CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၂

မြန်မာနိုင်ငံတွင် စစ်ပွဲဖြစ်ပွားသည်ကို မိမိတို့မတွေ့မြင်လိုပါကြောင်းနှင့် ပြန်လည် တည်ငြိမ်လာစေရန် မျှော်လင့် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စမောင်းနင်(Mr.Mao Ning)က ပြောသည်။

သြဂုတ် ၉ ရက်နေ့က ကျင်းပခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

AFP သတင်းဌာနက တရုတ်နိုင်ငံ၏ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ပေးနေမှုနှင့် ရှမ်းပြည် နယ်မြောက်ပိုင်းက စစ်ပွဲများအရေးကို မေးမြန်းစဉ် မစ္စမောင်းနင်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် တတ်စွမ်းသမျှပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

မစ္စမောင်းနင်က “တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ချစ်ကြင်ရင်းနှီးသော အိမ်နီးချင်း နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ နှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသအခြေအနေ ပြောင်းလဲလာမှုကို အမြဲတစေ များစွာဂရုပြုလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၌ စစ်ပွဲဖြစ်ပွားသည်ကို မိမိတို့ မတွေ့မြင်လိုပါကြောင်း၊ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေအနေ ဆောလျင်စွာ ပြန်လည်တည်ငြိမ်လာစေရန် မျှော်လင့်ပါကြောင်း၊ မိမိတို့သည် အမြဲတစေ မိမိတို့၏ နည်းလမ်းဖြင့် မြန်မာနိုင်ငံဘက် အသီးသီးက အပစ်အခတ်ရပ်စဲရန် ဦးဆောင် ဖြောင်းဖျလျက်ရှိပြီး ဆွေးနွေးညှိ နှိုင်းမှုဖြင့် ပြဿနာကို ဖြေရှင်းကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော် တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု ကို ဆောလျင်စွာ ဖော်ဆောင်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဆွေးနွေးရန် ဆက်လက် တက်တက်ကြွကြွ တိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တတ် စွမ်းသမျှ ပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်”ဟု ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စမောင်းနင်ကို တွေ့ရစဉ်

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်းမှာ ရေနံ့နှင့် သဘာဝ ဓာတ်ငွေ့ စီမံကိန်းများ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းများ၊ ကြေးနီထုတ်လုပ်ခြင်း၊ သစ်ထုတ်လုပ်ခြင်း၊ မြေရှားသတ္တူထုတ်လုပ်ခြင်း၊ ကျောက်စိမ်းများတူးဖော် ထုတ်လုပ်ခြင်း စသည့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။

အလားတူ အထည်ချုပ်လုပ်ငန်းများနှင့် ဘိလပ်မြေစက်ရုံများ၊ နီကယ်ထုတ်လုပ်သည့် စက်ရုံများ၊ အိမ်ဆောက် ပစ္စည်း- လျှပ်စစ်ပစ္စည်း- လူသုံးကုန် များကို တင်သွင်းလျက်ရှိသလို BRI စီမံကိန်းကိုလည်း အကောင်အထည် ဖော်လျှက်ရှိနေသည်။

အဆိုပါ တရုတ်၏ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ တည်ရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းမှာ မြန်မာ့တပ်မတော်နှင့် အတိုက်အခံ လက်နက်ကိုင်အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေ သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မ တော်(MNDAA)၊ အာရက္ခတပ်တော်(AA)၊ ဗမာပြည်လွတ်မြောက်ရေးတပ်တော်(BPLA)၊ မန္တလေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF)၊ ပြည်သူ့လွှတ်မြောက်ရေးတပ်မတော်(PLA)၊ ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့(KNDF)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ(LPDFs) ပူးပေါင်း၍ မြန်မာနိုင်ငံမြောက်ပိုင်း (ရှမ်းပြည်နယ် မြောက်ပိုင်း)တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကို ဖော်ဆောင်ခဲ့ သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ယနေ့အချိန်ထိ ဖော်ဆောင် လျက်ရှိနေသည်။

လားရှိုးမြို့ကို သိမ်းထားပြီး ကိုးကန့်အလံကို လွှင့်ထူထားတဲ့ MNDAA ကို တွေ့ရစဉ်

အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်းမှာလည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနှင့်အတူ ရှမ်း-မန်း စစ်ဆင် ရေးကို ဖော်ဆောင်နေပြီး မတ္တရာ၊ စဉ့်ကိုင်၊ မိုးကုတ်၊ မိုးမိတ်၊ သပိတ်ကျင်း စသည့် မြို့များကို အတိုက်အခံ လက်နက်ကိုင်များက သိမ်းပိုက်ထားပြီး မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့ကို တိုက်ခိုက်ရန် လက်နက်ကိုင်များက အင်အားစုဖွဲ့ ပြင်ဆင်နေကြောင်း သတင်းများလည်း ထုတ်ဖော်နေသည်။

အဆိုပါ စစ်ဆင်ရေးများ၏ နောက်ကွယ်တွင် တရုတ်ရှိနေကြောင်း၊ တရုတ်၏ ထောက်ပံ့ကူညီမှု မရှိဘဲ အတိုက် အခံ လက်နက်ကိုင်များသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) အပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့များကို တိုက်ခိုက်သိမ်းပိုက်ရန် မဖြစ်နိုင်ကြောင်း ပြည်တွင်းရှိ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်လျက်ရှိနေသည်။

သို့သော် တရုတ်အစိုးရဘက်ကတော့ အတိုက်အခံ လက်နက်ကိုင်များ၏ စစ်ဆင်ရေးနောက်ကွယ်တွင် မိမိတို့ ပါဝင်ခြင်းမရှိသလို ထောက်ပံ့ကူညီမှုလည်း မပေးကြောင်း ငြင်းဆိုထားသည်။