရေးကိစ္စရပ်များ သို့မဟုတ် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခများအကြောင်းကို ဆွေးနွေးခဲ့ခြင်းမရှိဘဲ ၎င်း၏ ဥပဒေရေးရာအမှုကိစ္စများကိုသာ အဓိကထား ပြောဆိုခဲ့ကြကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။

မေလထဲတွင် လွတ်မြောက်လာနိုင်ခြေနှင့် ပတ်သက်၍ မေးမြန်းရာတွင် မိသားစုအနေဖြင့် သက်ဆင်ကို အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေလိုကြောင်းနှင့် ဥပဒေကြောင်းအရ လိုအပ်သော စာရွက်စာတမ်းကိစ္စရပ်များကိုမူ ရှေ့နေများအား လွှဲအပ်ထားကြောင်း ပေတုန်တန်က ဖြေကြားခဲ့သည်။

Ref: The Nation