CNI Article
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးရပြီးနောက် ၁၉၆၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံသည် ပါလီမန်စနစ် ကို ကျင့်သုံးပြီး ပြည်တွင်းစစ်ကြားမှာ အရှေ့တောင်အာရှ ကျားကြီးအဖြစ် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအနေဖြင့် ရပ်တည်ခဲ့သည်။
ထိုစဉ်အချိန်က ဒီမိုကရေစီစံနှုန်းများ ကျင့်သုံးနိုင်ခဲ့သော်လည်း ဖက်ဒရယ်စံနှုန်းများကတော့ အားနည်းခဲ့ပြီး ပြင်ဆင်ဖြည့်စွက်ရန် တောင်းဆို/ဆွေးနွေးနေဆဲ ကာလဖြစ်သည်။
ထို့နောက် အယူဝါဒမျိုးစုံဖြစ် ပေါ်ပေါက်လာသော လက်နက်ကိုင်အင်အားစုများက မြန်မာနိုင်ငံတစ်ဝန်း သိမ်းပိုက် ထိန်းချုပ်ထားရာ ၁၉၄၉ ခုနှစ်တွင် ရန်ကုန်သာ ဦးနုအစိုးရက အုပ်ချုပ်နိုင်သည့် အခြေအနေသို့ ရောက်ခဲ့သည်။
သို့သော် ဦးနုအစိုးရသည် လူထုက ရွေးကောက် တင်မြှောက်ထားသည့် အစိုးရဖြစ်သည့်အတွက် လူထု ထောက်ခံမှု ရထားသလို နိုင်ငံတကာ၏ ထောက်ခံမှုကိုလည်း ရထား၍ အိန္ဒိယအစိုးရသည် မြန်မာ့တပ်မတော်ကို လက်နက် ခဲယမ်းများ ထောက်ပံ့ပေးကာ ရောင်စုံသူပုန်ဟု ခေါ်ဆိုခဲ့သော လက်နက်ကိုင်အင်အားစုများကို ပြန်လည် တိုက်ခိုက်ခဲ့သည်။
အဆိုပါ ပြည်တွင်းစစ် အတွင်းမှာပဲ မြန်မာနိုင်ငံ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဆင့်အတန်းများ နှင့် ဒီမိုကရေစီစံနှုန်းများသည် မြင့်မားလှ၍ ဖက်ဒရယ်စနစ်ကိုသာ အဓိကထား ညှိနှိုင်းဖော်ဆောင်ရန် လိုအပ်ခဲ့ သည်။
ထိုစဉ်အချိန်ကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှသာလျှင် အားလုံး တန်းတူညီမျှမည်ဟု ဆို၍ အနာဂတ် မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ဆွေးနွေးခဲ့ကြရာ တိုင်းပြည်ပြိုကွဲနိုင်သည်ဟုဆိုပြီး ဦးနေဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်က အာဏာသိမ်းလိုက်သည်။
အထက်ပါ အခြေအနေများကို ထိုင်းနှင့်စင်္ကာပူနိုင်ငံများက သင်ခန်းစာယူ၍ ၎င်းတို့၏ နိုင်ငံများကို တည်ဆောက်ခဲ့ ကြရာ ယနေ့ခေတ်မှာတော့ မြန်မာနိုင်ငံ အနေအထားနှင့် ထိုင်း-စင်္ကာပူ အနေအထားကို နှိုင်းယှဉ်ကြည့်ပါက အလွန်ကွာခြားသွားပြီကို တွေ့နိုင်ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်ထားကြသော အင်အားစုများ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဖက် အင်အားစုများ၊ အုပ်ချုပ်ရေး အင်အားစုများ၊ အုပ်ချုပ်ခံ လူတန်းစားများ အရှေ့တောင်အာရှ၏ ကျားကြီးကနေ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်ကို ပြန်လည်သုံးသပ်ကာ သင်ခန်းစာယူ၍ အနာဂတ် မြန်မာနိုင်ငံကို ဘယ်လိုတည်ဆောက်ကြမလဲ အဖြေရှာသင့်သည်။
လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းရှိ အင်အားစုများသည် သင်ခန်းစာများယူ၍ နိုင်ငံကို တည်ဆောက်ရန် ကြိုးပမ်းရမည့်အစား ဒီမိုကရေစီ-ဖက်ဒရယ်ဆိုသော စကားလုံးကို ပါးစပ်ဖျားက မချဘဲ စည်းရုံးရေး သပ်သပ် ကြွေးကြော်နေကြပြီး အတွေးအခေါ် ဦးနှောက်ထဲမှာတော့ အကျိုးစီးပွားအတွက် တည်ဆောက်နေကြသည်ဟု ထောက်ပြလာနေကြသည်။
ထို့ကြောင့် ဒီမိုကရေစီ တကယ် တည်ဆောက်လိုပါသလား၊ ဖက်ဒရယ်ပြည်ထောင်စုကို တကယ်တည်ဆောက် လိုပါသလားဆိုသော အတွေးပေါင်း မြောက်များစွာနှင့် သံသယပေါင်းများစွာ လူထုကြားထဲ ပေါ်ပေါက်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော လက်နက်ကိုင်ထားသော အင်အားစုများသည် ဖက်ဒရယ်တည်ဆောက်နိုင်ရေး ညှိနှိုင်းနေ ကြရာမှာ နှစ်ပေါင်းဆယ်စုနှင့်ချီလာသည့်တိုင် သေချာရေရာသော အခြေအနေရအောင် မယူနိုင်သေးသည့် အချိန်မှာပဲ ၊ ဖက်ဒရယ်ထက် ကျော်လွန်သော စဉ်းစားချက်များနှင့် လိုအပ်ပါက နိုင်ငံထူထောင်နိုင်ရေး ပြင်ဆင် ထားရန်ဆိုသော စဉ်းစားပြင်ဆင်နေမှုများပါ ရှိလာနေသည်။
ထို့အပြင် ဒီမိုကရေစီ ကာကွယ်ထိန်းသိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ စစ်အာဏာရှင် အမြစ်ဖြုတ်ရေး၊ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုသော ကြွေးကြော်မှုများဖြင့် လျှောက်လှမ်းခဲ့သော်လည်း လက်တွေ့မြေပြင်မှာတော့ တွေ့ဆုံဆွေးနွေးရေးကို သွားနေကြရပြီး ကိုယ်ရရှိထားသော အနေအထားအတွက် ပိုင်နိုင်အောင် ကြိုးပမ်းနေကြသည်ကို တွေ့လာရသည်။
မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီ၊ ဖက်ဒရယ်ဆိုသော ပါးစပ်ဖျားက စည်းရုံးရေး စကားသည် အသက်/သွေးချွေး နှင့်ရင်းနှီးကြရသော်လည်း ဦးနှောက်ထဲက အကျိုးစီးပွားကို မြင်တွေ့လာရသောအခါမှာတော့ ဥပေဏ္ခာပြုခံရပြီး သမိုင်းဖြစ်သွားကြသည်။
ကမ္ဘာ့ပေါ်တွင် နိုင်ငံပေါင်း ၁၉၂ နိုင်ငံရှိသည့်အနက် ဖက်ဒရယ်စနစ်ကို ကျင့်သုံး၍ ထူထောင်ထားသော နိုင်ငံမှာ နိုင်ငံပေါင်း ၂၈ သာရှိသည်။
ထိုနိုင်ငံများအနက် တချို့သော နိုင်ငံများသည် ပြန်လည်၍ ပြည်တွင်းစစ်ဖြစ်ပွားနေသလို ခွဲထွက်ရေး တောင်းဆိုမှု ပြဿနာများလည်း ယနေ့အထိ မဖြေရှင်းနိုင်ဘဲ ဖြစ်နေသည်။
ဥပမာ- အိန္ဒိယ၊ အီသီယိုပီးယား၊ ဆိုမာလီယာ၊ အီရတ်၊ ပါကစ္စတန်၊ ဆူဒန် စသည့် နိုင်ငံများကို လေ့လာကြည့် နိုင်ပါသည်။
ယခုကဲ့သို့သော တိုင်းပြည် အခြေအနေကို ဘယ်လိုနည်းလမ်း ရှာဖွေကုစားကြမည်နည်း။ တချို့ကတော့ ရွေးကောက်ပွဲ ကျင်းပပြီး လူတစ်ဦးတည်းမှာ ရှိနေသော အာဏာသုံးရပ်ကို ဖြန့်ခွဲ၍ အရပ်သားအစိုးရ ပေါ်ပေါက် သည့်အခါမှာ ထွက်ပေါက်တစ်ခု ရှာဖွေရန် စဉ်းစားလျက်ရှိသည်။
တချို့ကတော့ အပြုတ်တိုက်ပြီးတော့မှ အခင်းအကျင်းသစ် တစ်ခုကို ရှာဖွေ တည်ဆောက်ကြရန် စဉ်းစားနေကြ သည်။
တချို့ကတော့ ရွေးကောက်ပွဲ ကျင်းပပြီး ထွက်ပေါက်တစ်ခု ရှာဖွေမည်ဆိုသော အင်အားစုများသည် ရွေးကောက် ပွဲ ကျင်းပပြီးလို့မှ ၎င်းတို့ပြောသည့် ထွက်ပေါက်ကို ရှာဖွေမတည်ဆောက်နိုင်ဘူးဆိုပါက မည်ကဲ့သို့ တာဝန်ခံမလဲ မေးခွန်းထုတ်နေကြသည်။
တချို့ကတော့ အပြုတ်တိုက်ရေးဆိုသော စဉ်းစားချက်မှာ လက်တွေ့ဖြစ်နိုင်ခြေ အလွန်နည်းပါးသည့်အတွက် အပြုတ်မတိုက်နိုင်ဘဲ ဆွေးနွေးပွဲကို သွားကြသည့်အခါမှာ အသက်ပေးခဲ့ရသူများအတွက် အပြုတ်တိုက်ရေး ကြွေး ကြော်ခဲ့သူများ မည်ကဲ့သို့ တာဝန်ခံမလဲ မေးခွန်းထုတ်နေကြသည်။
အဆိုပါ အခြေအနေများကြားမှာ မြန်မာနိုင်ငံသူ/သားများသည် အုပ်ချုပ်သူ လူတန်းစားများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ လက်နက်ကိုင်ထားသော အင်အားစုများအပေါ် တဖြေးဖြေးဖြင့် ယုံကြည်မှုများ ကင်းမဲ့ လာပြီး တိုင်းပြည်ကနေ ထွက်ခွာနိုင်အောင်သာ ကြိုးပမ်းလာခဲ့ကြသည်။ မြန်မာနိုင်ငံက ထွက်နိုင်မှ သူတို့၏ အနာဂတ်ကို ရှာဖွေနိုင်မည်ဟု မြင်လာခဲ့ကြသည်။
ထို့ကြောင့် ပါးစပ်ဖျားက ဖက်ဒရယ်၊ ဒီမိုကရေစီနှင့် ဦးနှောက်က အကျိုးစီးပွားဆိုသော တည်ဆောက်မှု လမ်းကြောင်းကို သွားနေသည်ဟု လူထုက ယူဆလာနေပြီဖြစ်သည်။ ထိုယူဆချက်ကို မည်ကဲ့သို့ ပြန်လည် ကုစားကြမည်နည်း။