CNI Article
၂၀၂၅ ခုနှစ်၊ မေလ ၁၇
အမေရိကန်၏ ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံမှုသည် ကမ္ဘာလုံးဆိုင်ရာ ကုန်စည်စီးဆင်းမှုကို ပြန်လည် ပုံဖော် နေချိန်တွင် မူလက အမေရိကန်သို့ ပို့ဆောင်ရန် ရည်ရွယ်ထားသည့် တရုတ်ကုန်စည်များသည် မိမိတို့၏ နိုင်ငံများ အတွင်းသို့ စုံပြုံဝင်ရောက်လာမည့် အရေးကို နိုင်ငံအများအပြားက စိုးရိမ်နေကြသည်။
အထူးသဖြင့် စီးပွားရေး ကျဆင်းမှုဖိအားများ မြင့်တက်နေချိန်တွင် တရုတ်ကုန်စည်များကို ထိန်းထားရန်အတွက် အချို့က တရုတ်သွင်းကုန်များအပေါ် အခွန်များ စည်းကြပ်ကောက်ခံရန် ဆန္ဒရှိလာကြသည်။
ထိုအခြေအနေတွင် တရုတ်သည် နိုင်ငံတကာ ကုန်သွယ်ရေးမှ အလုံးစုံ ဖြတ်တောက်ခံရမည်ဖြစ်ကာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)အတွက် ထင်မှတ်မထားသည့် အောင်ပွဲကို ရရှိသွားလိမ့်မည်ဖြစ်သည်။
ထိုအခြေအနေကို ရှောင်လွှဲရန်အတွက် တရုတ်အနေဖြင့် ဝင်ရိုးစုံကမ္ဘာအတွက် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပုံစံကို တည်ဆောက်ရန် ၎င်း၏ ရေရှည် ရည်မှန်းချက်နှင့် ကိုက်ညီသည့် ရေတိုမူဝါဒများကို ကျင့်သုံးရမည်ဖြစ်သည်။
တရုတ်သည် ၎င်းကိုယ်ကို ၂၁ ရာစု၏ အမြင့်ဆုံးခေါင်းဆောင် ဖြစ်လာမည်ဆိုသည့် အချက်ကို အများက သံသယ မဝင်စေရန်အတွက် သေချာလုပ်ဆောင်နေသည်။
အိန္ဒိယသည် ရာစုနှစ်လယ်ပိုင်းတွင် စူပါပါဝါ ဖြစ်လာမည်ဖြစ်သည်။ ဥရောပကလည်း ၎င်းတို့၏ အဆင့်အတန်း များကို မြှင့်တင်မည်ဖြစ်ပြီး ထရမ့်၏ အားကြီးသူသာ အမှန်ဆိုသည့် အယူအဆကို ကမ္ဘာတစ်ဝန်းက လိုက်နာပြီး ၎င်းတို့၏ အနေအထားများကို မြှင့်တင်ဖွယ်ရှိသည်။
အမေရိကန်နဲ့တရုတ် ကုန်သွယ်ရေးစစ်ပွဲကြား ညှပ်နေသူများကို တွေ့ရစဉ်
လက်ရှိ တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံနှင့် ဒုတိယအင်အား အကြီးဆုံး နိုင်ငံတို့ကြား ပဋိပက္ခဖြစ်ပွားနေမှုကို ထင်ဟပ်စေခဲ့ကာ သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍများတွင် သြဇာလွှမ်းမိုးမှု များအတွက် သဘောတူညီချက် ရရှိရန် လိုအပ်နေသည်။
ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်နေသည့် နှစ်ဖက်စလုံး၏ အားထုတ်ကြိုးပမ်းမှုများသည် နယ်ချဲ့ဝါဒ၏ သဘာဝပုံစံ ဖြစ်နေသည်။
ထရမ့်က ကနေဒါ၊ ဂရင်းလန်းကျွန်း၊ ပနားမားနှင့် ဂါဇာဒေသတို့ကို အမေရိကန်လက်အောက်သို့ သွတ်သွင်းချင် နေချိန်တွင် တရုတ်ကလည်း တောင်တရုတ် ပင်လယ်အတွင်းရှိ နယ်နိမိတ်များကို ပိုင်ဆိုင်ကြောင်း ကြေညာခဲ့ကာ အာဆီယံနိုင်ငံအချို့နှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည်။
သို့သော် ၎င်းတို့ နှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲက ၎င်းတို့၏ ပြိုင်ဆိုင်မှုများအပေါ် မည်သို့ အကျိုးသက်ရောက်မှု ရှိမည်ဆိုခြင်းကို စောင့်ကြည့်ရမည်ဖြစ်သည်။
အမေရိကန်နှင့် တရုတ်ကြား အပြန်အလှန် ကုန်သွယ်ခွန်များ တိုးမြှင့်နေခြင်းသည် နှစ်နိုင်ငံ ကုန်သွယ်ရေး ချိတ်ဆက်မှုကို ကွာဟသွားစေခဲ့သည်။
အမေရိကန်၏ အခွန်တိုးမြှင့် ကောက်ခံမှုကို ခံခဲ့ရသည့် နိုင်ငံများအနေဖြင့် အမေရိကန်၏ သြဇာလွှမ်းမိုးမှု အောက်ကို ဝင်ရောက်ရမည့် အခြေအနေကို ရောက်ရှိသွားမည်လားဟု မေးခွန်းထုတ်စရာရှိသည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ အလံများကို တွေ့ရစဉ်
တရုတ်အနေဖြင့် စူပါပါဝါနိုင်ငံ အားလုံးနှင့် ခင်မင်ရင်းနှီးခွင့်ရှိသည့် ၎င်း၏ ကုန်သွယ်ဖက် နိုင်ငံများ၏ အခွင့်အရေး များကို လေးစားနေသမျှ ကာလပတ်လုံး ထိုအခြေအနေသို့ ရောက်ရှိလိမ့်မည်မဟုတ်ဟု ဖြေရမည်ဖြစ်သည်။
ထိုအခြေအနေမျိုးတွင် တရုတ်နှင့် ကုန်သွယ်မှု ပြုလုပ်ရသည်မှာ အလွန်အကျိုးများ နေဦးမည်ဖြစ်သည်။
သို့သော် ကုန်သွယ်ရေးမှ အကျိုးအမြတ် ရရန်နှင့် သီးခြားလွတ်လပ်စွာ ရပ်တည်ရန်အတွက် စူပါပါဝါနိုင်ငံများ (Super Powers) မဟုတ်သေးသည့် မစ်ဒယ်ပါဝါ (Middle Powers) ဟုခေါ်ဆိုသည့် အင်အားအလယ်အလတ် တန်းစားနိုင်ငံများသည် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။
ပထမဆုံးအနေဖြင့် မစ်ဒယ်ပါဝါ နိုင်ငံများသည် ၎င်းတို့၏ ဈေးကွက်များအတွင်းသို့ အပိုကုန်စည်များ စုပြုံ ဝင်ရောက် စေခြင်းမပြုရန် တရုတ်ကို တိုက်တွန်းရမည်ဖြစ်သည်။
ထိုကုန်စည်များသည် မူလက အမေရိကန်သို့ ပို့ဆောင်ရန် ရည်ရွယ်ထားသည့် ကုန်စည်များဖြစ်ပြီး တရုတ် ကလည်း ပို့ကုန်များကို အကန့်အသတ်ဖြင့် တင်ပို့ရန် သဘောတူရဖွယ်ရှိသည်။
တစ်ချိန်တည်းမှာပင် တရုတ်သည် ၎င်း၏နိုင်ငံအတွင်း အသုံးစရိတ်များကို တိုးမြှင့်ရန် လိုအပ်သည်။
အဓိပ္ပာယ်မှာ ဝင်ငွေခွန်နှင့် အရောင်းခွန်များကို လျှော့ချခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အသုံးစရိတ် တိုးမြှင့်ခြင်း၊ ကလေးသူငယ် ပြုစုစောင့်ရောက်မှုအတွက် အသုံးစရိတ် တိုးမြှင့်ခြင်းနှင့် ပင်စင်များကို တိုးမြှင့်ခြင်း တို့ဖြစ်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ပြည်သူများ အသုံးပြုရ လွယ်ကူစေအောင် လုပ်ဆောင်ရမည် ဖြစ်သည်။
ထိုကဲ့သို့ အပြောင်းအလဲများ ပြုလုပ်ခြင်းမှ ထိခိုက်မှုများကို လျော့ကျစရန်နှင့် ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချရန် အတွက် တရုတ်သည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် လုပ်ဆောင်သင့်ပြီး ငွေကြေးစနစ်ကို ပြုပြင်သင့်သည်။
ဥပမာအနေဖြင့် တရုတ်သည် ပုဂ္ဂလိက ဘဏ်အသစ်များ ပိုမိုထူထောင်ခွင့်ပြုသင့်သည်။
ထိုဘဏ်များသည် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများကို ပေါ်ပေါက်လာစေနိုင်သည်။
တစ်ချိန်တည်းတွင် အာဆီယံနိုင်ငံများသည် ဂျပန်နှင့် တောင်ကိုရီးယားတို့နှင့်အတူ Atlantic-Pacific Sustainability Pact (APSP) ဟုခေါ်သော အစီအစဉ်သစ်တစ်ရပ်ကို အကြံပြုသင့်ပြီး ထိုအစီအစဉ်ကို ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့ကိုလည်း တင်ပြသင့်သည်။
အမျိုးသမီးတစ်ဦး အလုပ်လုပ်နေစဉ်
APSP တွင် ရည်ရွယ်ချက် ၃ ခု ရှိမည်ဖြစ်ပြီး ပထမအချက်မှာ နိုင်ငံအားလုံးအတွက် လွတ်လပ်သည့် ကုန်သွယ်ရေး နယ်ပယ်တစ်ခု ဖန်တီးရန်ဖြစ်သည်။
ဒုတိယအချက်မှာ ကုလသမဂ္ဂနှင့် အခြား ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးများတွင် ကြားနေ ငြိမ်းချမ်းရေးအုပ်စု ထူထောင်ရန်ဖြစ်သည်။
ထိုအုပ်စုသည် အမေရိကန်၊ တရုတ်နှင့် ရုရှားကြား တင်းမာမှုများကို ဟန့်တားပေးနိုင်မည်ဖြစ်ပြီး ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုနှင့် ကပ်ရောဂါကဲ့သို့ ပြဿနာများတွင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။
တတိယအချက်မှာ ဖွံ့ဖြိုးတိုတက်ရေး အေဂျင်စီတစ်ခု ထူထောင်ရန်ဖြစ်သည်။
ထိုအေဂျင်စီတွင် ချမ်းသာသည့် အဖွဲ့ဝင်နိုင်ငံများက ဆင်းရဲသည့် အဖွဲ့ဝင်နိုင်ငံများကို ငွေကြေးနှင့် နည်းပညာ အကူအညီများ ပေးလိမ့်မည်ဖြစ်သည်။
ထိုကဲ့သို့ ပံ့ပိုးကူညီမှုသည် ကာဘွန်ထုတ်လွှတ်မှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ၎င်းတို့၏ စီးပွားရေးကို ကြီးထွားစေရန် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။
ထို့ပြင် ဆင်းရဲသည့် နိုင်ငံများအပေါ် ကူညီထောက်ပံ့မှုများကို လက်နက်တစ်ခုအဖြစ် အသုံးချပြီး အင်အားကြီး နိုင်ငံများ၏ သြဇာလွှမ်းမိုးမှုကို လျှော့ချပေးနိုင်မည်ဖြစ်သည်။
အာဆီယံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ၂၀၄၅ ခုနှစ်တွင် အာဆီယံသည် ဥရောပသမဂ္ဂနှင့် ဗြိတိန် နိုင်ငံတို့လောက် အင်အားကြီးလာမည်ဖြစ်သည်။
ထိုသို့ ဖြစ်လာခဲ့မည်ဆိုပါက APSP လည်း ပိုမိုသြဇာ ကြီးလာမည်ဖြစ်ပြီး အမေရိကန်နှင့် တရုတ်တို့ပါ ပူးပေါင်း ပါဝင် လာဖွယ်ရှိသည်။
အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုအတွင်း မစ်ဒယ်ပါဝါနိုင်ငံများအတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းသည် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ အဖွဲ့လိုက် လုပ်ဆောင်မှုသည် ပဋိပက္ခများကို လျှော့ချပေးနိုင်ပြီး စူပါပါဝါနိုင်ငံများ ပိုမိုပေါ်ထွက်လာစေနိုင်ကာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်