CNI International News
အစ္စလာမ်မာဘက်၊ အောက်တိုဘာ ၁၆
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နယ်စပ်ဒေသတွင် အောက်တိုဘာ ၁၅ ရက်က တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့သဖြင့် ဒါဇင်နှင့်ချီသည့် အရပ်သားများနှင့်စစ်သားများ သေဆုံးခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။
ပြီးခဲသည့် သီတင်းပတ်ကုန်က အာဖဂန်နှင့် ပါကစ္စတန်ကြား တိုက်ပွဲဖြစ်ပွားမှုသည် အာဖဂန်တွင် တာလီဘန်တို့ အာဏာရလာခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်ခဲ့ပြီး နှစ်နိုင်ငံတပ်ဖွဲ့များသည် ကီလိုမီတာ ၂၆၀၀ အရှည်ရှိသည့် နယ်စပ်ဒေသတစ်လျှောက် မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။
အာဖဂန်တာလီဘန်အဖွဲ့၏ ပြောကြားချက်အရ အောက်တိုဘာ ၁၅ ရက် နံနက် အစောပိုင်းက စပင်ဘိုလ်ဒက် (Spin Boldak) ခရိုင်တွင် ပါကစ္စတန်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဒါဇင်နှင့်ချီသည့် အရပ်သားများ သေဆုံးခဲ့ကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု သိရသည်။
တာလီဘန်များကိုတွေ့ရစဉ်
ပါကစ္စတန်အစိုးရ၏ ထုတ်ပြန်ချက်တွင် အာဖဂန်တာလီဘန်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ချာမန် (Chaman) ခရိုင်တွင် အရပ်သား ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ပါကစ္စတန်၏ နယ်စပ်ခရိုင်ဖြစ်သည့် အိုရက်ခ်ဇိုင် (Orakzai ) တွင် နှစ်နိုင်ငံ စစ်သားများနှင့် စစ်သွေးကြွ များကြား တိုက်ခိုက်မှုများကြောင့် ပါကစ္စတန် အရန်တပ်ဖွဲ့မှ စစ်သား ၆ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့သည်ဟု လုံခြုံရေးအရာရှိများက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ပါကစ္စတန်စစ်သား ၁၁ ဦး သေဆုံးစေခဲ့သည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုပြီးနောက် ပါကစ္စတန်စစ်တပ်က စစ်ဆင်ရေး ပြုလုပ်ခဲ့ချိန်တွင် စစ်သွေးကြွ ၉ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ပါကစ္စတန်နိုင်ငံကို တိုက်ခိုက်နေသည့် စစ်သွေးကြွများအား နှိမ်နင်းပေးရန် ပါကစ္စတန်အစိုးရက အာဖဂန် တာလီဘန်အစိုးရကို တောင်းဆိုခဲ့ပြီးနောက် ယခင်က မဟာမိတ်များဖြစ်သည့် ပါကစ္စတန်အစိုးရနှင့် အာဖဂန် တာလီဘန်အစိုးရကြား သဘောထား ကွဲလွဲမှုများဖြစ်ပွားခဲ့ကာ ဆက်ဆံရေးတင်းမာခဲ့သည်။
ပါကစ္စတန်ကမူ စစ်သွေးကြွများသည် အာဖဂန်နစ္စတန်ကို ခြေကုပ်ယူပြီး ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်နေကြောင်း စွပ်စွဲခဲ့သည်။
အာဖဂန်တာလီဘန်တို့ကမူ ပါကစ္စတန်စစ်တပ်သည် သတင်းအမှားများဖြန့်ပြီး နယ်စပ်ဒေသတွင် တင်းမာမှုများ မြင့်တက်အောင် ရန်စခဲ့၍ အာဖဂန်ကို တိုက်ခိုက်နေသည့် အိုင်အက်စ်အဖွဲ့နှင့်ဆက်နွှယ်သော စစ်သွေးကြွများအား အကာအကွယ် ပေးထားသည်ဟု တန်ပြန်စွပ်စွဲခဲ့သည်။
Source: CNA