CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၄

တရုတ်နိုင်ငံထဲရှိ မြန်မာနိုင်ငံသားများအနေဖြင့် ပွဲစားများအား တစ်ဦးလျှင် ယွမ်ငွေ ၂၀၀၀ ကျော် (မြန်မာငွေ ၈ သိန်းကျော်)ပေး၍ တရားမဝင် လမ်းကြောင်းမှ နေရပ်ပြန်နေကြရကြောင်း မူဆယ်ရှိ ပရဟိတအသင်းများက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်နိုင်ငံထဲသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာများသည် ကိုဗစ်ကြောင့် ၃ နှစ်နီးပါးခန့် နေရပ် ပြန်မရ ဘဲ ပိတ်မိနေသဖြင့် နန်းတော်ဂိတ်ပေါက်မှ ၎င်းတို့ နေရပ်ပြန်နိုင်ရေးအား နှစ်နိုင်ငံ တာဝန်ရှိသူများမှ ဆောင်ရွက် ပေးနေခြင်း ဖြစ်သည်။

သို့သော် ထိုသို့ နေရပ်ပြန်ပို့ရာတွင် အချိန်ကာလအားဖြင့် တစ်ပတ်ကျော် နှစ်ပတ်ခန့် စောင့်ဆိုင်းရခြင်းကြောင့် ပွဲစားများအား ပိုက်ဆံပေး၍ တရားမဝင်လမ်းကြောင်းမှ နေရပ်သို့ ပြန်နေကြခြင်းဖြစ်ကြောင်း ပြည်တော်ပြန်များ ကို လက်ခံရေးတွင် ကူညီဆောင်ရွက်ပေးနေသည့် ကမ်းလက်ကူညီပရဟိတအသင်းမှ ဥက္ကဋ္ဌ ဦးဌေးက CNI သတင်းဌာနသို့ ပြောသည်။

နေရပ်ပြန်မည့် ပုံစာ- တရုတ်နိုင်ငံရောက် မြန်မာများကို စိစစ်နေစဉ်

ဦးဌေးက “တရားမဝင် ပြန်တာကကျတော့ တရုတ်ပြည်မှာလည်း ခြံစည်းရိုးကို သုံးထပ် ငါးထပ်တွေ ထပ်ထားတာ တွေ ရှိတယ်။ ဒါပေမယ့် တရုတ်နဲ့ မြန်မာကြားထဲမှာ တချို့နေရာလေးတွေက ရေလမ်းကြောင်းတွေ ရှိတယ်။ တချို့ နေရာတွေကျတော့လည်း ခြံစည်းရိုး ဟိုဘက် ဒီဘက် ဒေသခံ ဥပမာပေါ့ တစ်ရွာ နှစ်ပြည်ဆိုတဲ့ ဟာမျိုးတွေ ရှိတယ် ကျနော်တို့ နယ်စပ်တွေမှာလေ။ တစ်ရွာတည်းပဲ ဒါပေမယ့် နှစ်ပြည်ပိုင်တာပေါ့နော်။ တချို့ကလည်း လယ် ကန်သင်းလေးတွေက တရုတ်ဘက်ကလည်း ပိုင်တယ် ဗမာဘက်ကလည်း ပိုင်တယ်။ အဲဒီလို ရွာလေးတွေလည်း ရှိတယ်။ ပြီးရင် အကြောင်းကြောင်းနဲ့ တရားမဝင် အပေါက်လေးတွေ လုပ်ထားတာရှိတယ်။ နည်းမျိုးစုံနဲ့တော့ သူတို့ သွားလာနေတာပဲ။ ခိုးပေါက်ကနေ ထွက်လာလို့ တရုတ်ရဲကတွေ့လို့ အဖမ်းခံရတာတွေလည်း ရှိတယ်။ အခု ခိုးထွက်တဲ့လူတွေ ခိုးဝင်တဲ့လူတွေကို မိတာနဲ့ blacklist ငါးနှစ်သွင်းမယ်၊ နောက် ဝင်ခွင့် မပြုတော့ဘူး၊ အရေးယူ ထောင်ချမယ်ဆိုပြီးတော့ ဒါမျိုးတော့ ရှိတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံထဲရှိ မြန်မာများ အနေဖြင့် နေရပ်ပြန်ချင်ပါက တရုတ်ပြည်ရှိ မြန်မာကောင်စစ်ဝန်ချူပ်ရုံးနှင့် ပေကျင်း ရှိ မြန်မာသံရုံးသို့ ဆက်သွယ်နိုင်ကြောင်း၊ အလားတူ မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (ရွှေလီမြို့) သို့လည်း စာရွက်စာတမ်းများ ဖြည့်စွက်ကာ စာရင်းပေးနိုင်ကြောင်း သိရသည်။

လက်ရှိ တရုတ်နိုင်ငံမှ နေရပ်ပြန်လာသည့် မြန်မာများထဲတွင် ကိုဗစ်ကာလများ၌ ပိတ်မိနေကြခြင်းကြောင့် သက် တမ်းကျော်လွန် နေသူများရှိကြောင်း၊ ထိုသူများအား တရုတ်အစိုးရဘက်မှ ထောင်ဒဏ်တစ်နှစ်နှင့် ငွေဒဏ် ယွမ် ငွေ ၁၀၀၀ (သို့မဟုတ်) ၅၀၀ အား သတ်မှတ်ထားသည်။

ထိုပမာဏသည် များပြားလွန်းသဖြင့် မြန်မာဘက်မှ တာဝန်ရှိသူများနှင့် တရုတ်ဘက်မှ တာဝန်ရှိသူတို့ ညှိနှိုင်းမှု အရ ထောင်ဒဏ် မပါရှိတော့ဘဲ ဒဏ်ငွေအဖြစ် ယွမ် ၁၀၀ ပေးဆောင်ရပြီး စာရွက်စာတမ်း ကုန်ကျစရိတ်အဖြစ် ယွမ်ငွေ ၁၅၀ ဝန်းကျင် စုစုပေါင်း ယွမ်ငွေ ၂၅၀ ဝန်းကျင်ခန့် ပေးဆောင်ရကြောင်း သိရသည်။

နေရပ်ပြန်မည့် ပုံစာ- တရုတ်နိုင်ငံရောက် မြန်မာများကို စိစစ်နေစဉ်

ပြီးခဲ့သည့် ရက်ပိုင်းက တရားမဝင် လမ်းကြောင်းမှ နေရပ်ပြန်ရန်အတွက် လူတစ်ဦးလျှင် ယွမ်ငွေ ၂၀၀၀ ကျော် ပေးခဲ့ရသော်လည်း အလိမ်ခံလိုက်ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသားနှင့် လက်ထပ်ထားသည့် မြန်မာများအနေဖြင့် နေရပ်ပြန်မည်ဆိုပါက ၎င်းတရုတ်နိုင်ငံသား၏ ခွင့်ပြုချက် ပါရှိရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာများ အနေဖြင့် နေရပ်ပြန်ရန်အတွက် ၃ နှစ်ဆိုသည့် အချိန်ကာလအား စောင့်ဆိုင်းခဲ့ရပြီးဖြစ်သဖြင့် လက်ရှိ တွင် လုပ်ငန်းဆောင်တာများကြောင့် ကြန့်ကြာသည့် အချိန်ကာလအား သည်းခံ စောင့်ဆိုင်းသင့်ကြောင်း၊ တရား မဝင် လမ်းကြောင်းမှ နေရပ်ပြန်မလာကြရန် နှလုံးလှလူမှုကူညီရေးအသင်း(မူဆယ်)မှ ဥက္ကဋ္ဌ ဦးဖိုးထောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးဖိုးထောင်က “သက်ဆိုင်ရာနဲ့ တွေ့ရင် ဘယ်လိုမှ ဖြေရှင်းလို့မရဘူး။ ဥပမာ ဗမာပြည်ကနေ သူတို့ဘက်ကို ခိုးဝင် ရင်လည်း အဲဒီလိုမျိုးပဲ ဒဏ်ကြေးတွေ အဆမတန် တောင်းတယ်၊ ထောင်ချတယ်၊ ဟိုဘက်ကနေ ဒီဘက်ကိုလာလို့ သက်ဆိုင်ရာက တွေ့ပြီ ဖမ်းမိပြီဆိုရင်လည်း အဲဒီလိုပဲ ငွေကြေးတွေ အဆမတန် တောင်းတယ်။ လူအယောက် တစ်ရာကို တစ်ရက် ငါးယောက် ပို့မယ်ဆိုရင် ရက်ကြာတာပေါ့။ အယောက်တစ်ရာ လုံးကို စုပြီးပို့တဲ့ အနေအထား မျိုးပေါ့ ဥပမာပြောပြာတာ ဟိုဘက်က လုပ်တယ်ဆိုတာလည်း။ အဲဒီလိုမျိုး တစ်စုတည်း အလုပ်မရှုပ်အောင်ပေါ့ နော် သူတို့အဲဒီလိုမျိုး ရက်အကန့်အသတ်ထားပြီး လူစုတယ်၊ လူစုပြီးတော့ အဲဒီရက် ရောက်ပြီဆိုရင် ရသမျှ လူ အကုန်ပို့တာ အဲဒီလိုမျိုးပါ။ သူတို့ကို အချိန်ဆွဲချင်လို့ ဆွဲတာမဟုတ်ပါဘူး။ ဒီတစ်ပတ်နှစ်ပတ် ဘာမှဟုတ်တာ မဟုတ်ဘူး။ ခဏစောင့်လိုက်။ သူတို့ တရားဝင်သွားပြီဆို ဒီမှာ ရင်ကော့ ခေါင်းမော့ပြီး သွားလာလို့ ရနေတာကို။ ခိုးဝင် ခိုးထွက်တွေက ကျနော်တို့က အားလည်းမပေးပါဘူး။ ဖြစ်သွားရင် သူတို့ပဲ နာတယ်။ ပါသွားတဲ့ပိုက်ဆံက အများကြီး” ဟု ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်ချင်သည့် မြန်မာများအား တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ၃ ရက်တွင် ပြန်လည် လက်ခံပေးနေကာ တစ်ရက်လျှင် လူဦး ၁၀၀ ခန့် တရုတ် နိုင်ငံဘက်ကနေ စေလွှတ်ကြောင်း သိရသည်။