CNI International News

ကိယက်ဗ်၊ ဇွန်လ ၆

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskyy) သည် ဇွန်လ ၄ ရက်က ရုရှားသမ္မတ ပူတင် (Vladimir Putin) ထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး လူချင်းတွေ့ဆုံကာ မျက်နှာချင်းဆိုင် ညှိနှိုင်း ဆွေးနွေးကြရန် တောင်းဆိုလိုက်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ထိုစာသည် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ဇာလန်းစကီးက ပူတင် ထံသို့ လူသိရှင်ကြား တိုက်ရိုက် ရေးသားပေးပို့သည့် ပထမဆုံး သဝဏ်လွှာဖြစ်ပြီး ပူတင် ၂၆ နှစ်တာ အာဏာချုပ် ကိုင်မှု သမိုင်းကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြင်းပြင်းထန်ထန် ဝေဖန်ပုတ်ခတ်ထားသည်။

ဇလန်းစကီးက အမေရိကန်၏ ဦးစားပေး လုပ်ဆောင်ရမည့် ကိစ္စရပ်များ ပြောင်းလဲသွားခြင်းကို ဝန်ခံပြောဆိုခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရအဖွဲ့အနေဖြင့် အီရန်စစ်ပွဲ အပေါ်တွင်သာ အာရုံစိုက် နေချိန်၌ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် အမေရိကန်၏ အာရုံစိုက်မှုကို ထိုင်စောင့်နေခြင်းသည် မှားယွင်းလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားပြည်သူ အများစုသည် ယူကရိန်း၏ ဒုံးကျည်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုများနှင့် စက်သုံးဆီ ပြတ်လပ်မှု ဒဏ်များကို စိတ်ပျက် ငြီးငွေ့နေကြပြီဖြစ်ပြီး၊ ငြိမ်းချမ်းရေးအတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ထိုစာထဲတွင် ဇာလန်းစကီးက ရေးသားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

“ကျနော်တို့ နှစ်ယောက်ကြား တိုက်ရိုက် ထိတွေ့ဆက်ဆံမှုကတစ်ဆင့် ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ကမ်းလှမ်းပါ တယ်။ ကျနော်ကတော့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာပါ။ တကယ်လို့ ဒီစစ်ပွဲကို အဆုံးသတ်ရမယ့်အချိန် ရောက်ပြီဆိုတာကို သင်ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူးဆိုရင်တော့ ယူကရိန်းဟာ ကိုယ့်ရဲ့ ဖြစ်တည်မှုအတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်” ဟု ဇာလန်းစကီးက ပူတင်ထံ ပေးခဲ့သည့် စာထဲတွင် ရေးသားခဲ့သည်။

ထရမ့်ကလည်း ပူတင်နှင့် ဇာလန်းစကီးတို့ တွေ့ဆုံမည်ဆိုပါက အလွန်ကောင်းမွန်လိမ့်မည်ဖြစ်ပြီး ၎င်းတို့နှစ်ဦး အစည်းအဝေး ဖြစ်မြောက်အောင် လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

ကရင်မလင်နန်းတော်ကမူ ဇာလန်းစကီး၏ ပေးစာကို ရရှိထားပြီးဖြစ်ကြောင်း၊ ထိုစာနှင့်ပတ်သက်ပြီး ပူတင်ကို အစီရင်ခံ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ပေးစာကို သံတမန်ရေးရာ လမ်းကြောင်းများမှတဆင့် တရားဝင် ထပ်မံ ပေးပို့သွားမည်ဖြစ်ကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာ (Andrii Sybiha) ကလည်း X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

ယခုပေးစာသည် စစ်ပွဲကို အဆုံးသတ်ရန် ရှင်းလင်းပြီး လက်တွေ့ လုပ်ဆောင်နိုင်တဲ့ အစီအစဉ်များ၊ ကိုယ်တိုင် ကိုယ်ကျ တွေ့ဆုံဆွေးနွေးရေး ဖိတ်ကြားချက်များ ပါဝင်သည့် အဓိပ္ပာယ်ပြည့်ဝသော ကမ်းလှမ်းမှုတစ်ခု ဖြစ်ကြောင်း ဆီဘီဟာက ပြောကြားခဲ့သည်။

Source: အေပီ