CNI International News

ဘဂ္ဂဒက်၊ မတ် ၁၃

အီရတ်နိုင်ငံ ကာဒစ္စတန်ဒေသရှိ အီတလီစစ်အခြေစိုက်စခန်းတစ်ခုသည် ညအချိန် လေကြောင်း တိုက်ခိုက်ခံခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အီတလီကာကွယ်ရေးတာဝန်ရှိသူများက မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှဖော်ပြခဲ့သည်။

အာဘေးလ် (Erbil) မြို့ရှိ အီတလီစစ်စခန်းသည် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ဝန်ကြီးဌာနသတင်းရင်းမြစ်များက ဒရုန်းတစ်စင်းသည် အီတလီစစ်ဘက်သုံးယာဉ်တစ်စီးကို ဖျက်ဆီးသွားခဲ့ပြီး ထိုဖြစ်စဉ်သည် မတော်တဆဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

"အီတလီစစ်မှုထမ်းတွေထဲမှာ သေဆုံးသူ ဒါမှမဟုတ် ဒဏ်ရာရသူ မရှိပါဘူး။ အားလုံး ဘေးကင်းကြပါတယ်" ဟု အီတလီ ကာကွယ်ရေးဝန်ကြီးဌာနက X လူမှုမီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

အီတလီကာကွယ်ရေးဝန်ကြီးကို တွေ့ရစဉ်

ထိုဒရုန်းသည် အီတလီစစ်စခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်းမဟုတ်ဘဲ အမြင့်ပေ နိမ့်ကျလာပြီးနောက် မတော်တဆ လာရောက်ထိမှန်ခြင်းသာ ဖြစ်နိုင်ကြောင်း ဝန်ကြီးဌာန၏ သတင်းရင်းမြစ်များက ထပ်လောင်းပြောကြားခဲ့သည်။

ထိုစစ်စခန်း၏ တပ်မှူးဖြစ်သူ ဗိုလ်မှူးကြီး စတီဖနို ပစ်ဇော့တီ (Colonel Stefano Pizzotti) က လေကြောင်းရန် အန္တရာယ်ရှိကြောင်း ကြိုတင်သတိပေးချက်ရရှိထားသဖြင့် တိုက်ခိုက်မှုမဖြစ်ပွားမီ နာရီပိုင်းအလိုကတည်းက စစ်မှုထမ်းများသည် ဗုံးခိုကျင်းများအတွင်း ခိုလှုံနေခဲ့ကြကြောင်း Sky TG24 ရုပ်သံဌာနကို ပြောကြားခဲ့သည်။

တပ်မှူး Colonel Stefano Pizzotti ကိုတွေ့ရစဉ်

တိုက်ခိုက်မှုသည် မည်သည့်ဘက်က လာသည်ကို မသိရသေးကြောင်းနှင့် လေကြောင်းရန် သတိပေးချက်မှာ ပြီးဆုံးသွားပြီဖြစ်သော်လည်း ကျွမ်းကျင်သူများက နယ်မြေအတွင်း လုံခြုံရေးအတွက် ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

အီတလီသည် ကာဒစ္စတန် လုံခြုံရေးတပ်ဖွဲ့များကို စစ်သင်တန်းများ လေ့ကျင့်သင်ကြားပေးရန်အတွက် အာဘေးလ်မြို့တွင် အီတလီတပ်ဖွဲ့ဝင် ၃၀၀ ခန့် ချထားကြောင်း အီတလီကာကွယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အီတလီကာကွယ်ရေးဝန်ကြီးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်

သို့သော် အီရန်အပေါ် ဆင်နွှဲနေသည့် အမေရိကန်-အစ္စရေး စစ်ပွဲကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကြောင့် မကြာသေးမီကပင် အီတလီတပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချခဲ့ကြောင်း ပစ်ဇော့တီက ပြောကြားခဲ့သည်။

Source: ရိုက်တာ