CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)သည် ကတိကဝတ်များ ခံထားသည့်အပြင် နိုင်ငံတကာက အသိသက်သေအဖြစ် လက်မှတ်ရေးထိုးထားသည့်တိုင် မည်သည့်အတွက်ကြောင့် ဖောက်ဖျက်ခံ နေရလဲဆိုသည့်အပေါ် ပြည်သူလူထုအကြား မေးခွန်းထုတ်နေကြသည်။

NCA ဖောက်ဖျက်ခံနေရခြင်းသည် စာချုပ်အတိုင်း မည်သူမျှ မလိုက်နာနိုင်ကြ၍ဖြစ်ကြောင်း၊ လိုက်နာမည်ဆိုလျှင် NCA ပေါ်မှ ဆွေးနွေးမှုများ ရနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “စာချုပ်အတိုင်း ဘယ်သူမှ မလုပ်လို့ပေါ့ဗျာ၊ စာချုပ်မှာ လက်မှတ်ထိုးတာက ကျနော် မှတ်မိသလောက် အစိုးရဆိုတဲ့ အစုအဖွဲ့ကနေပြီးတော့ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ် ၃ ပါတီ ထိုးတယ်ဗျ၊ ကျနော်တို့ ဘက်ကတော့ အဖွဲ့အစည်း အသီးသီးရဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ နောက်စစ်ဦးစီးချုပ် ၃ ယောက် ထိုးတယ်ဗျ၊ အဲဒီလို ကတိကဝတ် အာမခံထားသော်လည်းပဲ ဘာကြောင့် ဖောက်တာလဲဆိုတော့ ကျနော် တို့ နှစ်ဖက်စလုံးပေါ့ဗျာ၊ အစိုးရကလည်း သူပြိုကွဲသွားတယ်၊ လွှတ်တော်နဲ့ အစိုးရက မရှိဘူး၊ တပ်မတော် ကျန် တယ်၊ ၃ ယောက် ၃ ဖွဲ့မှာ တပ်မတော်ကျန်တယ်။ NCA ထိုးတဲ့ထဲမှာ ကျန်တဲ့ လွှတ်တော်ကလည်း မရှိတော့ဘူး၊ နောက်တစ်ခါ ဒီ NCA ထိုးတဲ့ထဲမှာလည်းပဲ NCA ထိုးခဲ့တဲ့ အဖွဲ့တချို့က NCA က ပြန်လည် နုတ်ထွက်တယ် ဆိုပြီး တော့ ကြေညာပြီးတော့ နုတ်ထွက်ပြီးတော့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကြတယ်ဗျ၊ မလိုက်နာနိုင်ကြလို့ ပါ၊ စာချုပ်ကတော့ သိက္ခာရှိပါတယ်၊ ဥပဒေစာတမ်းလည်း ဖြစ်ပါတယ်၊ လွှတ်တော်ကလည်း အတည်ပြုပြီးသား စာချုပ်ဖြစ်ပါတယ်၊ ဒါကြောင့် လိုက်နာမယ်ဆိုရင် ဘယ်ဘက်က ဖြစ်ဖြစ်ပေါ့ဗျာ၊ အားလုံးလိုက်နာကြမယ် ဆိုရင် တော့ ဆွေးနွေးမှုရနိုင်ပါတယ်။ ဒီ NCA လမ်းကြောင်းပေါ်က ဆွေးနွေးလို့ ရနိုင်ပါတယ်” ဟု ပြောသည်။ 

NCA လက်မှတ်ထိုးပွဲ ကျင်းပနေစဉ် 

NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ KNU/KNLA-PC၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO) တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က လက်မှတ်ထိုးခဲ့ကြသည်။

ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ NCA ကို လက်မှတ်ထိုးခဲ့သည်။

အဆိုပါ NCA စာချုပ်ကို ကမ္ဘာ့ကုလသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း အပါအဝင် ပြည်တွင်းရှိ  အသိသက်သေ များလည်း လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုထားခဲ့သည်။

၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များအကြား NCA ပျက်ခြင်း၊ မပျက်ခြင်း အပေါ် ငြင်းခုန်မှုများ ရှိခဲ့ကြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက NCA မှာ ပျက်သွားပြီး ဖြစ်၍ လိုက်နာစရာမလိုတော့ကြောင်း ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၀ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့သည်။

NCA (၈)နှစ်ပြည့် အခမ်းအနားကျင်းပစဉ်

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ NCA သည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထား သည့် သမိုင်းဝင် စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိပဲ တည်ရှိနေမည့် စာချုပ်ဖြစ်သည်ဟု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။

NCA စာချုပ် ဖောက်ဖျက်ခံနေရသည်မှာ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုများ ကင်းမဲ့လာသောကြောင့် ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်စောမြရာဇာလင်းက “အဓိက,ကတော့ တစ်ဖက်ကိုတစ်ဖက် ယုံကြည်မှုတွေ ကင်းမဲ့လာကြတယ်လို့ တိုတို ရှင်းရှင်း  ပြောချင်ပါတယ်၊ ဘာကြောင့်လဲ ဆိုလို့ရှိရင် NCA စာချုပ် ချုပ်ပြီးတဲ့နောက်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ဆွေးနွေးကြတဲ့အခါမှာ အထေ့အငေါ့တွေ ဖြစ်ခဲ့ကြတယ်၊ အထူး သဖြင့် ဆိုလို့ရှိရင် တစ်ခုတည်း‌သော တပ်မတော်ဆိုတဲ့ ကိစ္စတွေပေါ့၊ တစ်ခုတည်းသော တပ်မတော်ကို ဘယ်လို ဖွဲ့စည်းမလဲဆိုတာ ပွင့်ပွင့်လင်းလင်း နှစ်ဖက်စလုံးမှာက ပြောတဲ့အနေအထားက တအား အားနည်းခဲ့တယ်၊ စကား ပြောရမယ့် ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ပြောဖို့လိုတယ် နှစ်ဖက်စလုံးက အဲလိုမျိုး မပွင့်လင်းကြတဲ့ ကိစ္စတွေနဲ့ ဆွေးနွေးပွဲမှာ အဆင်မချောခဲ့တဲ့ ကိစ္စတွေကြောင့်ပဲ ဒီသံသရာက ရှည်လာတယ်လို့ပဲ ပြောချင်ပါတယ်၊ အဲဒီတစ်ခု ထဲလားဆိုတော့ တစ်ခုထဲလည်း မဟုတ်ဘူး၊ အဓိက ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ဆွေးနွေးရမယ့် ကိစ္စတွေက လည်း ရှိခဲ့တယ်၊ ဒါပေမယ့်လို့ ၂၀၂၀ အလွန်မှာကျတော့ နိုင်ငံရေးရဲ့ အခြေအနေက အပြောင်းအလဲတွေ ဖြစ်သွား တော့ လိုအပ်သလို မဆွေးနွေးခဲ့နိုင်ဘူး၊ အဲဒါက အဓိက အချက်တွေ ဖြစ်ခဲ့တယ်” ဟု ပြောသည်။ 

၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့က NCA ပျက်သွားပြီဟုပြောကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။