CNI International News

အစ္စလာမ်မာဘက်၊ ဖေဖော်ဝါရီ ၂၈

ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မူဟာမက် အဆစ်ဖ် (Khawaja Muhammad Asif) က အာဖဂန်နစ္စတန် ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် စစ်ကြေညာပြီး အာဖဂန်၏ ကာဘူးလ် (Kabul) မြို့တော်နှင့် တာလီဘန် ခေါင်းဆောင် နေထိုင်သည့် ကန်ဒါဟာ (Kandahar) ပြည်နယ်များရှိ အစိုးရပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ပါကစ္စတန်၏ ယခုလေကြောင်း တိုက်ခိုက်မှုများသည် ပါကစ္စတန်အစိုးရ အနေဖြင့် အာဖဂန်တွင် တာလီဘန်တို့ ကျောထောက်နောက်ခံ ပေးထားသည်ဟု ယူဆရသော လက်နက်ကိုင်များကိုသာမက တာလီဘန်တို့၏ တရားဝင် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကိုပါ တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခုတိုက်ခိုက်မှုများသည် တစ်ချိန်က ရင်းနှီးသော မဟာမိတ်များ ဖြစ်ခဲ့ကြသည့် အစ္စလာမ်ဘာသာဝင် အိမ်နီးချင်း နှစ်နိုင်ငံကြား ဆက်ဆံရေး အကြီးအကျယ် ပျက်ပြားသွားခြင်းကို ပြသနေသည်။

ပါကစ္စတန်ရှိ လုံခြုံရေး သတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါ တိုက်ခိုက်မှုများတွင် ကာဘူးလ်၊ ကန်ဒါဟာနှင့် ပတ်တီးယား (Paktia) ပြည်နယ်တို့ရှိ တာလီဘန်စစ်ဘက်ဆိုင်ရာရုံးများနှင့် စခန်းများကို ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်စစ်သားတွေကို တွေ့ရစဉ်

အာဖဂန်၏ တာလီဘန်အစိုးရကမူ ပါကစ္စတန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို လက်တုန့်ပြန် တိုက်ခိုက်ခဲ့ ကြောင်း ပြောကြားခဲ့ပြီး နယ်စပ်ဒေသ တစ်လျှောက်တွင် မြေပြင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် နှစ်ဘက်စလုံးတွင် ထိခိုက်သေဆုံးမှု အများအပြား ရှိခဲ့သော်လည်း ရိုက်တာသတင်း ဌာန အနေဖြင့် ထိခိုက်၊ သေဆုံးသူ အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ကျနော်တို့ရဲ့ သည်းခံနိုင်မှု အတိုင်းအတာက ကုန်ဆုံးသွားပါပြီ။ အခုဆိုရင် ကျနော်တို့နဲ့ အာဖဂန်နစ္စတန်ကြားမှာ စစ်ပွဲဖြစ်ပွားနေပါပြီ” ဟု ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး အဆစ်ဖ်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ယခု လေကြောင်းတိုက်ခိုက်မှုများသည် ကီလိုမီတာ ၂,၆၀၀ (၁,၆၁၅ မိုင်) ရှည်လျားသော နယ်စပ်တစ်လျှောက် တွင် ကာလရှည်ကြာ စစ်ပွဲတစ်ခု ဖြစ်ပွားလာစေရန် ခြိမ်းခြောက်နေသည်။

ပါကစ္စတန်ကမူ အာဖဂန်သည် ပါကစ္စတန်ကို တိုက်ခိုက်နေသည့် လက်နက်ကိုင်များကို ခိုလှုံခွင့်ပေးထားသည်ဟု စွပ်စွဲထားပြီး အာဖဂန်တာလီဘန်အဖွဲ့ကမူ ပါကစ္စတန်၏ စွပ်စွဲချက်များအား ငြင်းပယ်ခဲ့သည်။

Source: အေပီ