CNI International News
ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၅
ဥရောပသမဂ္ဂ (အီးယူ) ၏ စတုတ္ထအကြိမ်မြောက် အင်ဒို-ပစိဖိတ်ဖိုရမ်အတွက် အာရှ၊ အာဖရိကနှင့် ပစိဖိတ်ဒေသမှ ထိပ်သီးအရာရှိများနှင့် သံတမန်များသည် ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့တော်သို့ ရောက်ရှိလာပြီး အစည်းအဝေး ပြုလုပ်ခဲ့ကြသည်ဟု South China Morning Post မှ ဖော်ပြထားသည်။
ထိုအစည်းအဝေးကို ဝန်ကြီးများနှင့် ဒုဝန်ကြီးများ ၅၀ ကျော် အပါအဝင် ကိုယ်စားလှယ်အဖွဲ့ပေါင်း ၇၀ ကျော်ခန့် တက်ရောက်လာခဲ့သည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။
သို့သော် ထိုအစည်းအဝေးကို အမေရိကန်နှင့် တရုတ်နိုင်ငံတို့အား ဖိတ်ကြားခဲ့ခြင်းမရှိပေ။
လက်ရှိ အချိန်တွင် ဥရောပသမဂ္ဂသည် အမေရိကန်နှင့် တရုတ်၏ အားပြိုင်မှုကြောင့် ဂယက်ရိုက်ခတ်ခဲ့ရသည့် အင်ဒို-ပစိဖိတ်နိုင်ငံများနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။
ဥရောပသမဂ္ဂသည် အမေရိကန် သို့မဟုတ် တရုတ်ထက်ပိုပြီး မှီခိုအားထားနိုင်သည့် အင်အား အစုအဖွဲ့ တစ်ခု ဖြစ်သည်ဆိုသော အချက်ကို ပြသလိုသည့် ဆန္ဒရှိနေသည်ဟုလည်း ဆိုသည်။

အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝို ဆူဘီယန်တိုကို တွေ့ရစဉ်
အင်ဒို-ပစိဖိတ်နိုင်ငံ အများစုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကုန်သွယ်ခွန် တိုးမြှင့် မှုများကြောင့် အထိနာခဲ့ရပြီး အမေရိကန်နှင့်တရုတ် အားပြိုင်မှုကြားတွင် ပိတ်မိနေသည်ဟု ခံစားနေရသည်။
ထို့ကြောင့် ဥရောပအရာရှိများကလည်း အမေရိကန်ရော တရုတ်ပါ ဖြည့်ဆည်းနိုင်စွမ်း မရှိသည့် ခေါင်းဆောင်မှု ပိုင်း ဟာကွက်ကို အီးယူက ဖြည့်ဆည်းပေးနိုင်သော အကြောင်းကို အလေးထား ပြောဆိုနေကြသည်။
ထို့ပြင် အီးယူသည် ၂၀၂၇ ခုနှစ်တွင် အာဆီယံနှင့် ဆက်ဆံရေး တိုးမြှင့်ရန် မျှော်မှန်းထားပြီး အိန္ဒိယ၊ အင်ဒိုနီးရှား တို့နှင့် လွတ်လပ်သည့် ကုန်သွယ်ရေး ဆွေးနွေးမှုများကို မြှင့်တင်ရန် စီစဉ်ထားသည်။
ထရမ့်၏ ကုန်သွယ်ရေး မူဝါဒများကြောင့် အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝို ဆူဘီယန်တို(Prabowo Subianto) သည် ဥရောပနှင့် ဆက်ဆံရေးကို မြှင့်တင်နေသည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: South China Morning Post
