CNI International News
အစ္စလာမ်မာဘက်၊ အောက်တိုဘာ ၁၄
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ကြား ညအချိန် အပြင်းအထန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်က အာဖဂန်နယ်စပ် ဖြတ်သန်းမှုကို ပိတ်ဆို့ခဲ့ကြောင်း ပါကစ္စတန် တာဝန်ရှိသူများက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်ဟု DW သတင်းမှ ဖော်ပြခဲ့သည်။
နိုင်ငံအနောက်မြောက်ပိုင်းပြည်နယ် ခိုင်ဘာပက်တွန်ခါဝါ၏ Torkham(တော်ခမ်း) နယ်စပ်နှင့် နိုင်ငံအနောက် တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်ရှိ Chaman(ချာမန်) နယ်စပ်ဂိတ်များကို ပိတ်ထားလိုက်ကြောင်း လုံခြုံရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပါကစ္စတန်ဒေသခံ မီဒီယာတွင် ဖော်ပြချက်၌ ၎င်း၏ လုံခြုံရေးတပ်ဖွဲ့များသည် လက်နက်ကြီးများ၊ တင့်ကားများ၊ တိုက်လေယာဉ်များနှင့် ဒရုန်းများကို အသုံးပြုပြီး အာဖဂန်နယ်စပ်ဂိတ် ၁၉ ခုထက်မနည်း သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။
ပါကစ္စတန်တာဝန်ရှိသူများနှင့် တာလီဘန်အစိုးရတို့က တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဆုံးရှုံးမှုများစွာ ရှိသည် ဟု ပြောကြားခဲ့ကြသည်။
ပါကစ္စတန်နဲ့အာဖဂန်နစ္စတန် နယ်စပ်ကို တွေ့ရစဉ်
“အာဖဂန်တပ်ဖွဲ့တွေက အရပ်သားတွေကို ပစ်ခတ်တာဟာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာပါ” ဟု ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး မိုဆင်းနက်ဗီ(Mohsin Naqvi )က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
“လျင်မြန်ပြီး ထိရောက်တဲ့ တုံ့ပြန်မှုတွေနဲ့ ပါကစ္စတန်ရဲ့ ရဲစွမ်းသတ္တိရှိတဲ့ တပ်ဖွဲ့တွေက ကျူးကျော်မှုတွေကို လုံးဝ သည်းခံသွားမှာ မဟုတ်ဘူးဆိုတာ ပြသလိုက်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ပါကစ္စတန်စစ်တပ်က ၎င်း၏စစ်သား ၂၃ ဦးနှင့် အာဖဂန်တိုက်ခိုက်ရေးသမား ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
တာလီဘန်ဘက်ကမူ ၎င်းဘက်မှ စစ်သား ၉ ဦးသေဆုံးခဲ့ပြီး ပါကစ္စတန်စစ်သား ၅၈ ဦးကို သုတ်သင်ရှင်းလင်းခဲ့ ကြောင်း ပြောကြားခဲ့သည်။
အာဖဂန်တပ်ဖွဲ့များသည် ပါကစ္စတန်စစ်စခန်း ၂၅ ခုကို သိမ်းပိုက်ခဲ့ကြောင်း တာလီဘန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိ သူ အကြီးအကဲ ဇာဘီဟူလာမူဂျာဟစ်(Zabihullah Mujahid)က ပြောကြားခဲ့သည်။
Source: DW