CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၃

သရုပ်ဆောင် မင်းရာဇာနှင့် ဇနီးဖြစ်သူ ဖူးငုံပွင့် အပါအဝင် မင်းရာဇာ၏မန်နေဂျာဖြစ်သူ အောင်လွင်စိုး (ခ) ရခိုင် လေး တို့ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က မြောက်ဥက္ကလာပတရားရုံးကနေ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ်စီ ချလိုက်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ်က အိမ်ဖော် အမျိုးသမီးငယ် တစ်ဦးကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်မှုကြောင့် အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆ နှင့် မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ နစ်နာသူ အမျိုးသမီးငယ်ဘက်မှ အကူအညီ ပေးနေသည့် အမျိုးသမီးအဖွဲ့က အမှုဖွင့်တိုင်ကြားခဲ့သည်။

သို့သော် မင်းရာဇာသည် သက်ငယ်မုဒိမ်းမှုဖြင့် တရားစွဲဆိုခံထားရသည့်အမှုမှာ ခရိုင်တရားရုံးမှာ ဆက်လက် ရင်ဆိုင် နေရဆဲဖြစ်သည်ဟု နစ်နာသူအမျိုးသမီးငယ်ဘက်က လိုက်ပါဆောင်ရွက်ပေးနေသော အမျိုးသမီးအဖွဲ့မှ ဒေါ်နော်အုံးလှက သူ၏ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသား ထုတ်ပြန်ခဲ့သည်။

မင်းရာဇာနှင့် ဇနီး အပါအဝင် အောင်လွင်စိုး(ခ)ရခိုင်လေးတို့သည် အမျိုးသမီးငယ်ကို နှိပ်စက် ညင်းပန်းခြင်းနှင့် သက်ငယ် မုဒိမ်းမှုများကြောင့် ကရင်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်စဉ် ကရင်လက်နက်ကိုင် အဖွဲ့တစ် ဖွဲ့က ၂၀၂၀ ခုနှစ်တွင် ဖမ်းဆီးပေးခဲ့သည်။

၂၀၂၁ ခုနှစ်တွင် အမှုများ ပိတ်သိမ်းခဲ့ရာ နစ်နာသူ အမျိုးသမီးငယ်ဘက်မှ လိုက်ပါ ဆောင်ရွက် ပေးနေသူများ က ၎င်းအမှုကို မပိတ်သိမ်းသင့်ကြောင်း ပြန်လည်လျှောက်ထားခဲ့ရာ တရားရုံးမှ လက်ခံ၍ အစမှ ပြန်လည် စစ်ဆေးခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် သရုပ်ဆောင် မင်းရာဇာနှင့် ဇနီးဖြစ်သူ ဖူးငုံပွင့် အပါအဝင် မင်းရာဇာ၏မန်နေဂျာဖြစ်သူ အောင်လွင်စိုး (ခ) ရခိုင်လေး တို့ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ်စီ မြောက်ဥက္ကလာပမြို့နယ် တရားရုံးက ချမှတ်ခဲ့သည်။