CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့ (AA-TNLA-MNDAA) တို့ ယာယီအပစ်ရပ်စဲခဲ့ခြင်းမှာ နှစ်နိုင်ငံအကျိုးစီးပွားအရကြောင့်လားဟု မေးခွန်းထုတ် လျက်ရှိနေကြသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးမှာ ၂ လကျော်အကြာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အထိ ၃ ရက်ကြာ ဆွေးနွေးပြီးနောက် အပစ်ရပ်စဲရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အပစ်ရပ်မှုမှာ ညီနောင်မဟာမိတ်အဖွဲ့ဝင် AA လှုပ်ရှားရာ ရခိုင်တွင် မပါဝင်ဟု ကြားမိကြောင်း၊ တရုတ် စီမံကိန်း အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်ကြားသလောက် မပါဘူးဗျ၊ ရှမ်းမြောက်ဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ BRI (Belt and Road Initiative)ရဲ့ ပင်မလမ်းပေါ့ဗျာ၊ အဲဒီလမ်းတစ်လျှောက်မှာ ဖြစ်နေတာဗျ၊ BRI ဆိုတာ အမြန်လမ်း၊ ရထား လမ်း၊ ကားလမ်းသွားမယ့် ထီးချိုင့်မှတခြား မန္တလေးပေါ့ဗျာ၊ အကုန်လုံး ကိုးကန့်ဒေသက ဖြတ်လာမှာကိုး အဲဒီ အမြန်ရထားလမ်းတို့ ဘာတို့လေ ကျနော်တို့ ကြားသလောက်ဆိုရင် အဲဒီလမ်းတစ်လျှောက်မှာ ဖြစ်တယ်။ နမ့်ခမ်း တို့ ဘာတို့ ဖြစ်တဲ့နေရာက CNPC (China National Petroleum Company) တနည်းအားဖြင့် ရေနံနဲ့ ဓါတ်ငွေ့ ပိုက်လိုင်း တစ်လျှောက်တို့မှာ ဖြစ်တယ်။ ဆိုတော့ အဲဒီဒေသ တည်ငြိမ်အေးချမ်းမှုက BRI၊ CNPC ရဲ့ ပိုက်လိုင်း၊ နောက် တရုတ်မြန်မာ ကုန်သွယ်မှု စင်္ကြန်ပေါ့ဗျာ၊ မူဆယ်၊ မန္တလေး၊ လားရှိုးကို ဖြတ်တာပေါ့ဗျာ၊ အဲဒီနားက လုံခြုံ ရေးလည်း တွက်မှာပေါ့၊ ဆိုတော့ နှစ်နိုင်ငံအကျိုးစီးပွားနဲ့ လက်ရှိဖြစ်တဲ့အခါကြတော့ တရုတ်ရဲ့ ကြားဝင်မှုက အပစ်အခတ်ရပ်တဲ့ အနေအထားကနေ နိုင်ငံရေးအရ အပေးအယူဖြည့်စွက်ချင်တဲ့ ဆန္ဒပါဝင်ပုံပေါက်ပါတယ်” ဟု ပြောသည်။

ရခိုင်က ရေနက်ဆိပ်ကမ်း စီမံကိန်းတစ်ခုကိုတွေ့ရစဉ်

လက်ရှိ မြန်မာ့နိုင်ငံရေးပြဿနာကို အာဏာပိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများနှင့် ပြည်သူလူထုများမှ ဖြေရှင်းရမည်ဟု တရုတ်က သတ်မှတ်ပုံရကြောင်း ဒေါက်တာအေးမောင်က ဆက်လက် ပြော ကြားသည်။

၎င်းက “နိုင်ငံရေးအရ မဖြေရှင်းဘဲနဲ့ စစ်ရေးအရ ဖြေရှင်းမှုသည် နိုင်ငံရေးအရ ဖြေရှင်းနိုင်ခြင်း၏ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်စေချင်တာပေါ့။ အဲဒီအစိတ်အပိုင်းကို ခုနလို ယာယီအားဖြင့် လက်ခံကြခြင်း၊ ယာယီအားဖြင့် လက်မခံ ကြခြင်းသည် ရှိခြင်း နိုင်ငံရေး ဆွေးနွေးပွဲရဲ့ အဖြေမှာပဲ မူတည်မှာပါ။ တရုတ်ဖက်ကတော့ သူ့ရဲ့ သူ့နိုင်ငံသားတွေ ရဲ့ အကျိုးစီးပွားဖြစ်တဲ့ ကျားဖြန်ကိစ္စတွေ ခုနက အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ဖြစ်တဲ့ ကျောက်ဖြူရေနက် ဆိပ်ကမ်းအထိ ကူမင်းဘက်ကနေသွားမယ့် BRI ရဲ့ road တစ်ခုလုံးပေါ့ဗျာ၊ နောက် မလေးကျွန်းကနေ ကူမင်း၊ ယူနန်အထိ ရောက်လာတဲ့ ရေနံနဲ့ သဘောဝဓါတ်ငွေ့ပိုက်လိုင်း စွမ်းအင်လုံခြုံရေး အဲဒီနှစ်ခုအကျိုးကို အဓိကထား လို့ ထင်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခကတော့ မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူလူထု၊ လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ ညှိနှိုင်းဖြေရှင်းရမယ့် ကဏ္ဍလို့ပဲ သူက သတ်မှတ်ပုံ ရပါတယ်” ဟု ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ် (MNDAA) က လောက်ကိုင်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ သိန္နီ၊ ချင်းရွှေဟော်တို့ကို သိမ်းယူထားသလို တအာင်းတပ် (TNLA) အနေဖြင့်လည်း နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့တို့ကို သိမ်းယူထားသည်။ 

လတ်တလော ရှမ်းမြောက်တိုက်ပွဲမှာ အရှိန်လျော့ကျသွားကာ တိုက်ပွဲအနည်းငယ်သာရှိနေသည်။ အခြားတဖက် မှာတော့ ULA/AA နှင့် မြန်မာ့တပ်မတော်တို့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။ 

ပလက်၀မြို့ကို တွေ့ရစဉ်

လက်ရှိတွင် AA အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ပလက်ဝမြို့တို့ကို သိမ်းပိုက်ပြီးသည့် အနေအထားတွင် ရှိနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရခိုင်ကတော့ အခုကတော့ ရခိုင်ပြည်မြောက်ပိုင်းနဲ့ ပလက်ဝကတော့ လုံးဝသိမ်းပိုက်ပြီးတဲ့ အနေအထား ပါ၊ အဲဒါပြီးလို့ရှိရင်‌တော့ အခုက ရခိုင်တောင်ပိုင်းကို အခုကတော့ ဦးတည်လာပါပြီ။ ရခိုင်တောင်ပိုင်းမှာ အဓိက ဦးတည်ချက်ကတော့ ကျောက်ဖြူမှာ ရှိနေတဲ့ ဓညဝတီရေတပ်စခန်းကို အဓိက သိမ်းပိုက်လာနိုင်အောင် ကြိုးပမ်း လာလိမ့်မယ်၊ အဲဒါပြီးလို့ရှိရင်တော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိနေတဲ့ အမ်းကို ဦးတည်ပြီးတော့ တိုက်ခိုက် လိမ့်မယ်လို့ ကျနော်တို့ မျှော်မှန်းရပါတယ်။ ဒါကြောင့် ရခိုင်တိုက်ပွဲအရှိန်ဟာ ပိုမိုပြီးတော့ ပြင်းထန်လာလိမ့် မယ်လို့ ကျနော်တော့ သုံးသပ်ပါတယ်” ဟု ပြောသည်။

တရုတ်ရင်းနှီးမြှပ်နှံမှု စီမံကိန်းများအနေဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ မြစ်ဆုံဆည်၊ မိုးပျံရထားလမ်း၊ ကန်ပိုက်တီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ မူဆယ်-မန္တလေး လျှပ်စစ်ရထားလမ်း၊ ရွှေလီ-မန္တလေး-ကျောက်ဖြူ အမြန်လမ်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်း စသဖြင့် အများအပြားရှိနေသည်။