CNI Article

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၆

ဧပြီ ၂ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် "လွတ်မြောက်ရေးနေ့" ဆိုသည့် စကားလုံးကို သုံးနှုန်းပြီး ကမ္ဘာ့နိုင်ငံအသီးသီးအား ကုန်သွယ်ခွန်များ တိုးမြှင့်ကြောင်း ကြေညာခဲ့သည်။

ထိုနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးအတွက်  "စည်းလုံး ညီညွတ်ရေးနေ့" ဟု ပြောင်းလဲခေါ်ဆိုရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

ထရမ့်၏ ကုန်သွယ်ခွန်များ တိုးမြှင့်ကြောင်း ကြေညာချက် ထုတ်ပြန်အပြီး ၇၂ နာရီအတွင်းမှာပင် အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် (Anwar Ibrahim) သည် အာဆီယံမိတ်ဖက် ခေါင်းဆောင်များနှင့် တွေ့ဆုံကာ အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှုကို မည်ကဲ့သို့ တုန့်ပြန်ရမည်ဆိုသည့် အကြောင်း အရာများကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

လွန်ခဲ့သည့် သီတင်း ၃ ပတ်အတွင်း အမေရိကန်၏ အခွန်စည်းကြပ်မှုများကို တုန့်ပြန်ရန်အတွက် အာဆီယံ အဖွဲ့ဝင်များနှင့် အခြားနိုင်ငံများအကြား ဆွေးနွေးပွဲများ ဆက်တိုက် ပေါ်ပေါက်လာခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတကာကို ကောက်မည့် အခွန်ကောက်စာရင်း ကြေညာစဉ်

ဧပြီလ ၁၀ ရက်က အာဆီယံ စီးပွားရေးဝန်ကြီးများသည် ဗွီဒီယိုဆက်သွယ်မှုမှတဆင့် အစည်းအဝေး ပြုလုပ်ခဲ့ ပြီးနောက် အာဆီယံ၏ သဘောထား ကြီးမားမှုနှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိမှုတို့ကို ပြသခဲ့သည်။

လက်ရှိ အာဆီယံနှင့် အမေရိကန်ကြား အပြန်အလှန် ကုန်သွယ်မှုပမာဏ မြင့်မားလာခြင်းကြောင့် အာဆီယံ အနေဖြင့် ထရမ့်၏ တစ်ဖက်သတ်ဆန်သည့် အခွန်တိုးမြှင့်မှုကို လက်တုန့်ပြန်ခြင်းမပြုရန် တညီတညွတ်တည်း သဘောတူညီခဲ့ကြသည်။

အစည်းအဝေးအတွင်း အာဆီယံဝန်ကြီးများသည် အမေရိကန်နှင့် ဟန်ချက်ညီမှုရှိပြီး ရေရှည်တည်တံ့သော စီးပွားရေး ဆက်ဆံမှုရရှိစေရန် ပွင့်လင်းသော ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းရန် အရေးကြီးကြောင်းကိုလည်း အလေးပေး ပြောကြားခဲ့သည်။

ထို့ပြင် အာဆီယံသည် အမေရိကန်နှင့် ပွင့်လင်းပြီး အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုကိုလည်း ပြုလုပ်လိုကြောင်း ဖော်ပြခဲ့သည်။

တစ်ချိန်တည်းမှာပင် အာဆီယံသည်  ကုန်သွယ်ရေး အငြင်းပွားမှုများကို ဖြေရှင်းရန်နှင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို မြှင့်တင်ရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ကြားခံအဖွဲ့အစည်း တစ်ခုအဖြစ် ထပ်မံအတည်ပြုခဲ့သည်။

အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်မှုများအရ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တစ်နိုင်ငံချင်းစီအလိုက် ကုန်သွယ်မှု အပေါ် မူတည်ပြီး ၁၀ ရာခိုင်နှုန်းမှ ၄၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သဖြင့် အာဆီယံ၏ စီးပွားရေးကို ပြင်းထန်စွာ သက်ရောက်ဖွယ်ရှိနေသည်။

အာဆီယံစီးပွားရေးဝန်ကြီးများကို တွေ့ရစဉ်

ပြီးခဲ့သည့်နှစ်က အာဆီယံ-အမေရိကန် ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၃၂၆ ဒသမ ၅ ဘီလီယံရှိခဲ့ပြီး အာဆီယံ ဘက်မှ ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၇၁ ဘီလီယံရှိခဲ့သည်။

ထို့ကြောင့် အာဆီယံအနေဖြင့် အမေရိကန်နှင့် ထိတွေ့ဆက်ဆံရာတွင် ဆန်းသစ်တီထွင်မှုရှိသည့် မဟာဗျူဟာကို ကျင့်သုံးရမည်ဖြစ်ပြီး အနှောင့်အယှက် တစ်စုံတစ်ရာ ရှိခဲ့မည်ဆိုပါက အာဆီယံ၏ စီးပွားရေးကို ထိခိုက်စေလိမ့် မည်ဖြစ်သည်။

၂၀၂၃ ခုနှစ်က အာဆီယံတွင် အမေရိကန်၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၇၅ ဘီလီယံအထိရှိပြီး အဓိကအားဖြင့်ဘဏ္ဍာရေး၊ ရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများနှင့် နည်းပညာမြင့် ကုန်ထုတ်လုပ်မှုများတွင် ဖြစ်သည်။

ထို့ပြင် အမေရိကန်သည် အာဆီယံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည်။

ဖေဖော်ဝါရီလမှစပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံစီးပွားရေးပေါင်းစည်းမှု အဆင့်မြင့် လုပ်ငန်းအဖွဲ့ တို့သည် ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများနှင့် နည်းပညာမြင့် ကဏ္ဍများကဲ့သို့ အရေးကြီးသည့် နယ်ပယ်များတွင် အဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန်အတွက် အဖြေရှာရန်နှင့် အကောင်အထည် ဖော် လုပ်ဆောင်ရန် အစီအစဉ်များကို ရှာဖွေဖော်ထုတ်ခဲ့ကြသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါကိုတွေ့ရစဉ်

အာဆီယံ၏ ရည်ရွယ်ချက်မှာ ထောက်ပံ့ရေး ကွင်းဆက်ကို ခံနိုင်ရည်ရှိစေရန်နှင့် အမေရိကန် အပါအဝင် ကုန်သွယ်ရေး မိတ်ဖက်များနှင့် ထိတွေ့ဆက်ဆံရန်ဖြစ်သည်။

ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် အစည်းအဝေးသည် အာဆီယံ-အမေရိကန် မဟာဗျူဟာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်ဆက်ဆံရေး (STIP) ဟု လူသိများသော မူဘောင်တစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။

အခြားမဟာဗျူဟာတစ်ခုမှာ လမ်းကြောင်း ၂ ကြောင်း ပါဝင်သည့် ထောက်ပံ့ရေး ကွင်းဆက်ဖြစ်သည်။ 

ပထမလမ်းကြောင်းသည် ထောက်ပံ့ပို့ဆောင်ရေးနှင့် အကောက်ခွန် အဆင့်မြှင့်တင်ရေး၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများနှင့် ဆေးဝါးများကဲ့သို့သော တန်ဖိုးမြင့်ကဏ္ဍများကို ဦးစားပေး လုပ်ဆောင်မည်ဖြစ်သည်။

ဒုတိယလမ်းကြောင်းမှာ အာဆီယံကို လက်ရှိ ဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်များမှ တဆင့် အကောက်ခွန်မဲ့ ဇုန်တစ်ခုအဖြစ် ဖော်ဆောင်ပြီး အမေရိကန်ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံခွင့်ပြုရန် ဖြစ်သည်။

လာမည့် မေလနှောင်းပိုင်းတွင် ကျင်းပမည့် အာဆီယံနှင့် ပတ်သက်သည့် ထိပ်သီးအစည်းအဝေးများတွင် အာဆီယံ ခေါင်းဆောင်များက ထိုအကြံပြုချက်များကို စိစစ်သွားကြမည်ဖြစ်သည်။

လက်ရှိအချိန်တွင် အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းစီသည် အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေပြီ ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

နိုင်ငံတိုင်းတွင် အမေရိကန်နှင့်ပတ်သက်ပြီး ကိုယ်ပိုင်ရွေးချယ်ခွင့်များရှိသော်လည်း အမေရိကန်၏ အခွန် တိုးမြှင့်ကောက်ခံသည့် စိန်ခေါ်မှုများအပေါ် ၎င်းတို့၏ တုန့်ပြန်မှုများသည် လက်တွေ့ကျပြီး ပြေငြိမ်းလိုသည့် တူညီသော စရိုက်လက္ခဏာများရှိနေကြသည်။

စင်္ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် အပါအဝင် နိုင်ငံအများအပြားသည် ထရမ့်အစိုးရနှင့် ညှိနှိုင်းမှုများ ထပ်မံပြုလုပ်ရန် စီစဉ်ထားကြသည်။

ထိုင်းနိုင်ငံကလည်း ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ပီချိုင်း ချွန်ဟာဗာရီရ (Pichai Chunhavajira) နှင့် ကုန်သွယ်ရေးဝန်ကြီး ပီချိုင်း နာရစ်သာဖန် (Pichai Naripthaphan) တို့ ဦးဆောင်သော Team Thailand အဖွဲ့ကို ဝါရှင်တန်သို့ စေလွှတ်ထားပြီးဖြစ်သည်။

ထိုင်းနိုင်ငံသည် အမေရိကန်က ကောက်ခံသည့် ကုန်သွယ်ခွန် ၃၆ ရာခိုင်နှုန်းကို လျှော့ချရန် ရည်ရွယ်ပြီး လုပ်စရာ ရှိသော အချက်အလက်များကို  Team Thailand အဖွဲ့အား ပေးပို့ထားပြီးဖြစ်သည်။

ထိုင်းနိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်မှုတွင် ပိုငွေ ဒေါ်လာ ၄၆ ဘီလျံရှိခဲ့သည်။ 

ထရမ့်၏ ပထမသက်တမ်း ကာလကတည်းက အမေရိကန်နှင့် ထိုင်းကြား ကုန်သွယ်ရေး ပိုငွေပြမှုသည် အဓိက ပြဿနာတစ်ခုဖြစ်ခဲ့သည်။

ပေတုန်တန် အစိုးရသည် အမေရိကန်ထံမှ မော်တော်ယာဥ်များ၊ လက်နက်များ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ အီလက်ထရောနစ်နှင့် စွမ်းအင်များကို ပိုမိုတိုးမြှင့်ဝယ်ယူမည်ဟု ကတိပြုခဲ့ပြီး ၁၀ နှစ်အတွင်း ထိုင်းဘက်မှ ကုန်သွယ်ရေး ပိုငွေပြမှုကို လျှော့ချပေးမည်ဟု ကတိပေးခဲ့သည်။

ထို့ပြင် ထိုင်းနိုင်ငံသည် ပုဂ္ဂလိကကုမ္ပဏီများကို အမေရိကန် ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် တွန်းအားပေးမည်ဖြစ်ပြီး အလုပ်အကိုင်များ ပိုမိုဖန်တီးပေးမည်ဖြစ်သည်။

ထိုင်းနိုင်ငံသည် ၁၈၁၈ ခုနှစ်တွင် အမေရိကန်နှင့် ဆက်ဆံရေးထူထောင်သည့် ပထမဆုံးအာရှနိုင်ငံဖြစ်သည်။ 

အခြားအာရှနိုင်ငံများသည် အမေရိကန်နှင့် ၎င်းတို့၏ ပထမဆုံး ကုန်သွယ်မှု သဘောတူစာချုပ်ကို ၁၈၃၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

Source: ဘန်ကောက်ပို့စ်