CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၀

ခရစ္စတယ်ပဲလေ့စ်အသင်း ခေါင်းဆောင် ဂူဟီ၊ နယူးကာဆယ်အသင်း ဂိုးသမား နစ်ပုပ်နဲ့ တောင်ပံကစားသမား ဂေါ်ဒွန်တို့ဟာ ဒဏ်ရာတွေကြောင့် အင်္ဂလန်အသင်းရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲကို လွဲချော်မယ်လို့ သိရပါတယ်။

ဂူဟီဟာ ကွန်းဖရန့်လိဂ်ပွဲမှာ ခြေထောက်ဒဏ်ရာ ရရှိခဲ့တာကြောင့် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ခရစ္စတယ်ပဲလေ့စ်အသင်းက အယ်လ်ခမာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကွန်းဖရန့်လိဂ် ပွဲစဉ်ရဲ့ပွဲပြီးခါနီးမှာ ဂူဟီဟာ ပြစ်ဒဏ်ဘောကြောင့် အဝါကတ် ပြသခံခဲ့ရတဲ့ ဖြစ်ရပ်မှာ ဒဏ်ရာရရှိသွားခဲ့တာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြ ဂလက်စ်နာက “သူဟာ အလွန်နာကျင်နေတာကြောင့် အိပ်မပျော်နိုင်ခဲ့ပဲ နောက်တစ်နေ့မှာ သူ့ရဲ့ဒဏ်ရာကို စစ်ဆေးကြည့်တော့ အရိုးမှာ ပြင်းထန်တဲ့ ဒဏ်ရာရခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရက်တွေမှာ ချိုင်းထောက်နဲ့ လမ်းလျှောက်ခဲ့ရပြီး ခြေထောက်ကို နင်းဖို့တောင် ခက်ခဲခဲ့ပါတယ်။ အင်္ဂလန်ရဲ့ပွဲတွေ ကို သူလွဲချော်မှာ ဖြစ်ပေမယ့် ၁၀ ရက်ကနေ ၁၄ ရက် အတွင်းတော့ လေ့ကျင့်မှုတွေ ပြန်ပြုလုပ်နိုင်ဖို့ မျှော်လင့် တယ်”လို့ Sky Sports ကို ပြောခဲ့ပါတယ်။

နယူးကာဆယ်အသင်း တောင်ပံကစားသမား ဂေါ်ဒွန်ဟာ တင်ပါးဆုံဒဏ်ရာကြောင့် ဘရန်ဖို့ဒ်အသင်းနဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပြီး ဂိုးသမား နစ်ပုပ်ဟာ ဒီပွဲစဉ်မှာ ဦးခေါင်းထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

နယူးကာဆယ်အသင်း နည်းပြ အက်ဒီဟောင်းက သူတို့ ၂ ဦးစလုံး အင်္ဂလန်အသင်းရဲ့ ပွဲတွေကို ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအုပ်စု ၆ ပွဲ ကစားထားတာမှာ ပေးဂိုး မပေးရဘဲ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ခြေစစ်ပွဲ အောင်မြင်ထားပါတယ်။

အင်္ဂလန်အသင်းဟာ နောက်ဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲအဖြစ် နိုဝင်ဘာ ၁၃ ရက်မှာ ဆားဘီးယား၊ ၁၆ ရက်မှာ အယ်လ်ဘေးနီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: BBC