CNI International News

မနီလာ၊ နိုဝင်ဘာ ၂၆

ဖိလစ်ပိုင်သည် လာမည့်နှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူချိန်၌ အဓိက အရေးကိစ္စ နှစ်ခုကို တစ်ချိန်တည်းမှာပဲ ကိုင်တွယ်ဖြေရှင်း ရမည်ဖြစ်ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ပထမအရေးကိစ္စမှာ မြန်မာနိုင်ငံတွင် ကာလကြာရှည် ဖြစ်ပွားနေသည့် နိုင်ငံရေး အကျပ်အတည်းဖြစ်ပြီး ဒုတိယ တစ်ခုမှာ တောင်တရုတ်ပင်လယ်၌ ကျင့်ဝတ်စည်းကမ်းများ ရေးဆွဲရေးဖြစ်သည်။

ထိုအရေးကိစ္စ နှစ်ခုစလုံးသည် ကိုင်တွယ်ဖြေရှင်းရ ခက်ခဲလိမ့်မည်ဟု လေ့လာသူများ သုံးသပ်ခဲ့သည်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ၏ ကြားဝင်ဖြေရှင်းမှုသည် တိုးတက်မှု နှေးကွေးနေပြီး တောင်တရုတ် ပင်လယ်တွင် ကျင့်ဝတ်စည်းကမ်း ရေးဆွဲရေးကိုလည်း ၂၀၂၆ ခုနှစ်တွင် အပြီးသတ်ရေးဆွဲရန် မျှော်မှန်ထားသည်။

တောင်တရုတ်ပင်လယ်နဲ့ အာဆီယံကို တွေ့ရစဉ်

သို့သော် တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများကြား မတူကွဲပြားသည့် အကျိုးစီးပွားများကြောင့် တောင်တရုတ်ပင်လယ်တွင် ကျင့်ဝတ်စည်းကမ်း ရေးဆွဲမှုသည် စိန်ခေါ်မှုများ ရှိလာ နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရေဆာ လာဇာရို (Maria Theresa Lazaro) ကမူ မြန်မာ့အရေးသည် ဦးစားပေးကိစ္စအဖြစ် ဆက်ရှိနေလိမ့်မည်ဖြစ်ကြောင်းနှင့် ဖိလစ်ပိုင်သည် မလေးရှားနှင့်အတူ ပူးပေါင်းဆောင်ရွက် မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံသည် ယခုနှစ်အတွင်း မြန်မာ့အရေးနှင့်ဆက်နွှယ်သည့် ထိတွေ့ ဆက်ဆံမှုပေါင်း ၁၁၇ ကြိမ်အထိ ပြုလုပ်ခဲ့သည်။

လာဇာရိုကမူ ဖိလစ်ပိုင်အနေဖြင့် မလေးရှားနိုင်ငံ လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး လက်ရှိ လုပ်ဆောင်နေသည့် အစီအစဉ်များကို အခြေခံပြီး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လာဇာရိုက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုကို တွေ့ရစဉ်

 ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူမည့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) က လာဇာရိုကို မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်အထူးသံတမန်အဖြစ် ခန့်အပ် ကြောင်း ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် လာဇာရို၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

လာဇာရိုသည် မြန်မာ့အရေးကို ထိရောက်ပြီး ပေါင်းစုံပါဝင်သည့် ချဉ်းကပ်မှုဖြင့် လုပ်ဆောင်သွားလိမ့်မည်ဟု ယုံကြည်ကြောင်း မားကို့စ်က ပြောကြားခဲ့သည်။

လာဇာရိုသည် ၂၀၂၁ ခုနှစ်က မြန်မာ့အရေးနှင့်ပတ်သက်သည့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း မားကို့စ်က ပြောကြားခဲ့သည်။

Source: South China Morning Post