CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၅

လက်ရှိ နိုင်ငံရေး အကျပ်အတည်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူ၏ သဘောထားကို တစ်စုံတစ်ရာ ထုတ်ဖော် ပြောသင့်သော်လည်း ဘာကြောင့် နှုတ်ဆိတ်နေရသလဲဆိုကာ နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ် ဆွေးနွေးနေကြသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ သူ၏ သဘောထားကို ထုတ်ဖော် ပြောဆိုလာပါက အကျပ်အတည်းအချို့ ဖြေလျော့နိုင်ဖွယ်ရှိကြောင်း မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ မှတ်ယူနေကြသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရှုပ်ထွေးနေသည့် နိုင်ငံရေးအပေါ် အကဲမဖြတ်နိုင်ဘဲ ဖြစ်နိုင်သလို ပြင်ပနှင့်ပြောဆိုခွင့် ပိတ်ပင်ထားခြင်းကြောင့်လည်း သူမ၏ သဘောထား မထွက်လာခြင်း ဖြစ်နိုင်သည်ဟု တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ “သူ့အနေနဲ့ အခြေအနေတွေ ရှုပ်ထွေးတဲ့ အပေါ်မှာ အကဲမဖြတ်နိုင်ဘူးထင်တယ်၊ ဒါတစ်ခု၊ ‌နောက်တစ်ခုကလည်း သူ့ကို ပြင်ပဆက်သွယ်ဖို့ သူ့ကို နှုတ်ပိတ်ထားတာနဲ့ တူပါတယ်၊ ဆက်ဆံရေး လမ်းကြောင်း တွေကို ပိတ်ထားတာနဲ့ တူပါတယ်၊ အဲဒါကြောင့် ဘာမှ မကြားရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ပြသနေကြစဉ်(Ye Aung Thu)

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့်လည်း ပြည်တွင်း၌ ကျန်ရှိနေသည့် အင်အားစုနှင့် လွတ်မြောက်နယ်မြေသို့ ‌‌ရောက်ရှိနေသော အင်အားစုကြား သဘောထားများ ကွဲလွဲလျက် ရှိနေသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို နစက-က ပြဋ္ဌာန်းခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံပြန်မတင်သည့် ပါတီများသည် အလိုအလျောက် ပါတီဖျက်သိမ်းပြီးသားဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်က ထုတ်ပြန်ခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို သိရှိနိုင်ရန် ကြားဝင်ဖြန်ဖြေပေးသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် သက်ဆိုင်လိမ့်မည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်က “NLD ဖက်က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ သူကြိုးစားမှာလား၊ အသံတစ်ခုကို SAC ကြားအောင် ဘယ်လိုပြောမှာလဲ၊ ကြားဝင်ဖြန်ဖြေမှုကတော့ လိုအပ်မယ်ထင်တယ်၊ မဟုတ်ရင် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အသံကို ကြားဖို့ ခက်လိမ့်မယ်ဗျ၊ ‌ဒေါ်စန္ဒာမင်းတို့လည်း တွေ့ဖို့ ခက်လိမ့်မယ်၊ ဦးတိုးလွင်တို့လည်း တွေ့ဖို့ ခက်လိမ့်မယ်၊ တခြား ICRC ဖက်ကများ ပြောမှာလား၊ သို့မဟုတ် ရုံးမှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကတဆင့် အသံပေးလာမှာလား။ ဆုံးဖြတ်ချက် တစ်ခုကတော့ဖြစ် ရက် ၆၀ အတွင်း NLD ဖက်က ချရ တော့မယ်၊ သူတို့ရဲ့ ပိုင်ဆိုင်မှု ရုံးတွေကလည်း နိုင်ငံအနှံ့ တော်တော်များများ ရှိကြတဲ့ အခါကြတော့လေ၊ ဆုံးဖြတ် ချက် တစ်ခုတော့ ပေးရမယ် ထင်ပါတယ်။ မြန်မာ့နိုင်ငံရေး ဘယ်လဲဘာလဲက‌တော့ဖြင့် ကြားဝင်ဖြန်ဖြေပေးကြတဲ့ ပုဂ္ဂိုလ်များရဲ့ စွမ်း‌ဆောင်ရည်များနဲ့ တိုက်ရိုက် အချိုးကျမယ် ထင်ပါတယ်” ဟု ပြောသည်။

မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ကြိုးစားနေပုံရကြောင်း၊ သို့သော်လည်း တရုတ်၏ ချည်းကပ်မှုက NUG ၏ အနောက်တွင်ရှိသည့် အနောက်နိုင်ငံများနှင့် တူညီမှာမဟုတ်ကြောင်း ၎င်းက ပြောသည်။

NUG နဲ့ PDF ကို တွေ့ရစဉ် 

ပြည်တွင်း နိုင်ငံရေးပါတီကြီးတစ်ခုမှ ခေါင်းဆောင် တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်သည် နှုတ်ဆိတ်နေ ခြင်းကနေ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကြားမှာ သူ၏ အခန်းကဏ္ဍကို ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ NLD ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင်အခြား ပါတီဝင်များကို မြန်မာ့တပ်မတော်က ဖမ်းဆီးခဲ့သည်။

ထို့နောက် နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)အား ဖွဲ့စည်း၍ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး လုပ်ငန်းများအား လည်ပတ်လျက်ရှိနေသည်။

ထို့ကြောင့် မြန်မာ့တပ်မတော် ဖြုတ်ချရေးနှင့် ဆန့်ကျင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LDF) များ ပေါ်ပေါက်လာကာ လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်လျက်ရှိနေသည်။