CNI Article
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅
အိန္ဒိယနိုင်ငံသည် ဗြိတိသျှကိုလိုနီ အုပ်ချုပ်မှုအောက်ကနေ ၁၉၄၇ ခုနှစ်၊ သြဂုတ် ၁၅ ရက်တွင် လွတ်လပ်ရေး ရယူခဲ့ပြီး ၃ နှစ် ဒိုမီနီယံအဖြစ် နေထိုင်ကာ ၁၉၅၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် ၂ နှစ်နီးပါးကြား ရေးဆွဲခဲ့သော အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးမြောက်ကာ ကျင့်သုံးခဲ့သည့်အခါမှာတော့ အိန္ဒိယနိုင်ငံသည် သီးခြား လွတ်လပ်သော နိုင်ငံဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံသည်လည်း ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ဗြတိသျှကိုလိုနီ အုပ်ချုပ်မှုအောက်ကနေ လွတ်လပ်ရေး ရယူခဲ့သည်။
ထို့ကြောင့် အိန္ဒိယနှင့် မြန်မာသည် သမိုင်းအရ တချို့ အစိတ်အပိုင်းများနှင့် အခြေအနေများသည် တူညီမှုများ ရှိသလို လူမျိုးများသည်လည်း ရောယှက်နေထိုင်လျက်ရှိနေသည်။
ဥပမာ- ကသည်း၊ နာဂ၊ ရှမ်း၊ ချင်း စသည့် တိုင်းရင်းသား လူမျိုးများသည် အိန္ဒိယနိုင်ငံမှာရော၊ မြန်မာနိုင်ငံမှာရော နေထိုင်လျက်ရှိသလို နာဂလန်း၊ မဏိပူရ်၊ မီဇိုရမ်၊ အာရုနာချာပရာဒေ့ရှ်ပြည်နယ်များသည်(အရင်က အာသံ ပြည်နယ်နှင့် မဏိပူရ်ပြည်နယ်သာရှိခဲ့) မြန်မာဘုရင်၏ လက်အောက်မှာလည်း ရှိခဲ့ဖူးသည်။ ယခုအခါမှာတော့ အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းဖြစ်သည်။
အလားတူ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော ဥပဒေအများစုသည် အိန္ဒိယနိုင်ငံက ပြဋ္ဌာန်းထားသည့် ဥပဒေများ ကနေ ဆင်းသက်လာသည်ဟုလည်း ဆိုကြခြင်းကြောင့် အိန္ဒိယနှင့်မြန်မာသည် သမိုင်းကြောင်းအရ တူညီမှု တချို့ ရှိသည်ဟု ဆိုကြခြင်း ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားအရေး ဖြေရှင်းရန်အတွက် အိန္ဒိယနိုင်ငံ ကို ဥပမာထား လေ့လာ၍ ဖြေရှင်းရန် ကြိုးပမ်းနေသလို တပ်မတော်အကြီးအကဲများသည်ပင် အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်ကို လေ့လာကာ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သင့်သည်ဟု ပြောဆိုလာခဲ့ သည်။
ဤသို့သော အခြေအနေအရ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးစနစ်များကို လေ့လာရန် လိုအပ် လာခြင်းကြောင့် မိမိအနေဖြင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိစဉ်က လေ့လာခဲ့ရသော အခြေအနေများကို ပြန်လည် မျှဝေလိုသည်။
အိန္ဒိယနိုင်ငံကို ၂၀၁၈ ခုနှစ်၊ မေလက သွားရောက်ခဲ့ပြီး တစ်ပတ်ကျော်လောက် နေထိုင်ကာ အိန္ဒိယနိုင်ငံ၏ နိုင်ငံရေး အခြေအနေများနှင့် တိုင်းရင်းသား အခွင့်အရေးများ ဖော်ဆောင်ပေးထားသော အခြေအနေများကို လေ့လာခွင့်ရခဲ့သည်။
အိန္ဒိယနိုင်ငံသို့ ရောက်သည့် အခါမှာတော့ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းရင်းသား အခွင့်အရေး များ ပေးထားချက်များကို လေ့လာခွင့် ရရှိခဲ့သည်။
ထိုလေ့လာမှုများကို နယူးဒေလီမြို့ အပါအဝင် ကသည်း-အာသံ-နာဂ လက်နက်ကိုင်များ လှုပ်ရှားသည့် မဏိပူရ် ပြည်နယ်၊ အင်ဖာနှင့် မိုရေးမြို့များတွင် နေထိုင်ကာ လေ့လာခဲ့ရသည်။
ကသည်း ဘုရင်နဲ့စစ်သူကြီးများကို ပြတိုက်အတွင်းမှာတွေ့ရစဉ်
အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုပေါင်းစုံဝါဒ
***********************************
အိန္ဒိယနိုင်ငံသည် ပြည်ထောင်စုနယ်မြေ ၇ ခု၊ ပြည်နယ် ၂၈ ပြည်နယ်ရှိသည့်အနက် လူမျိုးစုပေါင်း ၂၀၀ ဝန်းကျင် စုပေါင်းနေထိုင်သော နိုင်ငံကြီး တစ်ခုဖြစ်သည်။
အလားတူ ဘာသာပေါင်းစုံနှင့် ဘာသာစကားပေါင်းစုံ ဖြစ်သည့်အတွက် အရောင်အသွေး စုံလင်လှသည်။ ဘာသာ စကားများကလည်း အများအပြား ပြောဆိုကြသည်။
ရုံးသုံးဘာသာကိုတော့ ဟိန္ဒူနှင့် အင်္ဂလိပ် ဘာသာစကားတို့ကို ပြဋ္ဌာန်း သတ်မှတ်ထားပြီး အမျိုးသား လက္ခဏာ ဖြင့် ဖွဲ့စည်းထားသည့် ပြည်နယ်များတွင်မူ ပြည်နယ်အတွင်းရှိ လူမျိုးစုများ၏ ဘာသာစကားကိုလည်း ဟိန္ဒူ-အင်္ဂလိပ် ဘာသာစကားတို့ဖြင့် တွဲဖက်ကာ ရုံးသုံး ဘာသာစကား အနေဖြင့် သုံးစွဲခွင့် ပြုထားသည်။
ဥပမာ နာဂလန်းပြည်နယ်ဆိုလျှင် ဟိန္ဒူ၊ အင်္ဂလိပ်၊ နာဂ ဘာသာစကား သုံးမျိုးကို ရုံးသုံးအဖြစ် သတ်မှတ်ပြီး မဏိပူရ်ပြည်နယ်တွင် ဟိန္ဒူ၊ အင်္ဂလိပ်၊ ကသည်း ဘာသာစကားတို့အား ရုံးသုံးအဖြစ် သတ်မှတ်ကာဆောင် ရွက်ကြသည်။
ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် ရုံးသုံး ဘာသာစကားအဖြစ် ဟိန္ဒူ၊ အင်္ဂလိပ် (အဓိက ဘာသာစကား) အပါ ဘာသာ စကား ၁၄ မျိုး ပြဋ္ဌာန်းထားကြောင်း သိရသည်။
ထို့နောက် တိုင်းရင်းသား မျိုးနွယ်စုများ၏ အထင်ကရ အဆောက်အအုံများ၊ ရုပ်တုများ၊ သက်မဲ့ အရာဝတ္ထုများ ကိုလည်း သက်ဆိုင်ရာ မျိုးနွယ်စုများအား ထိန်းသိမ်းစောင့်ရှောက်ခွင့် ပြုပေးထားသည်။
မဏိပူရ်ပြည်နယ် အင်ဖာမြို့တွင် ကသည်းဘုရင် HIJAGANG ၏ နန်းတော်ဟောင်း(ကန်ဂလာခံတပ်)နှင့် ကသည်း စစ်သူကြီး PRONA BRAJABASI ကို ဂုဏ်ပြုထားသော စစ်သမိုင်းပြတိုက်များကို ကသည်းလူမျိုးများအား စောင့်ရှောက်ခွင့် ပေးထားသည်။
သို့သော် ယနေ့ချိန်ထိ အိန္ဒိယနိုင်ငံတွင် ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားဆက်ဆံသည့် အခြေအနေကို မဖြေရှင်း နိုင်သေးသလို ဟိန္ဒူနှင့် အစ္စလာမ်ကြား စည်းလုံးညီညွတ်ရေးကိုလည်း မတည်ဆောက်နိုင်သေး သည်ကိုလည်း တွေ့ရပြန်သည်။
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုပေါင်းစုံဝါဒ
*************************************
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများ ပုဒ်မ (၃) နိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။
ပုဒ်မ (၂၁) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့်ရှိသည်ဟု ဆိုထားသည်။
ထို့နောက် ပုဒ်မ ၂၂ (က)နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုး တိုးတက်စေရန် ကူညီဆောင်ရွက်မည်၊ (ခ) တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည် လေးစား ရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်ဟုလည်း ဆိုထားသည်။
ထို့ပြင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်များ လက်မှတ်ထိုးထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)၏ အခန်း(၁) အပိုဒ်-၁ (စ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာ စကားနှင့် အမျိုးသား လက္ခဏာများ မတူကွဲပြားမှုကို လက်ခံ အသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာစကား ပေါင်းစုံတို့ဖြင့် ပြည်ထောင်စု လက္ခဏာ တစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင်ရန်ဟု သဘောတူညီ ထားသည်။
သို့သော် ၂၀၂၀ ခုနှစ်၊ သြဂုတ် ၁၉ ရက်မှ ၂၁ ရက်ထိ ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေးတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၏ ဥက္ကဋ္ဌလည်းဖြစ် (NCA)ထိုး ထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ရှမ်းတိုင်းရင်းသားသည် မိန့်ခွန်းပြောရာမှာ မိခင် ရှမ်းဘာသာစကားဖြင့် ပြောလိုသည့်တိုင် အစိုးရဘက်က ခွင့်မပြုခဲ့ဘဲ ဗမာစကားဖြင့်သာ မိန့်ခွန်းပြောခဲ့ရသည်။
ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များဖြင့် ကွဲလွဲနေသကဲ့သို့ အစိုးရ၊ တပ်မတော်၊ လက်နက် ကိုင်များ သဘောတူ လက်မှတ်ထိုးထားသည့် NCA စာချုပ်ပါ သဘောတူညီချက်များဖြင့်လည်း ကွဲလွဲနေသည်။
မဏိပူရပြည်နယ်က အာဇာနည်ဗိမာန်မှာ ကသည်းစကား၊ အင်္ဂလိပ်စကား၊ ဟိန္ဒိူစကားတို့ကို ရေးသားထားစဉ်
အိန္ဒိယ၏ တည်ငြိမ်မှု ဆောင်ရွက်ပုံ
*********************************
အိန္ဒိယနိုင်ငံသည် နာဂလန်းပြည်နယ်၊ မဏိပူရ်ပြည်နယ်၊ အာသံပြည်နယ်၊ အရုနာချာပရာဒေ့ရှ်ပြည်နယ်၊ မီဇိုရမ် ပြည်နယ်တို့ ပါဝင်သည့် အရှေ့မြောက်ပြည်နယ် (၇)ခုတွင် ကသည်း၊ နာဂ၊ အာသံ ၊ ဘိုဒိုလန် လက်နက်ကိုင် အဖွဲ့ များ၏ ခွဲထွက်ရေး လှုပ်ရှားမှုများဖြင့် ရင်ဆိုင်နေရသည်။
အလားတူ ကက်ရှ်မီးယားပြည်နယ်၊ ပန်ဂျပ်ပြည်နယ်တို့တွင်လည်း ဆစ်လူမျိုးများနှင့် မူဆလင် လက်နက်ကိုင် များ၏ ခွဲထွက်ရေး ကြိုးပမ်းမှုများဖြင့် ရင်ဆိုင်နေရသည်။
အဆိုပါ ခွဲထွက်ရေး ကြိုးပမ်းမှုများကို အိန္ဒိယနိုင်ငံသည် အာသံ ရိုင်ဖက်တပ်၊ အထူးတပ်၊ ရဲ၊ အထူးရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်များဖြင့် တည်ငြိမ်အေးကို ဆောင်ရွက်လျက်ရှိသည်။
မဏိပူရ်ပြည်နယ် ၊ အင်ဖာမြို့ အတွင်းမှာဆိုရင် အာသံရိုင်ဖယ်တပ်၊ အထူးတပ်၊ ရဲ၊ အထူးရဲတပ်ဖွဲ့များသည် ၂၄ နာရီ လုံခြုံရေးသတိဖြင့် ဆောင်ရွက် လျက်ရှိသလို တချို့က ကားဖြင့် မြို့တွင်းပတ်ကာ လုံခြုံရေး ဆောင်ရွက် လျက်ရှိသည်။
တဖက်မှာလည်း လက်နက်ကိုင်များဖြင့် အိန္ဒိယအစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိသည်။
နာဂလက်နက်ကိုင် ၅ ဖွဲ့နှင့် အိန္ဒိယအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် အိုက်ဇက်-ဗွီးဗာတို့ ဦးဆောင်သည့် NSCN-IM နှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်မှုကို ပိုမိုအာရုံစိုက် ဆောင်ရွက်နေသည်ကို တွေ့ရသည်။
ဤသို့ ငြိမ်းချမ်းရေးကို တစ်ဖက်မှာ ဆောင်ရွက်နေသကဲ့သို့ တဖက်မှာလည်း မြို့တွင်းနှင့် ပြည်နယ် လုံခြုံရေးကို အထက်ပါအတိုင်း ဆောင်ရွက်လျက်ရှိသလို ဘဏ်များ ဓားပြမတိုက်ခံရအောင် ဘဏ်လုံခြုံရေးများကို သေနတ် များ ကိုင်ဆောင်ခွင့် ပြုထားသည်ကိုလည်း တွေ့ရသည်။
ထို့နောက် ဗဟိုအစိုးရကို တော်လှန်တိုက်ခိုက်နေသော လူမျိုးစု လက်နက်ကိုင်အဖွဲ့များ၏ မျိုးနွယ်တူ လူမျိုးများ ကို အစိုးရအဖွဲ့ထဲမှာ ရာထူးကြီးကြီးများပေးကာ တန်တူးရေးကို ဖော်ဆောင်ပေးထားခြင်းဖြင့် တည်ငြိမ်ရေးကို ဆောင်ရွက်ထားသလို လက်နက်ကိုင် တိုက်ခိုက်နေသော မျိုးနွယ်တူသူများကို ပြည်နယ်တွင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ပေး၍လည်း အချင်းချင်း ပြန်လည်ထိန်းကြောင်းစေခိုင်းကာ တည်ငြိမ်အေးကို ဆောင်ရွက်ထားသည်ကို တွေ့ရသည်။
အိန္ဒိယ လက်နက်ကိုင်တပ်ဖွဲ့များကို ဘယ်လိုထိန်းထားလဲ
***************************************************
အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ ကာကွယ်ရေးဦးစီးချုပ်သည် သမ္မတဖြစ် သည်။ သို့သော်လည်း ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ကမ်းခြေစောင့်တပ်များကိုမူ ကာကွယ်ရေးဝန်ကြီးဌာန က စီမံခန့်ခွဲကြောင်း သိရသည်။
ထို့ပြင် လက်နက်ကိုင်ရဲတပ်ဖွဲ့များ၊ တပ်မတော်အရန်တပ်ဖွဲ့များ၊ ဗဟိုလက်နက်ကိုင်ရဲတပ်ဖွဲ့များ၊ အခြား အထူး တပ် တချို့ကို ပြည်ထဲရေးဝန်ကြီးဌာနက ထိန်းချုပ်ကွပ်ကဲလေ့ရှိသလို တချို့သော အထူးတပ်ဖွဲ့များကိုမူ နိုင်ငံခြား ရေးဝန်ကြီးဌာန လက်အောက်ရှိ ထောက်လှမ်းရေးဌာနအောက်တွင် ထားရှိကြောင်း သိရသည်။
နယ်စပ်လုံခြုံရေးတပ်ဖွဲ့(BSF)၊ ဗဟိုစက်မှုလုပ်ငန်း လုံခြုံရေးတပ်ဖွဲ့(CIF)၊ ဗဟိုအရန်ရဲတပ်ဖွဲ့(CRPF)၊ အိန္ဒိယ-တိဘက်နယ်စပ်ရဲ(ITBP)၊ အမျိုးသားလုံခြုံရေးအစောင့်တပ်(NSG)၊ နယ်စပ်ထောက်လှမ်းရေးတပ်( SSB)၊ အမျိုးသားသဘာဝဘေးအန္တရာယ် တုန့်ပြန်မှုတပ်ဖွဲ့(NDRF)၊ အမြန်လှုပ်ရှားတပ်ဖွဲ့(RAF)၊ မဆုတ်မနစ် အရေးယူ ပေးသော ကွန်မန်ဒိုတပ်ရင်း(COBRA) စသည့် လက်နက်ကိုင်တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသော ဗဟို လက်နက်ကိုင် ရဲတပ်ဖွဲ့များ(Central Armed Police Forces)ကို ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာထားသည်။
တခြားသော အသေးစိတ်များကိုတော့ ဒေါက်တာဆလိုင်းငွေကျုံးလျန်ရေးသည့် ဖက်ဒရယ်နိုင်ငံ(၅) နိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ စာအုပ်ကို ဖတ်ကြည့်ပါ။
ကသည်းစစ်သူကြီးရဲ့ သမိုင်းပြတိုက်အဝင် မုခ်ဦးကိုတွေ့ရစဉ်
မြန်မာနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များကို ဘယ်လိုထိန်းထားလဲ
**********************************************************
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ (ခ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်၊ (ဂ)တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင် တပ်ဖွဲ့ အားလုံး၏ အကြီးအကဲ ဖြစ်သည်ဟု ဆိုထားသည်။
အလားတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့ကို ခန့်အပ်ပိုင်ခွင့်ရှိ ရရှိထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အုပ်ချုပ်ပုံစနစ်ကို မနှစ်သက်၍ တော်လှန်တိုက်ခိုက်နေသော လူမျိုးစု လက်နက် ကိုင် အဖွဲ့များကတော့ တပ်မတော်၏ ကွပ်ကွဲမှုအောက်မှာ မရှိပေ။
သို့သော် တိုင်းရင်းသား လက်နက်ကိုင်များကနေ ငြိမ်းချမ်းရေးယူ၍ နယ်ခြားစောင့်တပ်(BGF)နှင့် ပြည်သူ့စစ် (ပသစ)အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သော လက်နက်ကိုင်တပ်ဖွဲ့များကတော့ တပ်မတော်၏ ကွပ်ကွဲမှုအောက်မှာ တည်ရှိသည်။
အလားတူ မိမိဘာသာ ပြည်သူ့စစ်(ပသစ)အဖြစ် ဖွဲ့စည်းထားသည့် လက်နက်ကိုင် တပ်ဖွဲ့များသည်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကွပ်ကဲမှုအောက်မှာ ရှိသည်။
မဏိပူရပြည်နယ် အင်ဖာမြို့မှာ လုံခြုံရေးချထားစဉ်
အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုအာဏာ ခွဲဝေပေးထားမှု
***************************************************************
အိန္ဒိယနိုင်ငံတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဗဟိုက ဆောင်ရွက်ရမည့် ဥပဒေများနှင့် ပြည်နယ်များက ဆောင်ရွက်ရမည့် ဥပဒေများကို ခွဲခြားသတ်မှတ်ပေးထားသလို ပြည်ထောင်စု-ပြည်နယ်များ ပူးတွဲကျင့်သုံးရမည့် အရေးကိစ္စများကိုလည်း ပိုင်းခြားပေးထားသည်။
အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် သြစတေးလျ၊ ဗြိတိန်၊ အမေရိကန်နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များထဲက ဆိုးကျိုးကောင်းကျိုးများကို လေ့လာသုံးသပ်၍ ၂ နှစ်နီးပါးကြာအောင် ရေးဆွဲကာ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုအာဏာခွဲဝေရေးကို (၃)မျိုး ခွဲခြားထားသည်ကို တွေ့ရသည်။
ပြည်ထောင်စု ဥပဒေပြုစာရင်း၊ ပြည်နယ် ဥပဒေပြုစာရင်း၊ ပြည်ထောင်စု-ပြည်နယ် ပူးတွဲ ဥပဒေပြုစာရင်း စသဖြင့် ခွဲခြားထားသည်။
ထိုဥပဒေပြု အာဏာခွဲဝေရေး (၃) မျိုးတွင် ပြည်ထောင်စုက ဥပဒေပြု ဆောင်ရွက်နိုင်သည့်ကိစ္စ (၉၇)မျိုးရှိပြီး ပြည်နယ်များက ဥပဒေပြုဆောင်ရွက်နိုင်သည့်ကိစ္စ (၆၆)မျိုး၊ ပြည်ထောင်စု-ပြည်နယ် ပူးတွဲဥပဒေပြုနိုင်သည့် ကိစ္စ(၄၇)မျိုးရှိသည်။
ပြည်ထောင်စု ကာကွယ်ရေး၊ ကြည်းတပ်- ရေတပ်- လေတပ်ဆိုင်ရာများ၊ အနုမြူစွမ်းအား၊ စစ်ကြေညာခြင်း၊ နိုင်ငံ သား ဖြစ်မှု၊ မီးရထားပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်း၊ နိုင်ငံခြားဆက်ဆံရေး၊ ဘဏ်လုပ်ငန်း၊ ငွေကြေးစနစ်၊ နိုင်ငံခြား ကုန်သွယ်ရေး၊ ပြည်ထောင်စု ပြည်သူ့လုပ်ငန်းဆောင်ရွက်မှု စသည့် အရေးကြီး ကိစ္စရပ်များသည် ပြည်ထောင်စုက ဥပဒေပြု ဆောင်ရွက်နိုင်သည့်ကိစ္စ(၉၇)မျိုးတွင် ပါဝင်သည်။
ပြည်နယ်ငြိမ်ဝပ်ပိပြားရေး၊ ဒေသန္တရအစိုးရ၊ ရဲ၊ အကျဉ်းထောင်နှင့် စာရိတ္တ ပြုပြင်ရေး စခန်းများ၊ ပြည်သူ့ ကျန်းမာ ရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ရေပေးဝေရေး၊ ငါးဖမ်းလုပ်ငန်း၊ ပြည်နယ်အတွင်း ကူးသန်းရောင်း ဝယ်ရေး၊ စိုက်ပျိုး ရေးအခွန် စသည့် ကိစ္စရပ်များသည် ပြည်နယ်များက ဥပဒေပြု ဆောင်ရွက်ခွင့်ရှိသည့်ကိစ္စ(၆၆)မျိုး၌ ပါဝင်သည်။
ရာဇဝတ်မှုဆိုင်ရာနှင့် လုပ်ထုံးလုပ်နည်းများ၊ လက်ထပ်ထိမ်းမြားခြင်းနှင့် ကွာရှင်းပြတ်စဲခြင်း၊ ပစ္စည်းလွှဲပြောင်း ပေးခြင်း၊ စာချုပ်စာတမ်းများ(ပဋိဉာဉ်)၊ ဒေဝါလီခံမှု၊ တရားစစ်ဆေးစီရင်ရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်း များ၊ သစ်တောဆိုင်ရာများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ သတင်းစာနှင့်စာနယ်ဇင်းများ စသည့် ကိစ္စရပ်များသည် ပြည်ထောင်စု-ပြည်နယ်ပူးတွဲဥပဒေပြု ဆောင်ရွက်နိုင်သော ကိစ္စရပ် (၄၇)မျိုးထဲတွင် ပါဝင်သည်။
အဆိုပါ ဥပဒေပြုအာဏာ ခွဲဝေမှုတွင် ပြည်ထောင်စုနှင့် ပြည်နယ်အကြား တစ်စုံတစ်ရာ ပြဿနာ ရှိလာပါက ပြည်ထောင်စုပါလီမန်မှပြုသည့် ဥပဒေသည်သာ အတည်ဖြစ်ပြီး ပြည်နယ်၏ ဥပဒေပြုမှု ပျက်ပြယ်သွားသည်ဟု အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းထားခြင်းကြောင့် ပြည်ထောင်စုကပြုသည့် ဥပဒေသည် ပြည်နယ် ကပြုသည့် ဥပဒေအပေါ် လွှမ်းမိုးသွားလေ့ရှိသည်။
အထက်ပါ အခြေအနေများကို လေ့လာကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အိန္ဒိယနိုင်ငံ အစိတ်အပိုင်းနှင့် ဖော်ဆောင်နေသော စနစ်များထဲက မည်သည့် အစိတ် အပိုင်းတချို့ကို ကိုးကား ရယူမလဲဆိုသည့်အပေါ် စဉ်းစားနိုင်မည်ဟု ထင်မိပါသည်။
#အကိုးအကား
- ဖက်ဒရယ်ရေးရာ(စာအုပ်)
-ဖက်ဒရယ်နိုင်ငံ(၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ(စာအုပ်)
- တွေ့ဆုံမေးမြန်းခြင်း
-အိန္ဒိယနိုင်ငံသား ပရောဖက်ဆာ Mr.Horam နှင့် ဆွေးနွေးခြင်း