CNI International News
တိုကျို၊ ဇွန်လ ၁၁
ကမ္ဘာ့အင်အားကြီး နိုင်ငံများသည် အပြန်အလှန် ချိတ်ဆက်နေသည့် ကမ္ဘာ့စီးပွားရေးစနစ်ကို လက်နက်သဖွယ် အသုံးချနေကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim)က ဝေဖန်ပြစ်တင်ခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုသို့ လုပ်ဆောင်ခြင်းသည် နိုင်ငံငယ်လေးများအတွက် ထိခိုက်လွယ်သည့် အခြေအနေများကို ဖန်တီးနေခြင်း ဖြစ်ကြောင်း ၎င်းက စွပ်စွဲခဲ့သည်။
ကမ္ဘာ့စီးပွားရေး ပေါင်းစည်းမှု၏ အခြေခံအုတ်မြစ်အဖြစ် ရေရှည်ရှုမြင်လာခဲ့ကြသည့် နိုင်ငံစုံကုန်သွယ်ရေးစနစ် သည် မြင့်တက်လာသော ပထဝီနိုင်ငံရေး မရေရာမှုများကြောင့် ကြီးမားသည့် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း အန်ဝါက ပြောကြားခဲ့သည်။
ထိုသို့သော တင်းမာမှုများနှင့် အကျပ်အတည်းများကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးဒဏ်များကို ဖွံ့ဖြိုးဆဲနိုင်ငံများက ပိုမိုခံစားရလွယ်ကြောင်းလည်း ၎င်းက ဆိုသည်။

မလေးရှားဝန်ကြီးချုပ်နဲ့ ဂျပန်ဝန်ကြီးချုပ်ကို တွေ့ရစဉ်
“ပို့ကုန်ထိန်းချုပ် ကန့်သတ်မှုတွေနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ မူဝါဒတွေကို ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုတွေကနေ တဆင့် ပုံဖော်ဖန်တီးတာတွေ ပိုများလာနေပါတယ်။ အဆိုးရွားဆုံး စိုးရိမ်စရာ အကောင်းဆုံး အချက်ကတော့ စီးပွားရေးအရ အပြန်အလှန် မှီခိုအားထားနေရတာကို လက်နက်တစ်ခုလို အသုံးချလာကြတဲ့ လမ်းကြောင်းက ပိုမိုအားကောင်းလာတာပဲ ဖြစ်ပါတယ်” ဟု အန်ဝါက ပြောကြားခဲ့သည်။
“ထောက်ပံ့ရေး ကွင်းဆက်တွေ၊ နည်းပညာတွေ၊ အရေးပါတဲ့ တွင်းထွက်သတ္တုတွေ၊ ဘဏ္ဍာရေးနဲ့ ဈေးကွက် ဝင် ရောက်ခွင့် စတာတွေကို အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့် ရှုထောင့်ကနေ မကြည့်ကြတော့ဘဲ ပြိုင်ဆိုင်မှု အမြင်နဲ့ ကြည့်တာတွေ ပိုများလာနေပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ အတွက်တော့ ဒါတွေဟာ နိုင်ငံရေး ဗျူဟာမြောက် အသုံးချစရာတွေ ဖြစ်နိုင်ပေမဲ့ တခြားနိုင်ငံ အများအပြား အတွက်တော့ ထိခိုက်မှုတွေကို ဖြစ်ပေါ် စေတဲ့ အကြောင်းရင်းတွေ ဖြစ်လာပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အန်ဝါသည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပသည့် မဟာဗျူဟာမြောက် မသေချာမရေရာမှုများကို ကျော်ဖြတ်ခြင်း (Navigating Strategic Uncertainty) ခေါင်းစဉ်ဖြင့် (၃၁) ကြိမ်မြောက် နစ်ကိုင်း ဖိုရမ်-အာရှ၏အနာဂတ်ပွဲ (31st Nikkei Forum: Future of Asia) အခမ်းအနားတွင် မိန့်ခွန်း ပြောကြားရာ၌ ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ် သည်။
လက်ရှိ ကြုံတွေ့နေရသည့် ပြဿနာများသည် ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများ ပိုမိုကြီးမားလာနေသည့် နောက်ခံ အခြေအနေများကြားတွင် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း အန်ဝါက ပြောကြားခဲ့သည်။

မလေးရှားဝန်ကြီးချုပ်နဲ့ အိန္ဒိယဝန်ကြီးချုပ်ကို တွေ့ရစဉ်
ထို့နောက် ဂါဇာတွင် ရေရှည်ဖြစ်ပွားနေသည့် ပဋိပက္ခ၊ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများ၊ ယူကရိန်းစစ်ပွဲနှင့် အာရှဒေသတွင်း အင်အားကြီး နိုင်ငံများကြား ပြင်းထန်လာနေသည့် ပြိုင်ဆိုင်မှုများကို အန်ဝါက နမူနာအဖြစ် ထောက်ပြခဲ့သည်။
“ကျနော်တို့ဟာ တစ်ဖက်ကနိုင်ရင် တစ်ဖက်ကရှုံးရမယ့် (zero-sum) ပြိုင်ဆိုင်မှု သံသရာထဲမှာပဲ ပိတ်မိနေကြဆဲ ဖြစ်ပြီး အားသာတဲ့သူတွေက အားနည်းတဲ့သူတွေကို ဆက်လက် ဖိအားပေးဖို့ပဲ စိတ်ဝင်စားနေကြပါတယ်။ ဒါဟာ ကျရှုံးဖို့အတွက် အလားအလာ တစ်ခုပါပဲ” ဟု ၎င်းက ဆိုသည်။
“ဂါဇာဒေသမှာ ဆက်လက် ဖြစ်ပွားနေတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တွေ၊ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုတွေနဲ့ အဲဒီ ကနေတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုတွေ ပိုမိုကြီးမားလာတာတွေအပြင် ယူကရိန်းမှာ ရေရှည်ဖြစ်ပွား နေတဲ့ စစ်ပွဲတွေဟာ ငြိမ်းချမ်းရေးရဲ့ ထိခိုက်လွယ်မှုနဲ့ နိုင်ငံတကာ သဘောတူညီချက်တွေရဲ့ ထိရောက်မှုဟာ အကန့်အသတ် ရှိတယ်ဆိုတာကို ကျနော်တို့ကို သတိပေးနေပါတယ်” ဟု အန်ဝါက ပြောကြားခဲ့သည်။
Source: Nikkei Asia
