CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄

မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အင်အားစုများကြား ငြိမ်းချမ်းရေးနှင့် အပစ်ရပ်စဲရေး  တွေ့ဆုံဆွေးနွေး ကြရာ တွင် နှစ်ဖက်တပ်များ ရောက်သည့်နေရာ၌ ရပ်စဲရေးသည် နေရာတိုင်းတွင် လက်ခံရန် မလွယ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

နှစ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး ကြရာတွင် ရောက်သည့် နေရာ၌ တပ်များအား ထားရသည်မှာ အစဉ် အလာမရှိဘဲ အပစ်အခတ်ရပ်စဲရေး လုပ်ပြီဆိုပါက နယ်နိမိတ်ကို မျဉ်းတစ်ခု ဆွဲရကြောင်း၊ ထိုသို့ ဆွဲလိုက်သည့် မျဉ်းကြောင်းအရ နောက်ပြန်ဆုတ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန်နဲ့ လက်မှတ်ရေးထိုးတဲ့ ပွဲအားလုံးမှာ အဲဒါပါတယ်။ ဥပမာ ကျနော်တို့ PNLO/PNLA တွင် ပြည်ထောင်စုအဆင့် ရန်ကုန်မှာ ၂၀၁၃ မတ်လမှာ လက်မှတ်ထိုးပါတယ်။ ထိုးပြီးတော့ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု ၉၃ ရွာ အဲဒီမှာ ကျနော်တို့ရဲ့ တပ်တွေ ရပ်တည်လှုပ်ရှား သွားလာဖို့အတွက် လိုင်းဆွဲပေးပါတယ်။ အဲဒီလို သူဆွဲပေးတဲ့ လိုင်းပေါ်မှာ ကျနော်တို့က တပ်တွေကို စုဖွဲ့ပြီးတော့ အဲဒီကနေ အခြေပြုရပါတယ်။ အဲဒီကနေမှ တပ်ပြင်ထွက်ပြီးတော့ စည်းရုံးရေးလုပ်မယ်၊ တခြားနိုင်ငံရေးကိစ္စ သွားလာမယ်ဆိုရင် ကျနော်တို့က အဲဒီကနေ ထွက်ရပါတယ်။ ဒါကြောင့် gridline လို့ခေါ်တဲ့ မိမိတပ်တွေရဲ့ ထိန်းချုပ်နယ်မြေကို သတ်မှတ်ပေးပါတယ်။ ထိန်းချုပ်နယ်မြေတွေ သတ်မှတ်ပေးမှ အဲဒီအတိုင်းလည်း လိုက်နာမှ အပစ်အခတ်ရပ်စဲရေးက တရားဝင်မှာ။ ရောက်တဲ့နေရာ ရပ်ပြီးတော့ အဲဒီလိုရပ်တဲ့ နည်းကတော့ တကယ်တော့ လက်တွေ့မှာ မလုပ်ကြပါဘူး။ လက်တွေ့မှာ မလုပ်ပါဘူး။ ပလောင်‌ တောင်းဖူးပါတယ်။ ရောက်တဲ့နေရာမှာ ရပ်ဖို့ မပေးဖူးပါဘူး။ ရောက်တဲ့နေရာရပ်ဆို အဲဒီလို အပစ်အခတ် မရပ်ခင်မှာ ဟိုးမန္တလေးမှာ တပ်ပေါင်းစုံ ထိုင်နေတယ် လေ မပြန်ဘဲနေလို့ရတာပေါ့။ အဲဒါမျိုး လုပ်လို့မရပါဘူး။ ဒါကြောင့် ရောက်တဲ့နေရာ ရပ်တာတော့ မဟုတ်ပါဘူး။ တောင်းတော့ တောင်းလေ့ရှိကြပါတယ်။ ဒါပေမယ့် နေရာတိုင်း လက်ခံဖို့တော့ မလွယ်ဘူး” ဟု ပြောသည်။

နွေဦးတော်လှန်ရေး ချင်းလက်နက်ကိုင်များကို တွေ့ရစဉ်

၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲများကြား မြန်မာ့တပ်မတော်သည် ၅ နှစ်အတွင်း တိုင်းရင်း သားလက်နက်ကိုင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကြောင့် လက်လွှတ် ဆုံးရှုံးထားရသည့် နယ်မြေဒေသ အများအပြား ရှိနေသည်။

ထိုထဲတွင် မြောက်ပိုင်းအဖွဲ့များ ဖြစ်ကြသည့် ကိုးကန့်တပ် (MNDAA) နှင့် ပလောင်တပ် (TNLA) တို့သည် မြန်မာ့တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးကို သဘောတူထားကြသည့် အဖွဲ့များဖြစ်သည်။

လက်ရှိ နယ်မြေ သိမ်းပိုက်ထားသည့် အခင်းအကျင်းများအရ တွေ့ဆုံဆွေးနွေးကြရာတွင် ရောက်သည့် နေရာ၌ တပ်များအား ရပ်ထားရေးကို အစိုးရဘက်မှလည်း ခွင့်ပြုပေးရန် မလွယ်ကူကြောင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ(တစည)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ‌ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မလွယ်ကူဘူး။ ဖွဲ့စည်းပုံဥပဒေမှာ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးပြီးသား နယ်နိမိတ်တွေ ရှိတယ်လေ။ အဲဒီနယ်နိမိတ်တွေရဲ့ ဘောင်ကျော်ပြီးတော့ သွားပေးရင် သူက ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်မှု၊ တကယ်ကို ထိန်းသိမ်းစောင့်ရှောက် ပါမယ်ဆိုတဲ့ အဖွဲ့ကကို ချိုးဖောက်မှု ဖြစ်သွားမှာလေ။ ရောက်တဲ့နေရာ ရပ်ဆို တာက တကယ်တမ်း ပြောရင်တော့ လက်ရှိ မြေနေရာ အသာစီး ရထားပြီးသား ပုဂ္ဂိုလ်တွေက အဓိက,ကတော့ စီးပွားရေး အခွင့်အလမ်း အသာစီးရထားတဲ့ အခြေအနေတွေကို လက်လွှတ်ဆုံးရှုံး မခံနိုင်လို့ ရောက်တဲ့နေရာ ရပ် ဆိုတဲ့ စကားလုံးတွေ သုံးတာ။ တကယ်တမ်း ပြောရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘယ်လိုမှကို ခွင့်ပြုလို့မရ တဲ့ အခြေအနေမှာ ရှိတာလေ” ဟု ပြောသည်။

KIA-PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်

လက်နက်ကိုင်တပ်ဖွဲ့များသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဒေသ၊ လူပုဂ္ဂိုလ်နှင့် ခံယူချက်များ မတူညီကြသည့်အတွက် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြသည့် အခါမျိုးတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ သွားသည့်ပုံစံများ တူမည်ဟု အတိအကျ ပြော၍မရကြောင်း၊ ဆွေးနွေးမှု ရလဒ်အပေါ်တွင် အများကြီး မူတည်ကြောင်း ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဆွေးနွေးပွဲရဲ့ အခြေအပေါ်မှာ အများကြီး မူတည်ပါတယ်။ တိုက်ပွဲဖြစ်နေကြတဲ့ ပုဂ္ဂိုလ်တွေက ဘယ်လို ဆွေးနွေးကြလဲ၊ ဘယ်လို အဖြေထွက်ကြလဲ။ သူတို့က ဘယ်လို သဘောတူညီချက်တွေ ရကြလဲ။ အဲဒီအပေါ်မှာပဲ အများကြီး မူတည်ပါလိမ့်မယ်။ ဘယ်လိုပုံစံမျိုး ကောင်းပါတယ်လို့ ကျမတို့ကတော့ တိုက်ရိုက် မပြောလိုဘူး။ ငြိမ်းချမ်းရေးသွားတာကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကို သွားတာ ပုံစံအားလုံး တူလိမ့်မယ်လို့ ကျမတို့ တပ်အပ်ပြောလို့ မရဘူး။ ဒေသမတူသလို လူပုဂ္ဂိုလ် မတူဘူး၊ ခံယူချက်မတူဘူး။ အများကြီး ကွဲပြားနိုင်ပါတယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေးကို သွားတဲ့အခါမှာ ပုံစံမျိုးစုံနဲ့ လုပ်ဆောင်တတ်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ လုပ်ဆောင် တတ်ဖို့ဆိုတာ ဘယ်ဘက်ကိုမှ ကျမ မပြောဘူး။ ပါဝင်သင့်တဲ့ပုဂ္ဂိုလ်တွေက အားလုံးက စိတ်စေတနာ အမှန် တကယ် ရှိဖို့လိုတယ်။ အမှန်တကယ် စေတနာသန့်သန့်နဲ့ အလုပ်လုပ်ကြဖို့ လိုပါတယ်” ဟု ပြောသည်။

လက်ရှိတွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက် ပေးသွားမည့် ကိစ္စရပ်များကို ထုတ်ဖော်ပြောကြားထားရာ ထိုထဲတွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး ရန်လည်း ပါရှိသည်။

ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီအထိ ရက်ပေါင်း ၁၀၀ အတွင်း PDF များ၊ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ အားလုံးကို ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။