CNI International News

ဆိုးလ်၊ဒီဇင်ဘာ ၂၇

မြောက်ကိုရီးယား ဒရုန်းများ ပိုင်နက်ကျူးကျော်လာမှုကြောင့် ဒီဇင်ဘာ ၂၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံက သတိပေး ပစ်ခတ်ခြင်း၊ ဂျက်တိုက်လေယာဉ်များ စေလွှတ်ခြင်းနှင့် နယ်စပ်တလျှောက် ထောက်လှမ်းရေးယာဉ် များ ပျံသန်းခြင်းဖြင့် တုန့်ပြန်ခဲ့သည်ဟု အေပီသတင်းမှာ ဖော်ပြထားသည်။

မြောက်ကိုရီးယား ဒရုန်းများသည် ငါးနှစ်အတွင်း ပထမဆုံးအဖြစ် တောင်ကိုရီးယားဘက်သို့ ကျူးကျော် ဝင်ရောက် လာခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားဘက်မှ ဒရုန်း ၅ စင်း နယ်စပ်ဖြတ်ကျော်လာခြင်းကို တောင်ကိုရီးယားစစ်တပ်မှ သတိ ပြုမိခဲ့ ကြောင်း၊ ထိုအထဲမှ တစ်စင်းမှာ နယ်စပ်ကနေ တစ်နာရီနီးပါး ပျံသန်းရသည့် မြို့တော် မြောက်ဘက်အထိပင် ရောက်ရှိလာခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က ပြောသည်။

၎င်းကို တုန့်ပြန်ရန် သတိပေးပစ်ခတ်မှုများအပြင် ဒရုန်းများကို ပစ်ချရန် ဂျက်တိုက်လေယာဉ်များနှင့် တိုက်ခိုက် ရေး ရဟတ်ယာဉ်များကိုပါ စေလွှတ်ခဲ့သည်ဟု သိရသည်။

မြောက်ကိုရီးယား နိုင်ငံဘက်ခြမ်းကိုတွေ့ရစဉ် (AP)

တိုက်ခတ်ရေး ရဟတ်ယာဉ်များမှ စုစုပေါင်းအကြိမ် ၁၀၀ ခန့် ပစ်ခတ်ခဲ့ပြီး ထိုပစ်ခတ်မှုများတွင် မြောက်ကိုရီးယား ဒရုန်းများကို ပစ်ခတ်နိုင်ခဲ့သလားဆိုသည်ကိုတော့ မသိရသေးပေ။ ထိုအဖြစ်အပျက်များကြောင့် အရပ်သားများ ထိခိုက်မှုနှင့်ပတ်သက်သည့် သတင်းပေးပို့မှုများလည်း မရှိသေးကြောင်း တောင်ကိုရီယား ကာကွယ်ရေးဌာနက ပြောသည်။

ဒရုန်းများ မစေလွှတ်ခင် မြောက်ကိုရီးယားသည် တာတိုပစ် ပဲ့ထိန်းဒုံးကျည် နှစ်စင်းကိုလည်း ပစ်လွှတ်ခဲ့သေး သည်။ တောင်ကိုရီးယား - အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို တုန့်ပြန်ရန် ပစ်လွှတ်စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၂၆ ရက်နေ့က ဖြစ်စဉ်တွင် တောင်ကိုရီးယား ဂျက်တိုက်လေယာဉ် တစ်စင်းဖြစ်သော KA-1 တိုက်ခိုက် ရေး လေယာဉ်သည် ပျံတက်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ပြီး လေယာဉ်မှူးနှစ်ဦး စလုံးမှာ ဘေးကင်စွာ ခုန်ထွက်နိုင်ခဲ့ ကြောင်း ကာကွယ်ရေးဌာနက ပြောသည်။

မြို့တော် ဆိုးလ် အနီးတစ်ဝိုက်ရှိ အရပ်ဘက်သုံး လေဆိပ်များမှ လေယာဉ်ပျံတက်မှုများကို ယာယီရပ်နားရန် တောင်ဆိုထားသည်ဟုလည်း ပြောသည်။

တောင်ကိုရီးယားဘက်မှ တုန့်ပြန်မှုများတွင် နယ်စပ်အနီးနှင့် နယ်စပ်တလျှောက်ရှိ မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ အဆောက်အဦ များကို ဓာတ်ပုံရိုက်ရန် ထောက်လှမ်းရေးယာဉ်များကိုလည်း စေလွှတ်ခဲ့သည်ဟု ပူးတွဲစစ်ဦးစီးချုပ်က ပြောသည်။

မြောက်ကိုရီးယား ဒရုန်းကိုတွေ့ရစဉ် (AP)

ထိုကိစ္စအပေါ် အသေးစိတ် ရှင်းပြခြင်းမျိုး မရှိသော်လည်း မြောက်ကိုရီးယား ပိုက်နက်အတွင်းသို့ လူမဲ့ဒရုန်းများစေ လွှတ်ခြင်းမျိုး ဖြစ်နိုင်သည်ဟု လေ့လာသူတချို့က သုံးသပ်သည်။

တနင်္လာနေ့ဖြစ်စဉ်သည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် တောင်ကိုရီးယား လေပိုင်နက်အတွင်းသို့ မြောက်ကိုရီးယား ဒရုန်းများ ဝင်ရောက်လာခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် မြောက်ကိုရီးယားဘက်မှဟု သံသရရှိသော ဒရုန်းတစ်စင်း တောင်ကိုရီးယားတွင် ပျက်ကျနေ သည်ကို တွေ့ခဲ့ရသည်။ ထိုဒရုန်းသည် ဆိုနီကုမ္ပဏီထုတ် ကင်မရာဖြင့် တောင်ကိုရီးယားရှိ အမေရိကန်ဒုံးကျည် ကာကွယ်ရေးစနစ်များကို ဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား စစ်ဘက်အရာရှိများက ပြောသည်။

Source: AP