CNI International News
အစ္စလာမ်မာဘက်၊ ဇူလိုင် ၁၃


ပါကစ္စတန်သည် ၎င်း၏ အနောက်ဘက် နယ်စပ်ဒေသတွင် နောက်ထပ် ရန်သူအသစ်ကို ဖန်တီးနေသည်ဟု Islam Khabar မှ ဖော်ပြခဲ့သည်။


တစ်ချိန်က ပါကစ္စတန်၏ အနီးကပ် မဟာမိတ်ဖြစ်ခဲ့သည့် အာဖဂန်နစ္စတန်သည် Durand Line အမည်ရှိ နယ်စပ်စည်းကို ပါကစ္စတန်က ဖြတ်ကျော်မည်ဆိုပါက ပါကစ္စတန်စစ်တပ်ကိုပင် မျက်နှာမထောက်ဘဲ ပစ်ခတ်မှုများ ပြုလုပ်ရန် အစီအစဉ်များကို တိုးမြှင့်ခဲ့သည်။


အာဖဂန်နစ္စတန်သည် ပါကစ္စတန် တာလီဘန်အဖွဲ့ အပြင် ပါကစ္စတန်စစ်တပ်နှင့် လက်တွဲခဲ့ဖူးသည့် အကြမ်းဖက် အုပ်စုများဖြင့်ပါ လက်တွဲခဲ့ဖူးသည်။


ယခင်က ထိုအဖွဲ့များကို ပါကစ္စတန်စစ်တပ်ကပင် လေ့ကျင့်သင်ကြား ပေးခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် ထိုအဖွဲ့များကို ပါကစ္စတန်က ပြန်လည်နှိမ်နင်းနေရသည်။

တာလီဘန်တွေကိုတွေ့ရစဉ်

၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်တွင် အာဏာပြန်ရလာသည့် အာဖဂန်တာလီဘန်အဖွဲ့ကမူ တရုတ်၊ ရုရှား အပါအဝင် မဟာမိတ်များနှင့် လက်တွဲလုပ်ဆောင်လိုပြီး ပါကစ္စတန်တာလီဘန်အဖွဲ့နှင့် အခြားလက်နက်ကိုင် အဖွဲ့များ၏ အရေးကိစ္စကို ဖြေရှင်းရန် ကြိုးပမ်းနေသည်။


အာဖဂန်မှ အမေရိကန်တပ်များ ထွက်ခွာသွားချိန်တွင် အာဖဂန်ရှိ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများသည် အာဖဂန်တာလီဘန်တို့ လက်ထဲရောက်သွားခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၂ ဒသမ ၉ ဘီလျံနီးပါးရှိခဲ့သည်။


ထိုအချိန်အတောအတွင်း ပါကစ္စတန်က အာဖဂန်နှင့် ထိစပ်နေသည့် ၎င်း၏ နယ်စပ်ဒေသတွင် အကြမ်းဖက်မှု တိုက်ဖျက်သော စစ်ဆင်ရေးအသစ်တစ်ခုကို ကြေညာခဲ့ပြီး ပါကစ္စတန်တာလီဘန် (TTP) အဖွဲ့နှင့် အခြား လက်နက်ကိုင် အဖွဲ့များကို တိုက်ခိုက်ခဲ့သည်။


ပြီးခဲ့သည့် ၆ လတာ ကာလအတွင်း ပါကစ္စတန်စစ်တပ်သည် နယ်စပ်တွင် စစ်ဆင်ရေးပေါင်း ၂၂၇၀၀ ကျော် ပြုလုပ်ခဲ့သော်လည်း ရလဒ်မှာ ကောင်းမွန်ခဲ့ခြင်းမရှိပေ။

အာဖဂန်နစ္စတန်နိုင်ငံအတွင်းကိုတွေ့ရစဉ်


အထူးသဖြင့် ပါကစ္စတန်စစ်တပ်၏ စစ်ဆင်ရေးများကို နယ်စပ်ဒေသမှ လူမျိုးစုများက ထောက်ခံခဲ့ခြင်း မရှိခြင်းကြောင်း ဖြစ်သည်။


ပါကစ္စတန်အစိုးရကမူ အာဖဂန်တာလီဘန်များသည် ပါကစ္စတန်တာလီဘန်နှင့် အခြားစစ်သွေးကြွအဖွဲ့များကို အာဖဂန်နစ္စတန်နိုင်ငံ၏ နယ်စပ်ဒေသများတွင် ခိုလှုံခွင့်ပေးထားကာ အကာအကွယ် ပေးထားသည်ဟု စွပ်စွဲခဲ့သည်။


သို့သော် အာဖဂန်တာလီဘန်များကမူ ပါကစ္စတန်၏ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ထိုအရေးကိစ္စသည် တစ်ချိန်က မဟာမိတ်ဖြစ်ခဲ့သည့် နှစ်နိုင်ငံအကြား ဆက်ဆံရေးအား တင်းမာလာစေခဲ့သည်။
ထို့ကြောင့် ပါကစ္စတန်သည် ၎င်း၏နယ်စပ်ဒေသတွင် အာဖဂန်တာလီဘန်အဖွဲ့ကို မိတ်ဆွေမှ ရန်သူအဖြစ်သို့ ပြောင်းလဲနေသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်လာရနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။


Source: Islam Khabar