CNI International News

ပြုံယမ်း၊ အောက်တိုဘာ ၁၄

ပြုံယမ်း (Pyongyang)၏ ကောင်းကင်ယံတွင် တောင်ကိုရီးယားဒရုန်းများကို တွေ့ရှိမည်ဆိုပါက တောင်ကိုရီးယား အနေဖြင့် ကြောက်မက်ဖွယ် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံ (Kim Yo Jong) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ပြင် ပြုံယမ်းမြို့တော်၏ ကောင်းကင်ယံပေါ်တွင် တောင်ကိုရီးယားဒရုန်းများ ဝင်ရောက်ပျံသန်းခဲ့သည်ဆိုသည့် မြောက်ကိုရီးယား၏ ပြောကြားချက်ကို တုန့်ပြန်ခဲ့သော တောင်ကိုရီးယားစစ်တပ်ကိုလည်း ကင်မ်ယိုဂျုံက ဝေဖန် ခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယခုသီတင်းပတ်အတွင်း ပြုံယမ်းမြို့တော်၏ ကောင်းကင်ယံတွင် တောင်ကိုရီးယားက ဒရုန်းများ လွှတ်တင်ခဲ့ ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၁ ရက်တွင် စွပ်စွဲခဲ့သည်။

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) ကမူ မိမိတို့အနေဖြင့် မြောက်ကိုရီးယား၏ စွပ်စွဲချက်များကို အတည်မပြုနိုင်ကြောင်း တုန့်ပြန်ပြောကြားခဲ့သည်။

တောင်ကိုရီးယားဘက်ကို ပျက်ကျခဲ့တဲ့ မြောက်ကိုရီးယားဒရုန်းကို တွေ့ရစဉ်

"တောင်ကိုရီးယားရဲ့ ပြောကြားချက်အရ မကြာသေးခင်က တောင်ကိုရီးယားစစ်တပ်ဟာ ဝါဒဖြန့်စာစောင်တွေ ပါရှိတဲ့ ဒရုန်းတွေကို လွှတ်တင်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်" ဟု ကင်မ်ယိုဂျုံက ပြောကြားခဲ့သည်။

ထိုဒရုန်းများကို မည်သည့် အဖွဲ့အစည်းက လွှတ်တင်ခဲ့သည်ဆိုခြင်းကို အတည်မပြုနိုင်ပါက တောင်ကိုရီးယား စစ်တပ်သည် လိမ်ညာလိမ့်မည်ဟု ၎င်းက ဆိုသည်။ 

ယခုနှစ် မေလကစပြီး မြောက်ကိုရီးယားသည် အမှိုက်အိတ်များ တွဲချည်ထားသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားနိုင်ငံအတွင်းသို့ လွှတ်တင်ခဲ့သဖြင့် တင်းမာမှုများ မြင့်တက်ခဲ့သည်။

မြောက်ကိုရီးယား ဝါဒဖြန့်စာစောင်များ ပါရှိသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများ က လွှတ်တင်ခဲ့သဖြင့် ထိုလုပ်ရပ်ကို တုန့်ပြန်သည့်အနေဖြင့် အမှိုက်များပါသော မိုးပျံပူဖောင်းများကို ပြန်လည် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။

Source: ရိုက်တာ