CNI International News
အစ္စလာမ်မာဘက်၊ နိုဝင်ဘာ ၂၆
နှစ်နိုင်ငံ နယ်စပ်ဒေသတွင် စစ်ရေးတင်းမာနေသည့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်၏ စစ်အင်အား ဘယ်လိုရှိလဲ ဆိုသည့်အပေါ် လေ့လာနိုင်အောင် ရိုက်တာက နှိုင်းယှဉ်ဖော်ပြခဲ့သည်။
ယခုလအတွင်း ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ကြား နယ်စပ်ဒေသတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သဖြင့် လူပေါင်းဒါဇင်ချီ သေသုံးခဲ့သည်။
ထိုပဋိပက္ခသည် အာဖဂန်တွင် တာလီဘန်တို့ အာဏာပြန်ရလာခဲ့ပြီးနောက် လူသေဆုံးမှု အများဆုံး ထိပ်တိုက် ရင်ဆိုင်တွေ့မှု ဖြစ်ခဲ့သည်။
သို့သော် ယခင်က မဟာမိတ်များ ဖြစ်ခဲ့သည့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့သည် ရက်ပိုင်းအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရယူနိုင်ခဲ့သည်။
လန်ဒန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျုကမူ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့၏ လက်နက်များနှင့် စစ်အင်အားကို အောက်ပါအတိုင်း နှိုင်းယှဉ်သုံးသပ်ခဲ့သည်။
အလုံးစုံခြုံငုံသုံးသပ်မှု
ပါကစ္စတန်စစ်တပ်သည် တပ်သားအင်အားစုဆောင်းမှု ကောင်းမွန်ခြင်း တရုတ်ထံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရရှိခြင်းနှင့် နျူကလီးယားလက်နက် စီမံကိန်းများကို ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံခြင်းတို့ ပြုလုပ်နေသည်။
အာဖဂန်၏ တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့များ၏ စွမ်းဆောင်ရည်မှာ ကျဆင်းနေသော်လည်း ၎င်းတို့ အာဏာ ပြန်ရလာချိန်တွင် နိုင်ငံအတွင်း ကျန်ခဲ့သည့် နိုင်ငံတကာတပ်ဖွဲ့များ၏ လက်နက်များကို ရရှိခဲ့သည်။
မည်သို့ပင်ဆိုစေ အာဖဂန်တာလီဘန် အစိုးရအပေါ် နိုင်ငံတကာက အသိအမှတ် မပြုသဖြင့် စစ်ဘက်ဆိုင်ရာ အဆင့်မြှင့်တင် မွမ်းမံမှုကို ထိခိုက်စေခဲ့သည်။

ပါကစ္စတန် စစ်သားကို တွေ့ရစဉ်
စစ်မှုထမ်းအင်အား
ပါကစ္စတန်တွင် တန်းပြည့်စစ်မှုထမ်း အင်အား ၆၆၀,၀၀၀ ရှိပြီး ၎င်းတို့အနက် ကြည်းတပ်တွင် စစ်သား ၅၆၀,၀၀၀ ၊ လေတပ်တွင် ၇၀,၀၀၀ နှင့် ရေတပ်တွင် ၃၀,၀၀၀ ရှိသည်။
အာဖဂန်တာလီဘန်အစိုးရ၏ တန်းပြည့်စစ်မှုထမ်း အင်အားမှာ ၁၇၂,၀၀၀ သာရှိသည်။ သို့သော် တာလီဘန်အဖွဲ့ က စစ်သားအင်အား ၂၀၀,၀၀၀ အထိ တိုးမြှင့်ရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့သည်။
တိုက်ခိုက်ရေး မော်တော်ယာဉ်များနှင့် လက်နက်ကြီးအင်အား
ပါကစ္စတန်တွင် သံချပ်ကာကား အစီးရေ ၆၀၀၀ ကျော်ရှိကာ လက်နက်ကြီး ၄၆၀၀ ကျော်ရှိသည်။
အာဖဂန်တာလီဘန်အဖွဲ့တွင်လည်း ဆိုဗီယက်ခေတ်က တိုက်ပွဲဝင် တင့်ကားများ အပါအဝင် သံချပ်ကာ ကားများ ရှိသော်လည်း အရေအတွက် အတိအကျကို မသိရပေ။
ထို့အတူ တာလီဘန်တို့၏ လက်နက်ကြီး အရေအတွက်ကိုလည်း မသိရပေ။

အာဖဂန်နစ္စတန်က တာလီဘန်တွေကို တွေ့ရစဉ်
လေတပ်
ပါကစ္စတန်တွင် တိုက်ခိုက်ရေး လေယာဉ် ၄၆၅ စင်းရှိပြီး ဘက်စုံသုံး ရဟတ်ယာဉ်များ၊ တိုက်ခိုက်ရေးနှင့် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ အပါအဝင် ရဟတ်ယာဉ် အစင်း ၂၆၀ ကျော်ရှိသည်။
အာဖဂန်နစ္စတန်တွင်မူ တိုက်လေယာဉ် တစ်စင်းမှမရှိဘဲ လေတပ်ဟူ၍လည်း တိတိကျကျ ဖွဲ့စည်းမထားပေ။
တာလီဘန်တို့တွင် လေယာဉ် ၆ စင်းသာ ရှိပြီး ရဟတ်ယာဉ် ၂၃ စင်းသာ ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
နျူကလီးယား လက်နက်အင်အား
ပါကစ္စတန်သည် နျူကလီးယား လက်နက် ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ပြီး နျူကလီးယား လက်နက် ထိပ်ဖူး ၁၇၀ ခန့်ရှိကာ အာဖဂန်နစ္စတန်တွင်မူ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားခြင်း မရှိပေ။
Source: ရိုက်တာ
