CNI Article

၂၀၂၅ ခုနှစ်၊ မေလ ၁၉

ကမ္ဘာကြီးမှာ နိုင်ငံပေါင်း ၁၉၀ ကျော်ရှိသည့်အနက် ရွေးကောက်ပွဲ ကျင်းပသည့်နိုင်ငံရှိသလို ရွေးကောက်ပွဲမရှိသည့် နိုင်ငံများရှိသည်။

အလားတူ နိုင်ငံရေးပါတီ ရှိသည့် နိုင်ငံရှိသလို နိုင်ငံရေးပါတီ မရှိသည့် နိုင်ငံများလည်းရှိသည်။ 

ဥပမာ- ဆော်ဒီ၊ ယူအေအီး၊ ကတာ၊ ဘရူနိုင်း စသည့် နိုင်ငံများတွင် ရွေးကောက်ပွဲမရှိသလို နိုင်ငံရေးပါတီများ လည်းမရှိကြပေ။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံအများစုတွင် ရွေးကောက်ပွဲ ရှိသလို နိုင်ငံရေးပါတီများလည်းရှိကြသည်။ 

ထို့ကြောင့် ရွေးကောက်ပွဲ ရှိသည့်နိုင်ငံများတွင် နိုင်ငံသူ/သား မဲဆန္ဒရှင်များက မဲပေးသည့်အခါမှာ မည်ကဲ့သို့သော အခြေအနေများကို လေ့လာဆန်းစစ်ပြီးမှ မဲပေးကြသလဲ၊ မဲပေးသင့်သလဲဆိုတာကို လေ့လာကြည့်ပြီး မြန်မာနိုင်ငံ မှာလည်း မဲဆန္ဒရှင် တစ်ဦးအနေဖြင့် ဘယ်လို အခြေခံအကြောင်းတရားများအပေါ် ကြည့်၍ မဲပေးသင့်လဲစဉ်းစား သင့်သည်။

မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ရွေးကောက်ပွဲ ကျင်းပသွားရန် ပြင်ဆင်နေကြသလို တခြားတစ်ဖက်မှာလည်း ရွေးကောက်ပွဲ မကျင်းပနိုင်ရေး ဟန့်တားရန် ပြင်ဆင်နေကြသည်။

ထိုအထဲတွင် မြန်မာနိုင်ငံသူ/သားများသည် ရွေးကောက်ပွဲ ကျင်းပမည်ကို အားပေးထောက်ခံရမလား၊ ရွေးကောက်ပွဲ မကျင်းပနိုင်ရေး ဟန့်တားနေခြင်းကို အားပေးထောက်ခံရမလား ဆိုသည့် အခြေအနေ ၂ ရပ်ကြားမှာ ကြားညှပ်နေသည်။

ထို့ကြောင့် ရွေးကောက်ပွဲ ဖြစ်ခြင်းမဖြစ်ခြင်းထက် နိုင်ငံတစ်နိုင်ငံမှာ ရွေးကောက်ပွဲရှိခဲ့ရင် မဲဆန္ဒရှင် တစ်ဦး အနေဖြင့် စဉ်းစားဆုံးဖြတ်သင့်သော အချက်များကိုသာ အဓိကထား ဆွေးနွေးသွားလိုပါသည်။

ပါတီ၏ မူဝါဒနှင့် ရည်မှန်းချက်များ
*******************************
    ပါတီများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံခြားရေး၊ ဒီမိုကရေစီအရေး၊ ဖက်ဒရယ် အရေး၊ ငြိမ်းချမ်းရေး၊ လူငယ်အရေး စသည့် မူဝါဒများကို သေချာလေ့လာရန် လိုအပ်သည်။ ထိုမူဝါဒများ ရှိ/မရှိကိုလည်း လေ့လာရန် လိုအပ်သည်။

အဆိုပါ မူဝါဒများသည် မိမိ၏ ယုံကြည်ချက်နှင့် တန်ဖိုးထားမှုများဖြင့် ကိုက်ညီမှု ရှိပါသလား ဆိုသည်ကိုလည်း စဉ်းစားရမည်ဖြစ်သည်။

ထို့ပြင် ပါတီ၏ ရည်မှန်းချက်များသည် လက်တွေ့ကျပြီး တိုင်းပြည်အတွက် အကျိုးရှိနိုင်ပါ့မလား ဆိုခြင်းကိုလည်း လေ့လာဆန်းစစ်ကြည့်ရမည်။

ပါတီ၏ လုပ်ဆောင်နိုင်စွမ်းနှင့် အတွေ့အကြုံ
*****************************************

    ထိုပါတီသည် ယခင်က အစိုးရအဖွဲ့မှာ ပါဝင်ခဲ့ဖူးလျှင် ဘယ်လိုမျိုး စွမ်းဆောင်ရည်များ ပြသခဲ့လဲဆိုသည် ကို လေ့လာရမည်၊ လူထုကို ဘယ်လို ဆက်ဆံခဲ့သလဲ၊ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးနိုင် ခဲ့သလား၊ နိုင်ငံသားများက ဆင်းရဲပြီး သူတို့က ချမ်းသာသွားကြသလား စသည့် အခြေအနေများကို လည်း လေ့လာ၍ စဉ်းစားရမည်။

ထို့နောက် ပါတီ၏ ခေါင်းဆောင်ပိုင်းနှင့် အဖွဲ့ဝင်များ၏ အရည်အချင်း (နိုင်ငံရေးနှင့် လုပ်နိုင်စွမ်း အရည်အချင်းကို ဆိုလိုသည်) ပြည့်ဝပြီး တိုင်းပြည်အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်သည့်သူများ ဖြစ်ပါသလားဆိုသည်ကိုလည်း စဉ်းစားရမည် ဖြစ်သည်။

အလားတူ ပါတီ၏ အဖွဲ့အစည်း တည်ဆောက်ပုံနှင့် လုပ်ငန်းဆောင်ရွက်ပုံများသည် တည်ငြိမ်၍ ထိရောက်မှုရှိသ လားဆိုခြင်းကိုလည်း သုံးသပ်ရမည်။

ကိုယ်စားလှယ်လောင်း၏ အရည်အချင်းနှင့် ကိုယ်ကျင့်တရား
******************************************************

    မိမိ၏ မဲဆန္ဒနယ်တွင် ပါဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း၏ ပညာအရည်အချင်း၊ လုပ်ငန်း အတွေ့အကြုံ၊ နိုင်ငံရေးအသိ ကြွယ်ဝမှု၊ လူမှုရေးဆိုင်ရာ လုပ်ဆောင်ချက်များကို လေ့လာရန်လိုအပ် သည်။

ကိုယ်စားလှယ်လောင်းသည် ပြည်သူကို ကိုယ်စားပြုနိုင်သည့် စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သူ ဖြစ်သလားဆိုသည်ကို စဉ်းစားရမည်။ မဲဆွယ်စည်းရုံးစဉ်ကတစ်မျိုး လွှတ်တော်အမတ် ဖြစ်သည့်အခါတစ်မျိုး လုပ်တတ်သူလား သုံးသပ်ရမည်။

ထို့နောက် ကိုယ်စားလှယ်လောင်း၏ ‌ပြောဆိုလုပ်ကိုင်ပုံများသည် ယုံကြည်အားထားလောက်မှု ရှိပါသလားဆို သည်ကို လေ့လာသုံးသပ်၍ ဆန်းစစ်ရန်လည်း လိုအပ်သည်။ 

Party List စနစ်ဖြင့် ရွေးကောက်ပွဲကို ကျင်းပမည်ဆိုလျှင်တော့ မဲဆန္ဒရှင်သည် ကိုယ်စားလောင်းကို သိခွင့်မရ တော့ဘဲ ပါတီကိုပဲ မဲထည့်ရတော့မည်ဖြစ်သည့်အတွက် ပါတီသည် အုပ်စုဖွဲ့နိုင်ငံရေး သို့မဟုတ် ဆရာ-တပည့် မွေးနိုင်ငံရေးစနစ် ရှိနေသည့် ပါတီလားဆိုသည်ကို သုံးသပ်ပြီးမှ မဲပေးသင့် မပေးသင့်ကို ရွေးချယ်သင့်သည်။

အလားတူ ဗဟိုချုပ်ကိုင်မှု ကြီးထွားသည့်ပါတီလား ကိုယ်စားလှယ်လောင်းများ လွတ်လပ်စွာ ပြည်သူအကျိုးကို ထမ်းခွင့်ပြုမည့် ပါတီလားဆိုသည်ကို စဉ်းစားရမည်။

ထို့ပြင် ပါတီအကျိုးစီးပွားနှင့် ပြည်သူလူထုအကျိုးစီးပွား ယှဉ်လာသည့်အခါ ပါတီအကျိုးစီးပွားရေး ကာကွယ်တာ လား ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်သည့်ပါတီလား ကြည့်ရန်လိုအပ်သည်။

ပါတီ၏ ပံ့ပိုးသူများနှင့် ရန်ပုံငွေ
*****************************

    ပါတီကို ဘယ်သူတွေက ပံ့ပိုးနေသလဲ၊ ဘယ်သူတွေက နောက်ကွယ်က ချုပ်ကိုင်ထားသလဲ၊ ဘယ်သူ တွေအတွက် အလုပ်လုပ်ပေးနေလဲ၊ ရန်ပုံငွေများကို ဘယ်လိုစီမံခန့်ခွဲလဲဆိုသည်ကို သိရှိအောင် လုပ်၍ မဲပေးသင့် မပေးသင့်အား စဉ်းစားဆုံးဖြတ်သင့်သည်။

ပါတီ၏ ရန်ပုံငွေ ရရှိမှုသည် ပွင့်လင်းမြင်သာမှု ရှိပါသလား စစ်ဆေးရန် လိုအပ်သည်။ တချို့က ပါတီကို အကြောင်း ပြု၍ ကိုယ်ကျိုးစီးပွား ရှာကြသလို မလျော်ဩဇာသုံး၍ ရန်ပုံငွေကို ရှာဖွေလေ့ရှိကြသည်ကိုလည်း မမေ့သင့်ပေ။

ထို့နောက် ပါတီ၏ ပံ့ပိုးသူများနှင့် နောက်ကွယ်က အင်အားစုများ၏ အကျိုးစီးပွားသည် ပါတီ၏ မူဝါဒအပေါ် လွှမ်းမိုးမှု ရှိနေသလား မရှိဘူးလား စဉ်းစားသင့်သည်။

သတင်းအချက်အလက် ရယူခြင်းနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်း
*****************************************************

    ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အကြောင်းကို တရားဝင် သတင်းရင်းမြစ်များနှင့် ဘက်မလိုက် သည့် သတင်းဌာနများကနေ ရယူနိုင်ပါသည်။

ထို့နောက် မဲဆွယ်စည်းရုံးမှုများတွင် သူတို့၏ ပြောကြားချက်များကို သေချာနားထောင်ရန် လိုအပ်သလို ထို ပြောကြားချက်များနှင့် ရရှိလာသော သတင်းအချက်အလက်များကို ဥာဏ်နှင့်ဆင်ခြင်တုံတရားကို အသုံးပြု၍ ဆုံးဖြတ်သင့်သည်။

ယခု ခေတ်ကာလများအရ ပါတီနှင့် ကိုယ်စားလှယ်လောင်းများ၏ လှုပ်ရှားမှုများ၊ ပြောစကားများကို လူမှုကွန်ရက် (ဖေ့စ်ဘွတ်ခ်၊ တစ်တော့၊ ယူကျူ၊ အိတ်စ်၊ တယ်လိုဂရမ်၊ အင်စတော်ဂရမ်)များမှာလည်း လေ့လာစောင့်ကြည့်ရန် လိုအပ်သည်။

မိမိ၏ အကျိုးစီးပွားနှင့် တိုင်းပြည် အနာဂတ်
***************************************

    မည်သည့်ပါတီက မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးစီးပွားအပြင် တိုင်းပြည်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် အနာဂတ်ကို အကျိုးပြုနိုင်ခြင်း ရှိလည်းဆိုသည်ကို ထည့်သွင်းစဉ်းစားပြီးမှ မဲပေးသင့်မသင့်ကို ဆုံးဖြတ် သင့်သည်။

ထို့ပြင် မည်သည့်ပါတီ၏ မူဝါဒများက တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်နိုင်မလဲဆိုသည်ကို စဉ်းစားရမည် ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူလူထုများ လိုအပ်နေသည့်ပါတီမှာ (၁) ပြည်တွင်းစစ် ရပ်တန့်ရေး ဆောင်ရွက်နိုင် သော ပါတီ၊ (၂) ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်သည့်ပါတီ၊ (၃) စီးပွားရေး ကျဆင်းမှု ပြန်လည်ဦးမော့ အောင် စွမ်းဆောင်နိုင်သည့်ပါတီ၊ (၄) ဒီမိုကရေစီစနစ် အားကောင်းအောင် ဆောင်ရွက်ပေးနိုင်မည့်ပါတီ၊ (၅) ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဦးဆောင်နိုင်မည့်ပါတီ၊ (၆) အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲ နေခြင်းကို ပြန်လည် အားကောင်းအောင် ဆောင်ရွက်နိုင်မည့်ပါတီ၊ ပညာရေးစနစ် နိုင်ငံတကာအဆင့်မှီရေး ဆောင်ရွက်နိုင်မည့်ပါတီ ဖြစ်သည်။

ထို့ပြင် (၇) နိုင်ငံသူ/သားများ တန်းတူညီမျှမှုရရှိရေး ဆောင်ရွက်နိုင်မည့်ပါတီ၊ (၈) အာဏာနှင့် ပြည်သူလူထု ဒုက္ခ ရောက်အောင် မလုပ်ဘဲ ကာကွယ်ပေးနိုင်မည့်ပါတီ၊ (၉) ကျန်းမာရေးဝန်ဆောင်မှု နိုင်ငံတကာအဆင့်မှီ‌ရေး ဆောင် ရွက်ပေးနိုင်မည့်ပါတီ၊ (၁၀) လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလှမ်းဖန်တီးပေးနိုင်မည့်ပါတီ၊ (၁၁) ခေတ် သစ် နည်းပညာကို အမှီလိုက်နိုင်သောပါတီ၊ (၁၂) လူငယ်များကို နေရာပေးရန် ဝန်မလေးသောပါတီ၊ (၁၃) ဗဟို ချုပ်ကိုင်မှု အားကြီးသော အစိုးရစနစ်ကို ပြုပြင်ပြောင်းလဲပေးနိုင်သောပါတီ၊ (၁၄) အဂတိတရား ကင်းရှင်းပြီး လူထုဝန်ဆောင်မှုကို ချောမွေ့အောင် လုပ်ပေးနိုင်မည့် အစိုးရအဖွဲ့အဖြစ် ပြောင်းလဲပေးနိုင်မည့်ပါတီ၊ (၁၅) ငွေများ တရားနိုင်ဆိုသော တရားရေးစနစ်ကို မှန်ကန်တည့်မတ်ပေးနိုင်သောပါတီ၊ (၁၆) မီဒီယာဆက်ဆံရေးနှင့် မီဒီယာ လွတ်လပ်ခွင့်ကို နားလည်နိုင်စွမ်း မြင့်မားသည့်ပါတီ စသည့် နိုင်ငံရေးပါတီနှင့်လွှတ်တော် ကိုယ်စားလှယ်ကိုသာ ဖြစ်သည်။

ထို့ကြောင့် မဲဆန္ဒရှင်များသည် မိမိ၏ မဲသည် ရွေးချယ်မှု မှန်ကန်ရန် လိုအပ်သည်။ ရွေးချယ်မှု မှားယွင်းပါက ပြုပြင်ပြောင်းလဲမှုမရှိသော စနစ်ကြီးအတွင်းမှာသာ ရှင်သန်ရပ်တည်နေရမည် ဖြစ်သည်။

မိမိနှင့်ထိုက်တန်သော အစိုးရကို မိမိရွေးချယ်သည့် မဲက အဆုံးဖြတ်ပေးမည်ဖြစ်၍ မိမိအနေဖြင့် နိုင်ငံရေး အသိပညာကြွယ်မှု ရှိရှိဖြင့် တိုင်းပြည်နှင့်လူထု အကျိုးကို မကာကွယ်ပေးဘဲ အာဏာနှင့်အဂတိတရားများဖြင့် ပြည့်နှက်နေသော ပါတီနှင့်လွှတ်တော်အမတ်များ ကင်းရှင်းရေး မှန်ကန်သော မဲဆန္ဒရှင်များ လိုအပ်သည်။

ထိုမှသာလျှင် သန့်ရှင်းသော နိုင်ငံအဖြစ် မြန်မာနိုင်ငံ ရပ်တည်နိုင်မည်ဖြစ်ပြီး လူမှု-စီးပွားနှင့် တိုးတက်သော နိုင်ငံ ဖြစ်လာမည်။ ထိုအခြေအနေကို ရောက်လာမလား မရောက်သေးဘူးလားဆိုသည့်ကိုတော့ မဲဆန္ဒရှင်များ၏ ဆုံး ဖြတ်ချက်ကိုပဲ စောင့်ကြည့်ရပေတော့မည်။