CNI International News

လန်ဒန်၊ ဧပြီ ၈

သီတင်းပတ်ကုန်ပိုင်း အီစတာအားလပ်ရက်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် လက်နက်ကိုင် အတိုက်အခံ အုပ်စုများက စီစဉ်နေသည်ဟု မြောက်အိုင်ယာလန်ရဲတပ်ဖွဲ့က သတိပေးလိုက်ကြောင်း အေပီ သတင်းမှာ ဖော်ပြထားသည်။

၁၉၉၈ ခုနှစ်၊ ဧပြီ ၁၀ ရက်တွင် Good Friday သဘောတူညီချက် ရရှိခဲ့ခြင်း၏ ၂၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို မြောက်အိုင်ယာလန်တွင် ကျင်းပရန် စီစဉ်ထားပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) လည်း လာမည့်သီတင်းပတ်၌ ဘဲလ်ဖတ် (Belfast) သို့ သွားရောက်ရန် စီစဉ်ထားသည်။

အမေရိကန်မှ ဦးဆောင် ပြုလုပ်ပေးခဲ့သော သဘောတူညီချက်ကြောင့် အိုင်းရစ် ရီပတ်ပလီကန်များနှင့် ဗြိတိန် သစ္စာခံ လက်နက်ကိုင်အဖွဲ့များအကြား လက်နက်စွန့်ကာ မြောက်အိုင်ယာလန်အတွက် အစိုးရအာဏာ ခွဲဝေရေး ကို ဖြစ်စေခဲ့သည်။

ထိုငြိမ်းချမ်းရေး သဘောတူညီချက်သည် the Troubles ဟုခေါ်သော နှစ် ၃၀ ကြာ အကြမ်းဖက်မှုများကို အများစု ချုပ်ငြိမ်းစေခဲ့သော်လည်း ဆန့်ကျင့်သူ အုပ်စုများကတော့ လုံခြုံရေးတပ်ဖွဲ့များကို ဗုံးခွဲမှု၊ ပစ်ခတ်မှုများ လုပ်ဆောင်လျက် ရှိသေးသည်။

အကြမ်းဖက်ရန် လုပ်ဆောင်နေသည့် ပန်းချီကိုတွေ့ရစဉ်

(Londonderry) မြို့ရှိ ဒုတိယမြောက် အီစတာနေ့ အခမ်းအနား (Easter Monday) ချီတက်ပွဲတွင် အကြမ်းဖက်မှု များ ပြုလုပ်ရန် စီစဉ်နေသည့် သတင်း ရရှိထားသည်ဟု မြောက်အိုင်ယာလန်ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ဘော်ဘီ စင်ဂဲလ်တန် (Bobby Singleton) က ပြောသည်။

အတိုက်အခံများ၏ ခြိမ်းခြောက်မှုကြောင့် ဗြိတိန်အာဏာပိုင်များသည် ပြီးခဲ့သည့်လတွင် မြောက်အိုင်ယာလန်၏ အကြမ်းဖက် ခြိမ်းခြောက်မှုအဆင့်ကို ပြင်းထန်သည့် အခြေအနေသို့ တိုးမြှင့်ခဲ့သည်။

တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်ရန် အလားအလာ အမြင့်ဆုံးတွင် ရှိနေသည့် သဘော ဖြစ်သည်။

ဖော်ဝါရီလတွင် ရဲအရာရှိတစ်ဦးကို မျက်နှာဖုံးစွပ် သေနတ်သမားနှစ်ဦးက ပစ်သတ်မှု ဖြစ်ပွားခဲ့သည်။

ဘိုင်ဒန်ကိုတွေ့ရစဉ် 

ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများနှင့် ထောင်ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုများသည် အကြမ်းဖက်သမားများ၏ အဓိက ပစ်မှတ်ဖြစ်သည်ဟု ရဲချုပ် ဆိုင်မွန် ဘာနီ (Simon Byrne)က ပြောသည်။

Good Friday သဘောတူညီချက်ကို မြောက်အိုင်ယာလန်တွင် ကောင်းမွန်စွာ ကျင့်သုံးနိုင်လျက်ရှိသော်လည်း နိုင်ငံရေးဘက်တွင်တော့ ပဋိပက္ခများစွာ ပေါ်ပေါက်လျက်ရှိသည်။

Brexit အလွန် မြောက်အိုင်ယာလန်၏ ကုန်သွယ်ရေး သတ်မှတ်ချက်များကို ဆန့်ကျင့်ဆန္ဒပြသည့် ပင်မ သမဂ္ဂ အဖွဲ့တစ်ခုက အစိုးရအဖွဲ့မှ ထွက်ခွာသွား ခဲ့ပြီးနောက် မြောက်အိုင်ယာလန် လွှတ်တော်ကို မကျင်းပနိုင်သည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီ ဖြစ်သည်။

Source: AP