CNI International News
ဝါရှင်တန်၊ ဇူလိုင် ၁၃


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ဇူလိုင် ၁၁ ရက်က ဝါရှင်တန်တွင် ပြုလုပ်သည့် နေတိုး အစည်းအဝေးပွဲ၏ သတင်းစာရှင်းလင်းပွဲ၌ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskiy) ၏ အမည်ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် မှားယွင်းပြောဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။


ထိုသတင်းစာ ရှင်းလင်းပွဲတွင် ဘိုင်ဒန်က "အခုစကားပြောဖို့ အလှည့်ပေးချင်တဲ့ သူကတော့ ယူကရိန်းသမ္မတပါ။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့သူပေါ့။ ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား။ သူကတော့ သမ္မတ ပူတင်ပဲ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့ပြီးနောက် လှည့်ထွက်ရန်ပြင်ခဲ့သည်။


ထို့နောက် ၂ စက္ကန့်အကြာမှာပင် မိုက်ခရိုဖုန်းထံ ပြန်လှည့်လာခဲ့ပြီး "သမ္မတပူတင်လေ။ ခင်ဗျားက သမ္မတပူတင် ကို အနိုင်ယူရမှာ သမ္မတ ဇာလန်းစကီးရဲ့။ ကျနော်က ပူတင်ကို အနိုင်ယူဖို့ပဲ အရမ်းအာရုံစိုက်ခဲ့ပါတယ်" ဟု ဘိုင်ဒန်က သူ့အမှားကို ပြန်လည်ပြင်ဆင်ပြောကြားခဲ့သည်။


ဘိုင်ဒန်၏ မှားယွင်းပြောဆိုခဲ့ချိန်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သည့် တစ်ခန်းလုံး အံ့အားသင့်သွားခဲ့သည်။

 

ထို့နောက် ဇာလန်းစကီးက ဘိုင်ဒန်၏ မှားယွင်းပြောဆိုမှုကို တုန့်ပြန်သည့်အနေဖြင့် "ကျနော်က (ပူတင်ထက်) ပိုကောင်းပါတယ်" ဟု ရယ်မောပြီး အရွှန်းဖောက် ပြောဆိုခဲ့သည်။


ဘိုင်ဒန်ကလည်း "ဟုတ်တာပေါ့။ ခင်ဗျားက အများကြီး ပိုကောင်းတာပေါ့" ဟု ပြန်ပြောချိန်တွင် စင်အောက်မှ ရယ်သံအချို့ ထွက်ပေါ်လာခဲ့သည်။


ဘိုင်ဒန်သည် ပြီးခဲ့သည့်လက ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ပြုလုပ်ခဲ့သည့် စကားစစ်ထိုးပွဲတွင် စကား ထစ်ခြင်း၊ အသံဝင်ခြင်းနှင့် ထရမ့်၏ ထိုးနှက်ချက်များကို ကောင်းမွန်စွာ မချေပနိုင်ခြင်းတို့ကြောင့် ၎င်း၏ အသက်အရွယ်နှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့အပေါ် မေးခွန်းများ ထွက်ပေါ်ခဲ့ကာ ဖိအားများနှင့် ရင်ဆိုင်နေရသည်။


ဘိုင်ဒန်၏ အသက်အရွယ်သည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် သင့်/မသင့်အပေါ် ဒီမိုကရက်များအကြား စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ ဇာလန်းစကီး အမည်နှင့် ပူတင်၏ အမည်ကို မှားယွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။


ဘိုင်ဒန်ကမူ သူသည် ရွေးကောက်ပွဲမှ နုတ်ထွက်မည် မဟုတ်ကြောင်းနှင့် နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ၌ ထရမ့်ကို အနိုင်ယူရန် အကောင်းဆုံး အနေအထားတွင် ရှိနေကြောင်း ပြောကြားခဲ့သည်။


Source: ဘန်ကောက်ပို့စ်