CNI International News

မော်စကို၊ ဇန်နဝါရီ ၁၈

စစ်ပွဲဆက်လက် ဖြစ်ပွားနေမည်ဆိုပါက ယူကရိန်း၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ထိခိုက်စေလိမ့်မည် ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့နောက် ရုရှားသည် မိမိတို့ရရှိထားသည် နယ်နိမိတ်များကို မည်သည့်အခါမျှ စွန့်လွှတ်မည်မဟုတ်ကြောင်း ရုရှားသမ္မတ ပူတင် (Vladimir Putin) က ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ  ဇာလန်းစကီး (Volodymyr Zelenskiy) ၏ တောင်းဆိုမှုဖြင့် ကမ္ဘာလုံးဆိုင်ရာ ညီလာခံတစ်ခုကို လက်ခံကျင်းပရန် ဆွစ်ဇာလန်နိုင်ငံက သဘောတူခဲ့ပြီးနောက် တစ်ရက်အကြာတွင် ပူတင်၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အနောက်နိုင်ငံများနှင့် ယူကရိန်းအကြား ဆွေးနွေးနေသည့် ငြိမ်းချမ်းရေးဖော်မြူလာများကို ပူတင်က ပယ်ချခဲ့ပြီး ထိုငြိမ်းချမ်းရေးဖော်မြူလာများထဲတွင် လက်မခံနိုင်ဖွယ် တောင်းဆိုချက်များ ပါဝင်နေသည်ဟု ပြောကြားခဲ့သည်။

 ဇာလန်းစကီးကို တွေ့ရစဉ်

"ကောင်းပြီလေ။ သူတို့က မဆွေးနွေးချင်ဘူးဆိုလည်း မဆွေးနွေးရုံပဲပေါ့။ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်က ကျရှုံးရုံ တင် မကပါဘူး။ အခြေအနေက ရုရှားစစ်တပ်ရဲ့ လက်ထဲကို အလုံးစုံရောက်ရှိနေပါပြီ။ ဒီအတိုင်းသာ ဆက်သွား မယ်ဆိုရင် ယူကရိန်းရဲ့ အချုပ်အခြာအာဏာပိုင်မှုကို အစားထိုး မရလောက်တဲ့အထိ အကြီးအကျယ် ထိခိုက်စေ ပါလိမ့်မယ်"ဟု ပူတင်က ပြောကြားခဲ့သည်။

ယူကရိန်း၏ တန်ပြန်ထိုးစစ် အောင်မြင်ခြင်း မရှိမှုနှင့်အတူ မကြာသေးမီ လများအတွင်းက စစ်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်ခဲ့သည့် ပူတင်၏ အစီရင်ခံစာများထဲတွင် ၎င်းကိုယ်ကိုယ် ပိုမိုယုံကြည်မှုရှိလာသည့် လက္ခဏာများကို ပြသခဲ့သလို ပိုမိုရန်လိုလာသည့် အသွင်ကို မြင်တွေ့ရသည်။

လက်ရှိအချိန်တွင် ရုရှားသည် ယူကရိန်း၏ နယ်မြေ ၁၇ ဒသမ ၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။ 

ယူကရိန်းစစ်သားတွေကိုတွေ့ရစဉ်

ဆွေးနွေးညှိနှိုင်းမှုများအတွက် ပြောဆိုမှုများသည် ယူကရိန်းတွင် မိမိတို့ ထိန်းချုပ်ထားသည့် နယ်မြေများကို စွန့်လွှတ်ရန် ကြိုးပမ်းချက် တစ်ခုဖြစ်သည်။

ထိုကြိုးပမ်းချက်သည် မဖြစ်နိုင်ကြောင်း၊ အောင်မြင်လိမ့်မည် မဟုတ်သည်ကို လူတိုင်းက သိရှိထားကြောင်း ပူတင် က ပြောကြားခဲ့သည်။  

ဇာလန်းစကီးက အဆိုပြုခဲ့သည့် ငြိမ်းချမ်းရေး ဖော်မြူလာတစ်ခုတွင် ယူကရိန်း၏ နယ်မြေတည်တံ့ခိုင်မြဲရေးကို ပြန်လည်ထိန်းသိမ်းရန်၊ ရန်လိုမှုများကို ရပ်နားရန်၊ ရုရှားစစ်သားများ ယူကရိန်းမှ ထွက်ခွာရန်နှင့် အခြားအချက် များ ပါဝင်သည်။ 

ရုရှားကမူ ဆွေးနွေးညှိနှိုင်းမှုများသည် မြေပြင်တွင် ရုရှားတပ်ဖွဲ့များ ဖန်တီးခဲ့သည့် လက်တွေ့ကျသော အခြေအနေ အသစ်များကိုပါ ထည့််သွင်း ဆွေးနွေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ