CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅
မြန်မာနိုင်ငံ တစ်ဝန်းတွင် ဖြစ်ပွားနေသော လက်နက်ကိုင် တော်လှန်ရေးသည် ချုပ်ငြိမ်းရန် အချိန်ရောက်နေပြီဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်က CNI သတင်းဌာနသို့ ပြော သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ပြောင်းလဲလာသော နိုင်ငံရေး ပဋိပက္ခများကြောင့် နိုင်ငံတစ်ဝန်း မြန်မာ့တပ်မတော်နှင့် KIA,TNLA,MNDAA,CNF,ABSDF,KNU,AA, PDFs များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွား၍ မြို့ပျက်ကြီးများ ရှိလာသလို လူဦးရေ ၆ သန်းဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည်။
လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ရေတိုတွင်သာ စစ်ရေး၌ အသာစီးရယူ၍ နိုင်ကောင်း နိုင်နိုင်သော်လည်း ရေရှည်တွင်မှု အစိုးရအား ရှုံးရစမြဲဖြစ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် တော်လှန်ရေး ချုပ်ငြိမ်းရန်အတွက် အချိန်ရောက်ရှိပြီဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နောက်ပိုင်းကျရင် ရေတိုမှာတော့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက နိုင်ကောင်းနိုင်မယ်။ ရေရှည် မှာကျရင်တော့ အစိုးရကိုတော့ သူတို့အနေနဲ့ ရှုံးရစမြဲပဲလေ။ ၁၉၄၉ တုန်းကလည်း ရာဇဝင်နဲ့ ရန်ကုန်အစိုးရလို့ တောင် ခေါ်ရတဲ့အဆင့်ကို ရောက်သွားပြီးမှ ဒီကနေ တပ်မတော်ကနေ ပြန်ချဲ့လာတဲ့ ကိစ္စလေးတွေ ရှိတာပေါ့ နော်။ အခုလည်း ထိုနည်းလည်းကောင်းပါပဲ။ တပ်မတော်က စစ်ဆင်ရေးတွေလုပ်တဲ့ ကိစ္စတွေမှာ တဖြေးဖြေးနဲ့ ပြန်သိမ်းသွားနိုင်မှာပါ။ ဒါပေမယ့် တစ်ခုရှိတာက တပ်မတော်ကနေပြီးမှ တစ်ဖက်က နိုင်ငံရေးအရ ဖိတ်ခေါ်မယ် နောက်ဆွေးနွေးပါ။ တစ်ဖက်ကနေမှ အမြစ်ပြတ် ချေမှုန်းဖို့လိုတယ်။ မြန်မာနိုင်ငံမှာက လက်နက်ကိုင် တော်လှန် ရေး ချုပ်ငြိမ်းဖို့ အချိန်ရောက်နေပြီလို့ ကျနော်အနေနဲ့ ပြောချင်တယ်”ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်က မြန်မာ့တပ်မတော်သည် ကျောက်မဲမြို့ကို ရယူသိမ်းပိုက်ခဲ့ပြီးနောက် ဒေသခံ ပြည်သူများမှ တပ်မတော်အား နွေးထွေးစွာ ကြိုဆိုသည်များရှိခဲ့ကြောင်း၊ ယခင်က ဝါဒမှိုင်း အမှားများကြောင့်သာ တပ်မတော်အား မုန်းတီးကောင်း မုန်းတီးလိမ့်မည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က ထောက်ပြသည်။
ထို့အပြင် ပြည်သူများအနေဖြင့် မည်သည့် အုပ်ချုပ်မှုအောက်တွင် လုံခြုံစိတ်ချစွာ နေထိုင်နိုင်၍ လက်နက်ကိုင် အုပ်ချုပ်မှုနှင့် စစ်အုပ်ချုပ်မှု မည်သို့ ကွာခြားလဲဆိုသည်ကို ကောင်းမွန်စွာ သိသွားပြီဖြစ်သည်ဟု ၎င်းက ပြော သည်။
စိုင်းဋ္ဌေးအောင်က “ဟိုတုန်းက ကျနော်တို့ ဒီမြို့တွေက အစိုးရ အုပ်ချုပ်မှုအောက်မှာရှိတယ်။ အခု သူပုန် အုပ်ချုပ်မှု လည်း ခံခဲ့ရပြီးပြီ။ အစိုးရ အုပ်ချုပ်မှုနဲ့ သူပုန်အုပ်ချုပ်တာ ဘယ်လိုကွာခြားလဲဆိုတာ ပြည်သူကတော့ ကောင်း ကောင်းမွန်မွန် သိသွားလောက်ပြီလို့ ကျနော် မြင်ပါတယ်။ အဲခါကျတော့ ဒါက ပြည်သူတွေ အနေနဲ့ ဘယ်သူ့ကို လက်ခံမလဲပေါ့နော်။ အခုဆိုရင် ကျောက်မဲကနေပြီးမှ စစ်ဘေးရှောင်တာတွေ ရှောင်သွားတဲ့ လူတွေ ပြန်ရောက် လာတယ် တပ်မတော်ကို နွေးနွေးထွေးထွေး ကြိုဆိုတဲ့ပုံလေးတွေ တွေ့ရတာ ဝမ်းသာစရာပေါ့နော် ဟိုတုန်းက ဆိုရင်တော့ ဒါဝါဒမှိုင်း အမှားတွေကြောင့်မို့လို့ တပ်မတော်ကို မုန်းတီးကောင်း မုန်းတီးလိမ့်မယ် ယနေ့အချိန်က တော့ တပ်မတော်က ကယ်တင်ရှင်လိုမျိုး ဖြစ်လာတဲ့ အခါကျတော့ ပြည်သူတွေက အားကိုးရာ ဖြစ်လာတာပေါ့ ဒါကလည်း မြန်မာနိုင်ငံအရေးမှာ နောင် အနာဂတ်မှာ အဆုံးအဖြတ်ပေးမယ့် ကဏ္ဍတစ်ခုလို့ ကျနော့်အနေနဲ့ မြင်ပါတယ်”ဟု ပြောသည်။
မြန်မာ့တပ်မတော်သည် TNLA သိမ်းပိုက်ထားသည့် နယ်မြေများကို ထိုးစစ်ဆင်လာခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် နောင်ချိုမြို့ကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်၌ ကျောက်မဲမြို့ကိုလည်းကောင်း ပြန်လည် သိမ်းပိုက်ခဲ့သည်။
အလားတူ မိုးကုတ်မြို့ကို ပြန်လည် သိမ်းပိုက်ရေး မြန်မာ့တပ်မတော်၏ ထိုးစစ်သည် မိုးကုတ်မြို့အနီး ရောက်ရှိ လာပြီဖြစ်သလို သီပေါမြို့ ပြန်လည်သိမ်းပိုက်ရေးကိုလည်း မြန်မာ့တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီ ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၁၀)နှစ်ပြည့် အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့ရာ အိန္ဒိယ၊ တရုတ်၊ ထိုင်းနှင့် နိုင်ငံ တကာ သံတမန်များ အပါအဝင် NCA ထိုးထားသော လက်နက်ကိုင်များနှင့် လက်မှတ်မထိုးရသေးသော လက်နက်ကိုင်များ တက်ရောက်ခဲ့ကြသည်။