CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်ရှိနေသည့် အမှုများကို ဒီဇင်ဘာ ၃၀ ရက်မှာ အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်သည့် အတွက် နောက်ပိုင်း နိုင်ငံရေးအခင်းအကျင်းသစ်သည် မည်ကဲ့သို့သော ပုံစံဖြစ်လာနိုင်သလဲဆိုကာ နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ သုံးသပ်ချက် အမျိုးမျိုး ထွက်ပေါ်နေသည်။

လာမည့် နိုင်ငံရေး အခင်းအကျင်းအသစ်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများနှင့် သက်ဆိုင်လိမ့်မည်ဟု ယူဆကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို စစ်ဆေးနေစဉ်

ဦးရဲထွန်း “မကြာသေးခင်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်လို့ နောက်ပိုင်း ဘယ်လိုတွေ ဖြစ်လာနိုင်သလဲဆိုတာက သူ့ရဲ့ သဘောထား အပေါ်မှာ မူတည် တယ်ဆိုပြီးတော့ အဲဒီလို ပြောထားတာကို သတိထားမိတယ်ဗျ၊ အဲဒီတော့ သူပြောချင်တာက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ နောက်ပိုင်း အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သက်ရောက်မှုတွေ အခုလက်နက်ကိုင် NUG၊ PDF တို့က တိုက်နေတဲ့ လက်နက်ကိုင် တိုက်ပွဲပေါ့ဗျာ၊ အဲဒါတွေ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ဘယ်လို ဖော်ပြမလဲဆိုတာ ရည်ညွန်းတယ်လို့ ကျနော်တော့ ယူဆတယ်၊ သူ့ရဲ့သဘောထားက NUG PDF တွေ လုပ်နေတဲ့ လက်နက်ကိုင် တိုက်ပွဲအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သ‌ဘောထားတွေက အများကြီး သက် ရောက်မှု ရှိနိုင်တာပေါ့နော်၊ သူထောက်ခံရင် ထောက်ခံသလို၊ မထောက်ခံဘူးဆိုရင် မထောက်ခံဘူး ဆိုသလို ပေါ့ နော်၊ ဒါကြောင့်မို့လို့ အဲဒီဟာအရ အဆိုးအကောင်း အပြောင်းအလဲတွေ ရှိလိမ့်မယ်လို့ ကျနော်တော့ ယူဆပါ တယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုဖြင့် တရားစွဲဆိုထားပြီး အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ထားသည်။

ထို့နောက် ကျန်ရှိသည့် အမှုများကို ဒီဇင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထား အပြီးသတ်မည်ဟု သတင်းများတွင် ဖော်ပြလျက်ရှိသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်ရှိနေသည့် အမှုများကို မြန်မြန်ဆန်ဆန် အမိန့်ချမှတ်ခြင်းက ၎င်းတို့ တွင် ရည်ရွယ်ချက်များ ရှိနေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

NLD ၏ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့သူ မန်း၀င်းခိုင်သန်းနဲ့ PDF များကိုတွေ့ရစဉ်

ဦးကြီးမြင့် “သူတို့မှာ ရည်ရွယ်ချက် ရှိတယ်လေ၊ မြန်မြန် ချလိုက်တဲ့ အခါကြတော့ လွှတ်စရာရှိရင်လည်း လွှတ် လိုက်လို့ ရတာပေါ့၊ ‌နောက်တစ်ခုက ဘာလဲဆိုရင် ရွေးကောက်ပွဲရှိတယ်လေ၊ ရွေးကောက်ပွဲမှာ သူ့ကို ဝင်လို့ မရအောင် လုပ်ထားတာပေါ့၊ ‌ထောင်ကျနေပြီပေါ့၊ အဲဒီသဘောပေါ့နော်၊ အဖမ်းဆီး ခံထားရရုံလောက်နဲ့လည်း ဝင်လို့ရတယ်လေ၊ ဒါကတော့ ထားပေါ့လေ၊ အဲဒီတော့ ရွေးကောက်ပွဲကို မဝင်စေချင်ဘူးပေါ့” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် အမိန့်ချပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးသင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “NLD ကနေ ဒေါက်တာမျိုးညွန့်တို့၊ ဘာတို့ကိုလည်း အသက်ကြီးတဲ့ လူတွေကို အဲဒီလို လွတ်ငြိမ်းခွင့် ပြစ်ဒဏ်တွေ လျော့ပေါ့ပေးတဲ့ သက်သေ သာဓကလည်း ရှိပါတယ်၊ အဲဒါကြောင့် အမျိုးသား အကျိုးစီးပွားနဲ့ ပြည်လည်ပြီးမှ ပေါင်းစည်းရေးကို စိတ်ကောင်း စေတနာကောင်းထားမယ်၊ ပြည်သူလူထုရဲ့ ဆန္ဒကိုလည်း လေးစား မယ်ဆိုရင်ကတော့ အခုတာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ ဒါလွတ်ငြိမ်းချမ်းသာခွင့် ပေး နိုင်တဲ့ အခြေအနေ သူ့မှာ လုပ်ပိုင်ခွင့်လည်း ရှိနေတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲ စာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ဖြုတ်ချပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် NLD ခေါင်းဆောင်အချို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

ထို့နောက် NLD မှ လွှတ်တော်အမတ်များနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက PDF များကို ဖွဲ့စည်း ကာ မြန်မာ့တပ်မတော်အား ပြန်လည် ဖြုတ်ချရေး “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ”ဟု ကြွေးကြော်၍ တိုက်ခိုက် လျက်ရှိနေသည်။