CNI International News

တိုင်ပေ၊ ဇွန်လ ၁၁

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ အနေဖြင့် ထိုင်ဝမ်ကို စစ်တုရင်ခုံပေါ်မှ နယ်ရုပ်တစ်ခုအဖြစ် မဆက်ဆံရန် ထိုင်ဝမ် ၏ အဓိက အတိုက်အခံဖြစ်သည့် ကူမင်တန်(KMT) ပါတီခေါင်းဆောင် ချန်လီဝမ် (Cheng Li-wun) က တိုက်တွန်း ခဲ့သည်ဟု Financial Times မှ ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့ တွေ့ဆုံခဲ့ပြီး သီတင်းပတ် အနည်းငယ်အကြာ၌ ချန်၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထရမ့်သည် တရုတ်ခရီးစဉ်အတွင်း အမေရိကန်မှ ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုများသည် တရုတ်နိုင်ငံနှင့် ဆွေးနွေးရာတွင် အပေးအယူ ပြုလုပ်နိုင်သည့် ဖဲချပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ချန်က ထိုင်ဝမ်ကို အင်အားကြီး နိုင်ငံများကြား အသုံးချစရာအဖြစ် မပြောင်းလဲသင့်ကြောင်း ပြောကြားခဲ့သည်။

“ထိုင်ဝမ်ဟာ အင်အားကြီးနိုင်ငံတွေရဲ့ ဆွေးနွေးပွဲ စားပွဲပေါ်မှာ အရောင်းအဝယ် လုပ်ခံရမယ့် နယ်ရုပ်တစ်ခု ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်သလို အဲဒီလို အဆင့်အထိလည်း ရောက်ရှိခံမှာ မဟုတ်ပါဘူး” ဟု ချန်က အမေရိကန်အရာရှိများ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံရန် ဝါရှင်တန်သို့ မသွားရောက်မီ နယူးယောက်မြို့၌  Financial Times နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ် 

ပြီးခဲ့သည့် နိုဝင်ဘာလတွင် ကူမင်တန်ပါတီ၏ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ဖွယ်ရှိသည့် ချန်သည် ကူမင်တန်ပါတီအပေါ် ထောက်ခံမှု ပိုမို အားကောင်းလာစေရန်အတွက် အမေရိကန်နိုင်ငံသို့ နှစ်ပတ်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။

ကူမင်တန်ပါတီသည် လက်ရှိသမ္မတ ထိုင်ဝမ်သမ္မတ လိုင်ချင်တေ(Lai Ching-te) ၏ DPP ပါတီထက် တရုတ်နိုင်ငံ နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံရေး ထူထောင်လိုသည့် သဘောထား ရှိခြင်းကြောင့် အမေရိကန်၏ သံသယဖြင့် စောင့်ကြည့်မှုကို ရင်ဆိုင်နေရသည်။

ထိုင်ဝမ်နှင့် တရုတ်ကြား ဆွေးနွေးမှုများ ပိုမိုပြုလုပ်ရန် တိုက်တွန်းချက်ကို အလေးထား ဖော်ပြရာတွင် ချန်က လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း အပြန်အလှန် ဆက်သွယ်မှုများ ရပ်ဆိုင်းခဲ့ခြင်းကြောင့် ထိုင်ဝမ် ရေလက် ကြား တစ်လျှောက် တင်းမာမှုများ မြင့်တက်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေကို တွေ့ရစဉ်

“ဘယ်လိုဆွေးနွေးမှုမှ မရှိခဲ့တဲ့အတွက် လက်ရှိမှာ စစ်ပွဲဖြစ်လုနီးပါး အခြေအနေကို ရောက်နေတာကို မြင်တွေ့ နိုင်ပါတယ်။ ထိုင်ဝမ်ပြည်သူ အများအပြားကလည်း အလွန်စိုးရိမ်နေကြပြီး ထိုင်ဝမ်ကို ယူကရိန်းလိုမျိုး ဖြစ်မလာ စေဖို့ မျှော်လင့်နေကြပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားနှင့် အရှေ့အာရှဒေသ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အမေရိကန်၏ အခန်းကဏ္ဍမှာ မရှိမဖြစ် အရေးပါသည်ဟုလည်း ချန်က ပြောကြားခဲ့သည်။

အထူးသဖြင့် ထရမ့်နှင့် ရှီတို့၏ ထိပ်သီး ဆွေးနွေးပွဲ အပြီးတွင် အမေရိကန်အနေဖြင့် ထိုင်ဝမ် ရေလက်ကြားနှင့် အရှေ့အာရှတစ်လွှား ငြိမ်းချမ်းရေးရရှိစေရန် ပိုမို အပြုသဘောဆောင်ပြီး တက်ကြွသည့် ဦးဆောင်မှု အခန်းကဏ္ဍ မှ ပါဝင်ပေးရန် မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

Source: Financial Times