CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၈
ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် အစိုးရမှ လက်နက်ကိုင်အဖွဲ့များအား ဖိတ်ခေါ်ရာတွင် မည်ကဲ့သို့ ဆွေးနွေးမည်ဆိုသည့် ပုံစံကို ချပြနိုင်ပါက အကောင်းဆုံးဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘယ်လိုဘယ်လို ဆွေးနွေးမယ်ဆိုတဲ့ ပုံစံမျိုးကို ချပြနိုင်တယ်ဆိုရင် အကောင်းဆုံး။ ခေါင်းစဉ် တွေကို ပေးတယ်ဆိုရင်လည်း ခေါင်းစဉ်တွေကိုပါ ချပြနိုင်ရင် အများကြီး ကောင်းပါတယ်။ တစ်ခုရှိတာ ကတော့ ကျမ သတိထား မိသလောက်ဆိုရင် သတ်မှတ်ချက် မရှိဘူးပေါ့။ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဆိုတဲ့ ပုံစံမျိုးတွေ အခုပါတာ တွေ့တယ်။ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေကနေ စမယ်ပေါ့။ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုက စတာက တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုကို ရလာနိုင်တဲ့ အနေအထား လည်း ရှိပါတယ်။ အခုဆိုရင် ဒေါသတွေ ရှိနေကြတယ်။ မာန်မာနတွေ ရှိနေကြတယ်။ ဘာကြောင့်လဲဆို တိုက်ပွဲကြောင့်။ တိုက်ပွဲကြောင့် ဖြစ်နေတာဆိုတော့ အလွတ်သဘော တွေ့ဆုံမှုကလည်း စသင့်တယ်။ ဘယ်လိုပုံစံမျိုး စသင့်တယ်။ ဆွေးနွေးကြတဲ့အခါမှာ အခြေခံမူဆိုတာ ရှိတယ်။ အဲဒီအခြေခံမူမှာ ဘယ်လို ပါလဲဆိုတော့ ဆွေးနွေးပွဲ ရလဒ်များနဲ့အညီ တည်ဆောက်သွားရန်ပေါ့။ တည်ဆောက်သွားရန်ဆိုတာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနဲ့အညီ တည်ဆောက်သွားမယ် အဲဒီလို ပါရှိတယ်။ အဲဒီလို ပါရှိတဲ့အတွက်ကြောင့် ကိုယ်တို့က ရလဒ်ကောင်း ထွက်အောင် ဆွေးနွေးနိုင်ဖို့က ဆွေးနွေးဖက်တွေ အချင်းချင်းကြားမှာ အရေးကြီးတယ်ဆိုတာကို ပြောလို စေခြင်းဖြစ်တယ်” ဟု ပြောသည်။
လက်ရှိတွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက် ပေးသွားမည့် ကိစ္စရပ်များအနက် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး အခန်းကဏ္ဍလည်း ပါရှိသည်။
ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီအထိ ရက်ပေါင်း ၁၀၀ အတွင်း PDF များ၊ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ အားလုံးကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။

NCA လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကျင်းပနေစဉ်
ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေးသည် မတူညီကြောင်း၊ အပစ်ရပ်ရေးကို ဦးစွာ လုပ်ဆောင်သင့်သည်ဟု သုံးသပ်မှုများရှိသကဲ့သို့ နှစ်ခုစလုံးအား တစ်ပြိုင်နက်တည်း လုပ်ဆောင်သင့်သည်ဟု ယူဆသူများလည်း ရှိကြသည်။
ထို့ပြင် အချို့တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် ငြိမ်းချမ်းရေးကို မပြုလုပ်လိုသော်လည်း အပစ်အခတ်ရပ်စဲရေးကို လုပ်လာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
ထို့ကြောင့် ပထမဆုံးအနေဖြင့် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး အပစ်ရပ်ခြင်းကို စတင် အကောင်အထည် ဖော်လိမ့်မည်ဟု မြင်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်တယ်ဆိုတာက မတူပါဘူး။ ငြိမ်းချမ်းရေးက တကယ့်ကို လိုလိုချင်ချင် နယ်မြေ ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်နိုင်တဲ့ အခြေအနေမှာရှိတယ်။ အပစ်ရပ် ထားတယ်ဆိုတာကတော့ ပြောရရင်တော့ နှစ်ဖက် အင်အားဖြည့်ဆည်းဖို့ အနားယူနေသလိုကြီး ဖြစ်နေတာလေ။ ရှေ့ကာလတွေ က အဲဒီလိုပဲ ဖြစ်ခဲ့တာကို။ အမြန်ဆုံး အပစ်ရပ်တာ အကောင်းဆုံးပဲ။ ကျနော်တို့ကတော့ ပထမဆုံး အပစ်ရပ်လိုက်ရင်ကိုပဲ ပြည်သူကစပြီးတော့ စိတ်ချမ်းသာမှုရပြီ။ ပထမ အဆင့် ခြေလှမ်းစပြီပေါ့။ ငြိမ်းချမ်းရေးက နှစ်ဖက် ညှိနှိုင်းဖြေရှင်းရမယ့် အခြေအနေတွေကို ကြားခံ အဓိကတော့ ကြားခံသက်သေ နဲ့ ဖြေရှင်းမှ လက်ခံနိုင်တဲ့ အခြေအနေ ဖြစ်နေတာလေ။ တစ်ဖက်တည်းက အပစ်ရပ်ရုံနဲ့ မပြီးဘူး ဖြစ်နေ တာကို ငြိမ်းချမ်းရေးအထိ ရောက်ဖို့ကြတော့လေ။ အဲဒီတော့ ကြားခံအဖွဲ့အစည်းရဲ့ အင်အား ကောင်း ကောင်း၊ ထောက်ပံ့မှု ကောင်းကောင်း ဒါမှမဟုတ်ရင် ပြဿနာဖြေရှင်းနိုင်မှု ကောင်းကောင်းနဲ့ ဆောင် ရွက်မှ ငြိမ်းချမ်းရေးအဆင့်က ရောက်မှာ။ ဒါပေမယ့် အရေးကြီးတာတော့ အပစ်စရပ်ဖို့က အရေးကြီး တယ်။ အဲဒါကြောင့် အပစ်ရပ်ကြတာကို ကျနော်တို့က ကြိုဆိုတယ်။ ပထမဆုံး အကုန်လုံး လက်နက် ကိုင် အဖွဲ့အစည်း အကုန်လုံးက အပစ်ရပ်တာကို စပြီး အကောင်အထည် ဖော်လိမ့်မယ်လို့ မြင်တယ်” ဟု ပြောသည်။

NCA လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကျင်းပနေစဉ်
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော် မတီ (NSPCC)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (NSPWC)၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) တို့ကို ပြန်လည် ဖွဲ့စည်းကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရန် NCA စာချုပ်တွင် ပြဋ္ဌာန်းထားသည်။
NSPCC, NSPWC, NSPNC ကို ပြန်လည်ဖွဲ့စည်းရာတွင် လွှတ်တော်ကဏ္ဍ မပါဝင်သည့်အတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် များစွာ အခက်အခဲ ဖြစ်လာနိုင်ကြောင်း၊ လက်ရှိ မြန်မာ့နိုင်ငံ ရေး အခင်းအကျင်း ကြည့်မည်ဆိုလျှင် တပ်မတော်၏ လွှမ်းမိုးမှု၊ ပါဝင်မှုသည် ဆက်ရှိနေအုံးမည့်သဘော မြင်တွေ့ရသည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
