CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၈

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဖြေရှင်း လာသည့်တိုင် အလုံးစုံ‌ ပြေလည်မှာ မဟုတ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ပြောရေးဆိုခွင့် ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လက်ရှိ လက်နက်ကိုင် ပဋိပက္ခအပေါ် တစ်စုံတစ်ရာ ပြောဆိုပါက ပြဿနာ ပြေလည်နိုင်မည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

ဦးမျိုးကျော်က “သူ့ကို (ဒေါ်အောင်ဆန်းစုကြည်)တော့ ပုဂ္ဂိုလ်ရေးအရ အင်မတန် လေးစားကြည်ညိုတဲ့ သူတွေ လည်း များပါတယ်။ အခန်းကဏ္ဍ တစ်ခုအနေနဲ့တော့ ရှိနေတယ်၊ ဒါပေမဲ့ အလုံးစုံတော့ သူပြောရုံနဲ့ ပြီးမယ်ဆိုတဲ့ ဟာမျိုးလည်း တိတိကျကျ ပြောဖို့ကြတော့ ခက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာကတော့ သူ့ထက် ရှေ့တန်းကို ရောက်သွားတာက တကယ့် လူငယ်လေးတွေရဲ့ လှုပ်ရှားမှုတွေက ပိုပြီးရှေ့ကို ‌‌ရောက်သွားပြီ၊ အဲဒီ တော့ တစ်စုံတစ်ရာလောက်တော့ ဖြစ်ပါလိမ့်မယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အပြောင်းအလဲများကြောင့် ပြည်တွင်း တွင် လက်နက်ကိုင် ပဋိပက္ခများ ‌ပေါ်‌ပေါက်ခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

ဖမ်းဆီးခံထားရသည့် ဒေါ်‌အောင်ဆန်းစုကြည်ကို လွှတ်ပေးရုံမျှ လက်ရှိ နိုင်ငံရေးပြဿနာများကို တာဝန်ယူ ဖြေရှင်းနိုင်မှာ မဟုတ်သေးကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသန်းစိုးနိုင်က “အဲဒါက လက်ရှိ ပြည်သူလူထုက ရုန်းကန်တိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေးရဲ့ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ဘယ်လိုရှိသလဲဆိုတဲ့ အချက်အလက်‌ပေါ် မူတည်လိမ့်မယ်လို့ ထင်ပါ တယ်။ အခုက အခြေအနေက အများကြီး ပြောင်းလဲသွားပြီ၊ NLD ပါတီလည်း ဖျက်သိမ်းခံထားရတဲ့ အနေအထား သူကိုယ်တိုင်လည်း ထောင်ဒဏ် အနှစ် ၃၀ ကျော် ချမှတ်ခံထားရတဲ့ အနေအထား အဲဒီတော့ သူ့ကို လွှတ်ပေးလိုက် ရုံနဲ့ အရင်တုန်းကလို ပြဿနာတွေ တာဝန်ယူ ဖြေရှင်းနိုင်တဲ့ အနေအထား မရောက်ရှိ သေးပါဘူးခင်ဗျ၊ အဲဒါ ကြောင့် လောလောဆယ် ကာလမှာ လွှတ်ခြင်း မလွှတ်ခြင်းဆိုတဲ့ကိစ္စက ကျနော်တို့ ပြောရခက်ပါတယ်။ သူ လွတ်လာလို့ရှိရင်လည်း အဲဒီနောက် လက်ရှိ အခြေအနေ၊ လက်ရှိပြည်တွင်း ပဋိပက္ခတွေအပေါ်မှာ သူဘယ်လို ရှု့မြင်သလဲ၊ ဘယ်လို သဘောထားလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ သူ့ရဲ့ ခေါင်းဆောင်မှု အခန်းက ပေါ်လွင် လာလိမ့်မယ် ထင်ပါတယ်” ဟု ပြောသည်။

 တပ်မတော်ကို ဆန့်ကျင်ကန့်ကွက်ကြစဉ်

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ NLD ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင်အခြား ပါတီဝင်များကို မြန်မာ့တပ်မတော်က ဖမ်းဆီးခဲ့သည်။

ထို့နောက် နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)အား ဖွဲ့စည်း၍ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး လုပ်ငန်းများအား လည်ပတ်လျက်ရှိနေသည်။

ထို့ကြောင့် မြန်မာ့တပ်မတော် ဖြုတ်ချရေးနှင့် ဆန့်ကျင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) များ ပေါ်ပေါက်လာကာ လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်လျက်ရှိနေသည်။